အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲအဖွင့်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ် ၆ခုရ

အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲအဖွင့်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ် ၆ခုရ

ရန်ကုန်၊ နိုဝင်ဘာ ၅ ။                  ။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာအသင်း က ရွှေ ၆ခု၊ ငွေ ၃ခုနှင့် ကြေး ၄ ခု စုစုပေါင်း ၁၃ ခုရရှိထားသည်။

 အဆိုပါ မြားပစ်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ကျိုက္ကဆံမြားပစ်အားကစားကွင်းတွင် နိုဝင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့ အထိ ကျင်းပနေခြင်း လည်းဖြစ်သည်။

 နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်းက ယှဉ်ပြိုင်ခဲ့သည့် Compound မြားပစ်ပြိုင်ပွဲ အမျိုးသား တစ်ဦးချင်းပွဲစဉ်တွင်  မြန်မာမှ ဇင်သူရိန်မှူးက ၆၉၈ မှတ်ဖြင့် ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး ဟောင်ကောင်မှ ငွေတံဆိပ်နှင့် ကြေးတံဆိပ် ရရှိခဲ့သည်။

 “ ပြီးခဲ့တဲ့ Sea-Game ကိုပြန်လေ့လာမယ်ဆိုရင် ၇၀၂ မှတ်ကအမြင့်ဆုံးရခဲ့တဲ့အနေအထားရှိခဲ့တယ်ဆိုတော့ Sea-Game ပထမဆုရင်က ၇၀၂ မှတ်ရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့နောက်ထပ် ၃ မှတ် ၄ မှတ် လောက် လိုက်လို့ရှိရင်ကို သေချာပေါက် Sea-Game ကိုကျော်တယ်လို့ပြောလို့ရတယ်။ နောက်သူ့အနေနဲ့ ရွှေအများကြီးမှန်းလို့ရတဲ့အနေအထားရှိတယ်။ပြီးတော့ ရွှေငွေကြေးကိုထည့် စဉ်းစားလို့မရပါဘူး။ ကျွန်တော်တို့ ရထားတဲ့ ရမှတ်တွေကို ပြန်စဉ်းစားမယ်ဆိုရင် Sea-Gmae စံချိန်ကိုမှီနေတယ်ကာလာ ဝင်နေတယ် ဆိုတဲ့အနေအထားမျိူးကိုမြင်နေရပါတယ်”  ဟု မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇေသီဟ ကပြောသည်။

 အဆိုပါပြိုင်ပွဲစဉ်အတွက် လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် နိုင်ငံအလိုက်နောက်ဆုံးပွဲ စဉ်များကို ကျင်းပ သွားဖြစ်ဖြစ်ကြောင်း လည်းသိရသည်။

 ထို့အပြင် နိုင်ငံအလိုက်ဆုပေးသွားမည့်အပြင် အကာင်းဆုံးအားကစားသမားဆုများကိုလည်း ချီးမြင့်သွားမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးကပြောသည်။

 “ဝန်ကြီးဌာနရဲ့ ကူညီပ့ံပိုးမှုရယ်။ အဖွဲ့ချုပ်ရဲ့ကူညီပ့ံပိုးမှုရယ်။ ခေါင်းဆောင်ပေးတဲ့သူတွေကိုပါ ထပ်ပြီး ဖွဲ့စည်း လိုက်တဲ့အတွက်ကြောင့်မို့လို့ အဖွဲ့ချုပ်သစ်၊ အစိုးရသစ်၊ လူသစ်တွေနဲ့လူဟောင်းတွေပေါင်းစပ်ပြီး လုပ်တဲ့ အတွက်ကြောင့် အခုလိုမျိုး ပြန်ပြီးတိုးတက်လာတယ်။ သို့သော် ဒီပွဲကိုကြည့်ပြီး အောင်မြင်တယ်လို့တော့ ပြောလို့မရသေးပါဘူး။ ကျွန်တော်တို့ကပြင်ဆင်ဆဲကာလပဲဖြစ်ပါသေးတယ်” ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးကပြောသည်။

 မြားပစ်အားကစားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအပြင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကပါ အားပေး အားမြှောက်ပြုလာသောကြောင့်  မြားပစ်အားကစားသည် ပြန်လည်ဦးမော့လာပြီဟုလည်း ၄င်းကဆိုသည်။

 ယခုပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနှင့်အတူ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံတို့ မှ အားကစား သမားများနှင့်အတူ မြန်မာမြားပစ်ကစားသမား ၂၀ ခန့် ပါဝင်ယှဉ်ပြိုင်နေခြင်းလည်းဖြစ်သည်။

 
အဆိုပါပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၁၀ ခုနှင့် ကြေးတံဆိပ် ၁၀ ခု ပေးအပ် ချီးမြှင့်မည် ဖြစ်ကြောင်း လည်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly