အောင်လအန်ဆန်၏ ခြေရာနင်းနိုင်ရန် ဖိုးသော် မျှော်လင့်

အောင်လအန်ဆန်၏ ခြေရာနင်းနိုင်ရန် ဖိုးသော် မျှော်လင့်
ဓာတျပုံ - သကျကို

 မြန်မာနိုင်ငံသားဖိုးသော်သည် ၎င်းနောက်ဆုံးထိုးသတ်ခဲ့သောပွဲကို ရှုံးနိမ့်ခဲ့သော်လည်း ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၏ ခြေရာလိုက်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

ပြီးခဲ့သည့် သောကြာ၊ အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ခဲ့သော ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီးတွင် အသက် ၃၃ နှစ် အရွယ်ရှိပြီဖြစ်သည့် ဖိုးသော်သည် မလေးရှားနိုင်ငံသားကစားသမား Keanu Subba နှင့် ဖယ်သာဝိတ်တန်းပြိုင်ပွဲအဖြစ် ထိုးသတ်ခဲ့ပြီး ပထမအချီတွင်ပင် လည်ပင်းချုပ်ကွက်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဤရှုံးပွဲသည် ဖိုးသော်အတွက် ပရော်ဖက်ရှင်နယ်ကစားကိုယ်ခံပညာကစားသမားသက်တမ်းတလျှောက် ပထမဦးဆုံး ရှုံးပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ထိုပြိုင်ပွဲပြီးလျှင်ပြီးချင်းပင် ဖိုးသော်အနေဖြင့် ၎င်း၏ စွမ်းရည်များ ပို၍တိုးတက်လာစေရန်အတွက် လေ့ကျင့်မှုများ ချက်ချင်းပြန်လည်လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။ ရန်ကုန်တွင်သာ အခြေစိုက်နေထိုင်လျက်ရှိသော ဖိုးသော်သည် ‘မည်သည့်အခါမျှ အရှုံးမပေး’ ဟူသော ခံယူချက်မျိုးထားရှိသူဖြစ်ကာ ထိုခံယူချက်ကို ‘မြန်မာ့စပါးအုံး’ အောင်လအန်ဆန်ထံမှ သင်ယူလေ့လာထားခြင်းဖြစ်သည်။

ဖိုးသော်အနေဖြင့် ONE ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံကြီး၏ ပြီးခဲ့သော နှစ်များအတွင်း တိုးတက်အောင်မြင်မှုများကို မျက်မြင်တွေ့ရှိထားကာ ထိုခြေရာအတိုင်းလိုက်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

ဖိုးသော်က “ပြီးခဲ့တဲ့ နှစ်တွေထဲမှာ သူ့ရဲ့ ကိုယ်ခံပညာကစားသမားတစ်ယောက်အနေနဲ့ တိုးတက်အောင်မြင်မှုတွေအများကြီးရှိခဲ့တာကို တွေ့ရပါတယ်။ ကိုအောင်လအန်ဆန်က အခုဆိုရင် အရင်ကထက် ပိုတော်တဲ့ ကစားသမားတစ်ယောက်ဖြစ်နေပေမယ့် သူက နေ့စဉ်နေ့တိုင်း ဒီထက် ပိုပြီး တိုးတက်ကောင်းမွန်လာအောင် ကြိုးစားနေပါတယ်။ ကျွန်တော့်အနေနဲ့ သင်ယူလေ့လာစရာတွေအများကြီး ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ရှုံးပွဲက ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်မှာ ပထမဆုံး ရှုံးပွဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီထက်ပိုကောင်းတဲ့ ကိုယ်ခံပညာကစားသမားတစ်ဦးဖြစ်ဖို့ကြိုးစားတဲ့နေရာမှာ ကိုအောင်လက ကျွန်တော့်အတွက် လေးစားအားကျရတဲ့ နမူကောင်းတစ်ခုပဲဖြစ်ပါတယ်” ဟု ဆိုသည်။

၂၀၁၇ ခုနှစ် ဇွန်လတွင် အောင်လအန်ဆန်သည် Vitaly Bigdash ကို အနိုင်ရယူကာ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်လာသောကြော မြန်မာ့အားကစားသမိုင်းတွင် ပထမဦးဆုံး ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်လာခဲ့သည်။

ထိုသို့ ကမ္ဘာ့ချန်ပီယံဖြစ်လာခြင်းကြောင့် အောင်လအန်ဆန်သည် မြန်မာတစ်နိုင်ငံလုံးက လေးစားအားကျရသော သူရဲကောင်းတစ်ဖြစ်လာကာ၊ ဖိုးသော်သည်လည်း အောင်လအန်ဆန်ကို မိတ်ဆွေတစ်ဦးအနေဖြင့်၊ လမ်းညွှန်ပြသပေးသူတစ်ဦးအနေဖြင့် အစဉ်အမြဲ လေးစားအားကျနေခဲ့သည်။

မြန်မာနိုင်ငံသား ဖယ်သာဝိတ်တန်းကစားသမားတစ်ဦးဖြစ်သူ ဖိုးသော်က “ကိုအောင်လက မြန်မာနိုင်ငံမှာ လူတိုင်းလေးစားအားကျရတဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ရတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ကိုယ့်မှာ ကြိုးစားအားထုတ်မှု၊ စိတ်နှစ်မြှုပ်လုပ်ကိုင်မှုတွေရှိမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ကူးအိမ်မက်တွေကို တစ်နေ့မှာ သေချာပေါက် အကောင်အထည်ဖော်နိုင်မှာ သေချာတယ်ဆိုတာကို ကိုအောင်လက သက်သေပြနေတာဖြစ်ပါတယ်။ ကိုအောင်လက လူတိုင်းကို စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တဲ့သူဖြစ်သလို ကျွန်တော့်အတွက်လည်း စိတ်ခွန်အားပေးနိုင်တဲ့သူဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ထူးချွန်တဲ့ ကိုယ်ခံညာကစားမားတစ်ယောက်ဖြစ်လာဖို့တင်မကဘဲ ကြိုးဝိုင်းအပြင်ဘက်မှာလည်း ပိုပြီးကောင်းမွန်တဲ့လူသားတစ်ဦးဖြစ်လာဖို့ ကိုအောင်လဆီက စိတ်ဓာတ်ခွန်အားတွေ ရပါတယ်။” ဟု ဆိုသည်။

“ကိုအောင်လကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ဆိုတာထက်ပိုပြီး ကျွန်တော်ရည်မှန်းချက်တွေရှိလာတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း လူသားတွေကို စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ချင်ပါတယ်။ ကိုအောင်လရဲ့ ခြေရာကိုနင်းပြီးတော့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ပါတယ်။”

ဖိုးသော်သည် ရည်မှန်းချက်ကြီးမားသူတစ်ဦးဖြစ်ကာ Subba ကိုရှုံးနိမ့်ခဲ့ရမှုသည် ၎င်းအတွက် အောင်မြင်မှုအရှိန်အနည်းငယ် ယုတ်လျော့စေခဲ့သော်လည်း မြန်မာနိုင်ငံသား ကိုယ်ခံပညာသိုင်းပေါင်းစုံကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်လာရန်အတွက် ဖိုးသော်အနေဖြင့် ကြိုးပမ်းရာတွင် ထိုအရှုံးကို အားအင်တစ်ရပ်အဖြစ် အသုံးချသွားမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly