ရီးယဲလ်အသင်းနဲ့ Adidas တို့ ယူရိုသန်း (၁,၁၀၀) တန် စပွန်ဆာစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ

ရီးယဲလ်အသင်းနဲ့ Adidas တို့ ယူရိုသန်း (၁,၁၀၀) တန် စပွန်ဆာစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်းနှင့် Adidas ကုမ္ပဏီတို့ဟာ လာမယ့် ၁၀ နှစ်သက်တမ်းအတွက် အနည်းဆုံး ယူရို ၁.၁ ဘီလီယံ (ဒေါ်လာ ၁.၂၆ ဘီလီယံ) တန် စပွန်စာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

Adidas ကုမ္ပဏီဟာ လက်ရှိစပွန်ဆာစာချုပ်အဖြစ် ရီးယဲလ်အသင်းကို တစ်နှစ်လျှင် ယူရို ၅၂ သန်း ပေးနေပြီး စာချုပ်သစ်မှာ တစ်နှစ်လျှင် ယူရိုသန်း ၁၁၀ ပေးမှာဖြစ်လို့ ၂ ဆကျော် တိုးမြှင့်ပေးအပ်တာဖြစ်ပါတယ်။

ဒါ့အပြင် ဆုဖလားရရှိမှုအပေါ်မူတည်ပြီး တစ်နှစ်လျှင် ယူရိုသန်း ၁၅၀ အထိ တိုးမြှင့်ရရှိမယ့်အချက်လည်း စာချုပ်မှာ ပါဝင်တယ်လို့ သိရပါတယ်။ စာချုပ်သက်တမ်းကတော့ ၂၀၂၀ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိဖြစ်ပါတယ်။

ဒါ့ကြောင့် ရီးယဲလ် နဲ့ Adidas တို့ရဲ့ စာချုပ်သစ်မှာ ဘောလုံးလောကရဲ့ တန်ဖိုးအကြီးဆုံး ဝတ်စုံစပွန်ဆာဖြစ်လာမှာဖြစ်ပါတယ်။

Adidas ဟာ ရီးယဲလ်အသင်းကို ၁၉၉၈ ခုနှစ်ကတည်း တောက်လျှောက် စပွန်ဆာပေးခဲ့ပြီး အစောပိုင်း ၁၉၈၁ နဲ့ ၁၉၈၆ ခုနှစ်ကြားမှာလည်း အသင်းနဲ့ ပူးပေါင်းခဲ့ပါတယ်။

တခြားအမှတ်တံဆိပ်တွေဖြစ်တဲ့ Nike နဲ့ Under Armour တို့ကလည်း ရီးယဲလ်အသင်းကို ချဉ်းကပ်မှုပြုလုပ်ခဲ့တဲ့အတွက် ဂျာမန်ကုမ္ပဏီ Adidas က လက်ဦးမှုရယူခဲ့တာလည်းဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ နောက်ဆုံး ၁၀ နှစ်အတွင်း လာလီဂါအမှတ်ပေးဖလား ၂ ကြိမ်သာ ရရှိခဲ့လို့ အနည်းငယ် စိတ်ပျက်စရာဖြစ်ခဲ့သလို အလားတူ စပိန်ဘုရင့်ဖလားကိုလည်း ၁၉၉၃ ခုနှစ်နောက်ပိုင်း ၂ ကြိမ်သာရှိခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဖလားကိုတော့ နောက်ဆုံး ၅ ရာသီမှာ ၄ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တာကြောင့် သူတို့ရဲ့ အနေအထားဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အထွတ်အထိပ်မှာ ဆက်လက်ရပ်တည်နေပါတယ်။

ဒါပေမယ့် ရီးယဲလ်အသင်းဟာ မကြာသေးခင် နှစ်များအတွင်း အပြောင်းအရွှေ့စျေးကွက်မှာ ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း ဆိုးရွားခဲ့ပြီး ကလပ်အသင်းရဲ့ နေရာအများစုကို ထိခိုက်မှုရှိခဲ့တာကြောင့် နည်းပြ လိုပယ်တီဂူကို ထုတ်ပယ်ခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေးအပိုင်းမှာတော့ အားကောင်းမြဲအားကောင်းဆဲဖြစ်ပါတယ်။

Ref; Bleacher Report, Marca

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly