မြိတ်တွင် ပုဏ္ဏားယိမ်းအကဖြင့် ကထိန်ပွဲအလှူခံထွက်မှုကို အခမဲ့လိုက်လံဖျော်ဖြေနေ

မြိတ်တွင် ပုဏ္ဏားယိမ်းအကဖြင့် ကထိန်ပွဲအလှူခံထွက်မှုကို အခမဲ့လိုက်လံဖျော်ဖြေနေ

မြိတ်၊ နိုဝင်ဘာ ၄ ။           ။ မြိတ်မြို့၌ ယခုနှစ်ကထိန်ပွဲရာသီအလှူခံထွက်ရာတွင် ကာယနဒါနပရဟိတအဖြစ် လူငယ်များက ပုဏ္ဏားယိမ်း အကဖြင့်  အလှူခံထွက်မှုများကို အခမဲ့လိုက်လံကူညီဖျော်ဖြေနေကြောင်း သိရသည်။ 

မြိတ်ဒေသတွင် နှစ်စဉ် ဘုရားပွဲ၊ ကထိန်ပွဲ၊ ရှင်ပွဲ၊ အလှူပွဲ၊ ထီးတော် တင်ပွဲ၊ ရေစက်ချပွဲနှင့် အလှူနဲ့ သက်ဆိုင် သောပွဲများတွင် နှစ်စဉ် ထမ်းသုတ် (ဒေသအခေါ်) ရုပ်အကများဖြင့် အလှူခံထွက်ရာမှ ယခုနှစ်မှာ ပုဏ္ဏား ယိမ်းအကဖြင့် ကပြဖျော်ဖြေ အလှူခံထွက်ရာတွင် မြို့ခံများ စိတ်ဝင်စားမှု ပိုများလာခြင်း ဖြစ်ကြောင်း သိရသည်။

ကာယဒါန ပရဟိတ ပုဏ္ဏားယိမ်းအက လူငယ်အဖွဲ့သည်၊ လူငယ် အမျိုးသား/ အမျိုးသမီး အယောက် ၇၀ ကျော်နဲ့ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး၊ သီချင်း အပုဒ်ရေ ၃၀ ကျော်နှင့် ဇော်ဂျီ အက၊ ပုဂံ အက၊ ပုဏ္ဏား ယိမ်းအက စသည့် အကနည်း ၃၀ ကျော်တို့ကို အထက်ပါ အလှူပွဲများမှ လာရောက် ဖိတ်ခေါ်ပါက “အခမဲ့” လိုက်လံ ကပြနေခြင်း ဖြစ်ကြောင်း ယင်း အဖွဲ့ထံမှ သိရသည်။

 “ကျွန်တော်တို့ အဖွဲ့က ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွေအတွက် အလှူငွေ လိုအပ်နေချိန်မှာ အလှူခံ ထွက်ပေးပါတယ််၊ အလှူပွဲတွေနဲ့ပတ်သက်ပြီး၊ အလှူရှင်တွေက လာရောက် ဖိတ်ခေါ်ပါက “အခမဲ့” လိုက် ကပြပေးပါတယ်၊ ဒီလိုမျိုး ကပြခြင်းအားဖြင့် အလှူရှင်တွေကလည်း လှူချင်၊ တန်းချင်တဲ့ စိတ်တွေ ပိုများလာပါတယ်၊ ဒီအတွက်ကြောင့် ဒီအဖွဲ့လေးကို ဖွဲ့စည်းထားခြင်း ဖြစ်တယ်”ဟု ရာပြည့် ကာယဒါန ပရဟိတ ပုဏ္ဏားယိမ်းအကအဖွဲ့မှ ဦးဆောင်သူ ကိုသစ္စာက ပြောသည်။

အဆိုပါ အဖွဲ့ကို ဦးဆောင်သူများ၏ မတည်ငွေနှင့် အလှူရှင်များက ဖိတ်ခေါ်၍ ပြန်လည်ဆုချသည့် ရန်ပုံငွေများ ဖြင့် ရပ်တည်နေခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မြိတ်မြို့တွင် ကထိန်ပွဲရာသီများမှာ ပြီးခဲ့သည့်နှစ်များက ထမ်းသုတ် (ဒေသအခေါ်) ရုပ်အကများဖြင့် ကထိန်ပွဲ လှည့်လည်ရာတွင် ကပြအလှူခံသည့် ဓလေ့များ ရှိခဲ့ပြီး၊ ယခုနှစ်မှာ ပုဏ္ဏားအကကို စတင်လာခြင်း ဖြစ်သည်။

“အခုဆိုရင် ပုဏ္ဏားအကကို ကထိန်ပွဲအလှူရှင်တွေ လာကမ်းလှမ်းထားတာ ပွဲ ၁၀ ကျော်လောက် ရှိနေပါပြီ၊ ဒီအဖွဲ့ကို စတာက ၂ နှစ်လောက် ရှိနေပြီး၊ ပြီးခဲ့တဲ့ နှစ်ကဆိုလျှင် မော်လမြိုင်မှ အလှူရှင်တစ်ဦးက လာဖိတ်လို့ သွားရောက် ကပြခဲ့တာ ရှိပါတယ်၊ ဒီနှစ်တော့ ကလေးတွေ စုစည်းပြီး ဖွဲ့ထားတာ ဖြစ်လို့ ၁ ပွဲ ၊ ၂ ပွဲ ကပြရာမှ လူတွေ စိတ်ဝင်စားမှုတွေ များလာတာ ဖြစ်တယ်”လို့ ကိုသစ္စာက ထပ်လောင်း ရှင်းပြသည်။

အဆိုပါ အဖွဲ့အား အလှူရှင်များမှ မိမိတို့၏ အလှူပွဲ ကထိန်ပွဲများမှာ  ထည့်သွင်းေ =ဖျာ်ဖြေလိုပါက အဖွဲ့ တည်ထောင်သူ ကိုသစ္စာ ဖုန်း၊ ၀၉၇၉၀၉၆၂၄၈၄ နှင့် ကိုမင်းနိုင်ဦး ဖုန်း၊ ၀၉၇၆၈၇၄၉၇၇၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required