နိုင်ပွဲတွေရအောင် အာရုံစိုက်လုပ်ဆောင်သွားမယ်ဆိုတဲ့ ရီးယဲလ်အသင်း ယာယီနည်းပြ ဆိုလာရီ

နိုင်ပွဲတွေရအောင် အာရုံစိုက်လုပ်ဆောင်သွားမယ်ဆိုတဲ့ ရီးယဲလ်အသင်း ယာယီနည်းပြ ဆိုလာရီ
(ဓာတ္ပုံ - အီးပီေအ)

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ယာယီနည်းပြသစ် စန်တီယာဂို ဆိုလာရီဟာ သူ့အနေဖြင့် အသင်းကို ဘယ်လောက်အချိန်ကြာကြာ ကိုင်တွယ်မယ်ဆိုတဲ့ အချက်ကိုတော့ ထုတ်ဖော်မပြောဆိုလိုပဲ လာမယ့် စပိန်ဘုရင့်ဖလား ရှုံးထွက် (၃၂)သင်းအဆင့်မှာ အဖွင့်ရလဒ်ကောင်းဖို့ အာရုံစိုက်သွားမှာဖြစ်တယ်လို့ အင်္ဂါနေ့က ပြောဆိုသွားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘာစီလိုနာကို ၅-၁ ဂိုးနဲ့ အရှက်တကွဲ ရှုံးခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်အပါအဝင် လာလီဂါမှာ နိုင်ပွဲပျောက်နေတာ ၅ ပွဲဆက်တိုက်ရှိခဲ့ပြီဖြစ်တာကြောင့် ရီးယဲလ်အသင်းက တနင်္လာနေ့မှာ နည်းပြ လိုပက်တယ်ဂီကို ရာထူးမှ ထုတ်ပယ်လိုက်ပါတယ်။

လိုပက်တယ်ဂီဟာ ရီးယဲလ်နည်းပြသက်တမ်း ၄ လသာရှိပြီး ၁၄ ပွဲမှာ ၆ ပွဲသာ အနိုင်ရခဲ့ပြီး ၂ ပွဲသရေ၊ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့ကာ သူဟာ ၂၀၀၄ ခုနှစ်က ၆ ပွဲသာကိုင်တွယ်ခဲ့ရတဲ့ ကမာချိုပြီးနောက်ပိုင်း ပွဲအရေအတွက်အနည်းဆုံးနဲ့ ရာထူးက ထုတ်ပယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

“ကျနော်တို့ မနက်ဖြန်မှာ မယ်လဲလာအသင်းနဲ့ ကစားမှာဖြစ်ပြီး ကျနော့်ရဲ့ ပထမဆုံးရည်မှန်းချက်က နိုင်ပွဲရရှိဖို့ ဖြစ်ပါတယ်။ ဒီနေ့မှာ ကျနော် အသင်းနဲ့အတူ ရှိနေခဲ့ပါတယ်။ သူတို့ဟာ ဘယ်သူကိုမဆို အဆိုးမမြင်ကြပါဘူး။ သူတို့ဟာ ပွဲရလဒ်တွေအတွက် နာကျင်ခံစားနေပါတယ်။ ဒါပေမယ့် ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ စိတ်အားထက်သန်တယ်။ နိုင်ပွဲတွေ ပြန်လည် ရယူချင်နေပါတယ်။

သူတို့ဟာ ဆုဖလားများစွာကို ဆွတ်ခူးရယူခဲ့တဲ့ သူရဲကောင်းတွေဖြစ်ပြီး ချန်ပီယံတွေရဲ့ အစုအဖွဲ့လည်းဖြစ်တယ်။ အခုအခြေအနေက လွယ်ကူတဲ့ အနေအထားမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ ဒါကို ပြောင်းလဲပစ်ဖို့ စိတ်အားထက်သန်တယ်လို့ ကျနော် မြင်ပါတယ်။”လို့ အသက် ၄၂ နှစ်ရှိ ဆိုလာရီက ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် အဝေးကွင်းပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ယာယီနည်းပြအဖြစ် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ မေမြန်းတဲ့အခါမှာတော့ ဆိုလာရီက “အရာအာလုံးဟာ အလွန်မြန်ဆန်ပါတယ်။ အရေကြီးတဲ့ အချက်က ကျနော်တို့ ပုံမှန်နေ့တိုင်း အလုပ်လုပ်သွားပြီး အချိန်တိုင်းမှာ ပျော်ရွှင်နေဖို့ပါ။”လို့ ပြောပါတယ်။

ရီးယဲလ်အသင်းရဲ့ တာဝန်ရှိသူတွေက ၂၀၀၀ နဲ့ ၂၀၀၅ ခုနှစ်ကြား ရီးယဲလ်အသင်းအတွက် ၅ နှစ်ကြာ ကစားခဲ့တဲ့ အာဂျင်တီးနားကစားသမားဟောင်း ဆိုလာရီကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့တာဖြစ်ပြီး သူဟာ ရီးယဲလ် (B) အသင်းကို ကိုင်တွယ်တဲ့ နည်းပြလည်းဖြစ်ပါတယ်။

Ref; EFE-EPA, AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required