ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၏ မူဝါဒ သဘောထား

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၃ ။        ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ဥက္ကဋ္ဌ  ဒေါက်တာစိုင်းနော်ခေးက   ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မိုင်ဆုန်ခ( မင်္ဂလာပါခင်ဗျား)

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရှမ်းပြည်တောင်ပိုင်းနဲ့ရှမ်းတိုင်းရင်းသားအားလုံးကို အခြေခံပြီးဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်ထောင်စုပါတီတစ်ခုဖြစ်ပါတယ်။ စတင်တည်ထောင်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကစပြီးကနေ့ထိတိုင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးစတဲ့ တာဝန်များကို ကျရာကဏ္ဍကနေ မဆုတ်မနစ် မယိမ်းမယိုင်ကြံ့ကြံ့ခိုင် ရပ်တည် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ သက်သေအထင်အရှားရှိပါတယ်။ ရှမ်းအမျိုးသားတို့ရဲ့ သမိုင်းမှာ ရင့်ကျက်၊တည်ငြိမ်၊ ရိုးသားရဲရင့်သော နိုင်ငံရေးပါတီတစ်ခုအဖြစ်လည်း ရပ်တည်မြဲရပ်တည်လျက်ရှိပါတယ်။

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း ငြိမ်းချမ်းခြင်းတို့အတွက် မည်သူ့မျက်နှာကိုမျှမထောက်ထားဘဲ ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသား လျှောက်လှမ်းနေတဲ့ ပါတီတစ်ခုဖြစ်တာနဲ့အညီ အမျိုးသားတန်း တူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့စစ်မှန်သော ဖက် ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်လာရေးဟူသော သမိုင်းပေးတာဝန် တစ်ရပ်ကို မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်ရင်း အနာဂတ်တွင်လည်း အားမာန်အပြည့်ဖြင့် ဆက်လက်ချီတက်မည့်ပါတီဖြစ်တယ်ဆိုတာကို ဦးစွာပဏာမ မိတ်ဆက်လိုပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်လျက်ရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အင်္ဂလိပ် ကိုလိုနီလက်အောက်ကနေ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရရှိခဲ့ပါ တယ်။ ၎င်းလွတ်လပ်ရေးဟာ တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်စွာလက်တွဲပြီးနယ်ချဲ့ဖက်ဆစ်နဲ့ ကိုလိုနီစနစ်တို့ကို အတူတကွစုပေါင်းတွန်းလှန်ပြီး ရရှိခဲ့ခြင်းဖြစ်ပါတယ်။

ဗမာပြည်မခေါင်းဆောင်တွေနဲ့ တောင်တန်းဒေသခေါင်း ဆောင်များဟာ လွတ်လပ်ရေးကိုအတူတကွ ရယူကြမယ်၊ ပြည်ထောင်စု နိုင်ငံကြီးတစ်ခုထူထောင်ကြမယ်၊ ၎င်းပြည်ထောင်စုဟာ နိုင်ငံရေးအရ တန်းတူမှုရှိရမယ်၊ တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရှိရမယ်ဆိုတဲ့ ကတိကဝတ်ကိုအခြေခံပြီး ၁၉၄၇ ခု ဖေဖော်ဝါရီလ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါ တယ်။

အဲဒီပုံလုံ စာချုပ်ကနေ ပြည်ထောင်စုမြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့တာ အားလုံးအသိပါ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပင်လုံမူ၊ ပင်လုံကတိကဝတ်နှင့် ပင်လုံသဘောတူညီချက်များ အပေါ် အခြေခံပြီး မိမိရဲ့နိုင်ငံ ရေးလမ်းစဉ်ကို ပြတ်ပြတ်သားသားချီတက်လျက်ရှိပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်ကာလမှာဒေသတွင်းနိုင်ငံများအကြားသာမက အာရှအဆင့်မှာပါ ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်သိက္ခာမြင့်မားစွာရပ်တည်နိုင်ခဲ့ပါတယ်။ ထိုစဉ်အခါမှာ ရန်ကုန်တက္ကသိုလ်ဟာ အဆင့်မြင့်ဆုံး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟာအကောင်းမွန်ဆုံး၊ မင်္ဂလာဒုံလေဆိပ်ဟာ အကြီးကျယ်ဆုံးဖြစ်ခဲ့သလို ရန်ကုန် မြို့တော်ဟာလည်း အသန့်ရှင်းဆုံးအဖြစ် ရပ်တည်ခဲ့ပါတယ်။

