တမူး ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ ထက်ဝက်ကျော် လာရောက်မဲပေးခဲ့

တမူး ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ ထက်ဝက်ကျော် လာရောက်မဲပေးခဲ့
ဓာတ်ပုံ - မင်းမင်း

စစ်ကိုင်း ၊ နိုဝင်ဘာ ၅ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ ၌ မဲပေးခွင့်ရှိသူ သုံးသောင်းကျော်အနက် ထက်ဝက်ကျော် လာရောက်မဲပေးခဲ့ကြောင်း တမူးမြို့နယ် ရွေး ကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဦးရမ်ဇမန်းမှ မဇ္ဇျိမသို့ အတည်ပြုပြောကြားသည်။

မဲဆန္ဒရှင်စာရင်း (၃၅၄၄၂)ဦးအနက် (၂၀၃၁၃)ဦးလာရောက်မဲပေးခဲ့ပြီး ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးရိုထန်းပွီးယာက ခိုင်လုံမဲ ၁၀၅၈၇ မဲ၊ အန်အယ်လ်ဒီပါတီကိုယ်စားလှယ် ဦးဇကာလ်ခါးမာ(ခ) ဦးအောင်ရွှေက ခိုင်လုံမဲ ၆၆၂၀ မဲ၊ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအွန်ခိုထန်း(ခ) ဦးချစ်မောင်က ခိုင်လုံမဲ ၁၄၉၀ မဲ၊ ဇိုတိုင်းရင်း သားဒေသဖွံ့ဖြိုးရေးပါတီမှ ဦးဇမ်းကဲမ်မန်က ခိုင်လုံမဲ ၁၀၇၉ မဲရရှိခဲ့ကြောင်း သိရသည်။

"အခု ကြားဖြတ်မှာ မဲလာပေးတဲ့ ရာခိုင်းနှုန်းက ၅၇.၃၃ ရာခိုင်နှုန်းရှိပါတယ်။ နောက်ပြီး အနိုင်ရရှိသွားတဲ့ ကိုယ်စားလှယ်လောင်းရဲ့ မဲရလဒ်အပေါ် အခုချိန်ထိတော့ ကန့်ကွက်တာတွေ ဘာတွေမရှိသေးပါဘူး။ ဒါပေမဲ့ ၄၅ ရက်အတွင်းဆိုတော့ ဘယ်လိုလာဦးမယ်တော့ မသိသေးပါဘူး။ အခုချိန်ထိတော့ အေးအေးချမ်းချမ်းပါပဲ" ဟု ဦးရမ်ဇမန်းမှ ဆိုသည်။

တမူးမဲဆန္ဒ (၂) နယ်မြေအတွင်း ရပ်ကျေးအုပ်စု ၂၀၊ကျေးရွာခွဲပေါင်း(၂၂)ရွာ စုစုပေါင်း (၄၂)ရွာ၊ မဲရုံ (၃၈) ရုံ နှင့် ဆန္ဒမဲပေးခွင့်ရှိသူ (၃၅၄၄၂ )ရှိပြီး ယခုကြားဖြတ်တွင် ၂၀၁၅ မဲစာရင်းထက် မဲဆန္ဒရှင်(၃၀၀ )ကျော် တိုးလာကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required