လက်ရှိမှာ ၂၀၁၄ ခုနှစ် ကိန်းဂဏန်းများအရ နိုင်ငံသားတစ်ဦးချင်းစီရဲ့ဝင်ငွေဟာ တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ခန့်သာရှိပြီး နိုင်ငံ့လူဦးရေရဲ့၃၆.၇ ရခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက် ရှိနေပါတယ်။ ဓနဥစ္စာခွဲဝေမှု မညီမျှတဲ့အတွက် ဆင်းရဲချမ်းသာကွာဟမှု ပြဿနာဟာ အချိန်နဲ့အမျှ ကြီးမားကျယ့်ပြန့်လျက်ရှိပါတယ်။ လက်တစ်ဆုပ်စာ လူတန်စားတစ်ရပ်ကထား စရာမရှိလောက်အောင် အလွန်အမင်းချမ်းသာ ကြွယ်ဝနေချိန်မှာ အများစုသောပြည်သူလူထုဟာ အလွန်အမင်းဆင်းရဲတဲ့ဘဝမှာ ရောက်ရှိနေကြပါတယ်။ ထို့အတူပျမ်းမျှလူ့သက်တမ်းဟာလည်း ၆၃.၃၉နှစ်အထိ ကျဆင်းရောက် ရှိနေပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံမှာကျင့်သုံးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေများကိုလေ့လာကြည်မယ်ဆိုရင် တိုင်းရင်းသားပြည်သူ လူထုအများစုရဲ့ ဆန္ဒသဘောထားများနဲ့အညီ ဖော်ဆောင်နိုင်ခြင်းမရှိတဲ့အတွက် တိုင်းရင်းသား သွေးစည်း ညီညွတ်မှု လျော့ရဲပြိုကွဲလာတဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း အကြိမ်ကြိမ်ပျက်စီးခဲ့ရပါတယ်။ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ကျဆင်းခဲ့ပြီးပြည်သူ လူထုတစ်ရပ်လုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ လူနေမှုအဆင့်အတန်းများ နိမ့်ကျသထက် နိမ့်ကျလျက်ရှိပါတယ်။

ညံဖျင်းတဲ့ခေါင်းဆောင်မှုနဲ့ လူထုဆန္ဒနဲ့ တစ်ထပ်တည်းမကျတဲ့အခြေခံဥပဒေတွေကြောင့် တိုင်းရင်းသားပြည်သူအမျာစုဟာ စစ်မှန်တဲ့ပညာသင်ကြားရေးနဲ့လည်းအလှမ်းဝေး၊ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း မခံစားရ၊ စစ်ပွဲများရဲ့ ဆိုးရွားတဲ့ရိုက်ခတ်မှုဒဏ်ကိုလည်း နှစ်ပေါင်းများစွာကြုံဆုံနေခဲ့ရ ပါတယ်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးခံစားနေရတဲ့ ဆင်းရဲဒုက္ခများ၊ ပူပင်သောကများ၊ လျော့ပါးချုပ်ငြိမ်းနိုင်ဖို့ ရင်ဆိုင်ဖြေရှင်းရေးဟာ ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့မဖြစ် မနေသယ်ပိုးထမ်းဆောင်ရမယ့် သမိုင်းတာဝန်ပဲလို့ ရှုမြင်ခံယူထားပါတယ်။အဲဒီသမိုင်းပေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် လွှတ်တော်အတွင်းဝင်ရောက်ပြီးကြိုးပမ်းဖြေရှင်းခြင်းဟာလည်း လက်ခံကျင့်သုံးသင့်တဲ့ နိုင်ငံရေးနည်းလမ်းတစ်ခုအဖြစ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ယုံကြည်လက်ခံ ထားပါတယ်ခင်ဗျား။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား -

အလှဉ်းသင့်တုန်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေး  ဆောင်ရွက်မှုသမိုင်းအကျဉ်းကို အနည်းငယ် တင်ပြလိုပါတယ်။ ကျားခေါင်းပါတီခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေမှာ တရားဝင်စတင်တည်ထောင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံလုံး ရွေးကောက်ခံကိုယ်စားလှယ် ဒုတိယ အများဆုံး ရရှိခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာ စတင်ကျင်းပတဲ့အမျိုးသားညီလာခံကြီးကို တက်ရောက်ခဲ့ပါတယ်။ ၎င်းအမျိုးသား ညီလာခံကြီးဟာ တိုင်းရင်းသားလူမျိုးများ အတူစုပေါင်းနေထိုင်တဲ့ စစ်မှန်တဲ့ပြည်ထောင်စု ကြီးတည်ဆောက်ရေး ကိုဖော်ဆောင်ပေးနိုင်လိမ့်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ တက်ရောက်ခဲ့ပေမယ့် အထင်နဲ့အမြင်လွဲခဲ့လို့ ၂၀၀၄ ခုနှစ်မှာ ပြန်လည်ကျင်းပတဲ့ အမျိုးသား ညီလာခံကြီးကို ကျောခိုင်းခဲ့ရပါ တယ်။

တစ်ဆက်တည်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပတဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုတဲ့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တရားဝင်ရပ် တည်မှုကို စွန့်လွှတ်ခဲ့ရသလို ပါတီခေါင်းဆောင်ကြီးများဟာလည်းနှစ်ရှည်ထောင်ချမှတ် ခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ ခေါင်းဆောင်ကြီးများပြန်လည်လွတ်မြောက်လာပြီး ပါတီကိုပြန်လည်မှတ်ပုံတင် ခဲ့ပေမယ့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကိုတော့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ပါဘူး။

ပါတီတရားဝင်ရပ်တည်ခွင့် ပြန်လည်ရရှိတာနဲ့ တစ်ပြိုင်နက် တိုင်းပြည်အတွက်အရေးကြီးဆုံး ဖြေရှင်းရမယ့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို အထောက်အကူပြုနိုင်ဖို့အတွက် ရှမ်းတိုင်းရင်းသားများအချင်းချင်း ကြားငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းညီလာခံကို ရန်ကုန်မြို့တွင်လည်းကောင်း၊ တိုင်းရင်းသားအင် အားစုအချင်းချင်းကြား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ညီလာခံကို လာရှိုးမြို့နှင့်တောင် ကြီးမြို့တို့မှာ တစ်ကြိမ်စီအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်တွင်းတိုင်းရင်းသားနိုင်ငံရေးလှုပ်ရှားမှုတွင် ဦးဆောင်မှုအခန်းကဏ္ဍကနေ ပြီး စည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) ကိုဦးဆောင်ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ UNA  ဟာ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီပါတီများ၊ ဒီမိုကရက်တစ်အင်အားစုများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများကို ဖိတ်ခေါ် စုစည်းပြီး မျက်မှောက်ကြုံတွေ့နေရတဲ့ နိုင်ငံရေး ပြဿနာများကို ဝိုင်းဝန်းအဖြေရှာ နိုင်ဖို့အတွက် UNA နှင့် မိတ်ဖက်အဖွဲ့ အစည်းများညီလာခံကို သုံကြိမ်တိုင်အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

ဒါကြောင့်မို့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့ အမျိုးသားတန်းတူရေးနဲ့  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့ကို အာမခံတဲ့စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ကြီးပေါ်ပေါက်ရန်အတွက် လွှတ်တော်တွင်း လွှတ်တော်ပ နည်းလမ်းနှစ်ရပ်လုံးနဲ့ ဟန်ချက်ညီစွာကြိုးပမ်း ဆောင်ရွက်သွားမယ့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကျားခေါင်းပါတီကို တိုင်းရင်းသားပြည် သူများအနေဖြင့် မိမိ၏အသည်းကြားမှမဲတစ်ပြားကို ယုံကြည်စွာ အပ်နှံဆန္ဒပြုကြပါရန် အလေးအမြတ်ပြု တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျား။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

 ၁။  ပါတီအမည်  -  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
 ၂။  ပါတီအမည်(English)  -  Shan Nationalities League for Democracy
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၆.၃.၂၀၁၂
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၅ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၈.၅.၂၀၁၂
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၃.၅.၂၀၁၂
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၂.၆.၂၀၁၂
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၅၆)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၂၆)၊ ပြည်လမ်း၊ (၉)မိုင်၊ (၅)ရပ်ကွက် မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၉-၇၃၂၂၅၅၆၄ (ဦးခွန်ထွန်းဦး)၊

 ၀၉-၇၃၂၄၁၅၈၇ ဦးစိုင်းညွန့်လွင်

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly