အရှိုချင်းအမျိုးသားပါတီ ၏ မူဝါဒ သဘောထား

အရှိုချင်းအမျိုးသားပါတီ ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၃ ။         ။ အရှိုအမျိုးသားပါတီဥက္ကဋ္ဌ ဆလိုင်းဟန်ကြည်က  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူအပေါင်းတို့ခင်ဗျား -

ကျွန်တော်ကတော့ အရှိုအမျိုးသားပါတီဥက္ကဋ္ဌ ဆလိုင်းဟန်ကြည်ဖြစ်ပါတယ်။ အရှိုချင်းအမျိုးသားတိုးတက်ရေးပါတီကို ၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ တရားဝင်ပါတီအဖြစ် ထူထောင်ခဲ့ပါတယ်။ ပါတီရဲ့ စည်းရုံးရေးနယ်မြေများဖြစ်ကြတဲ့မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၉ ခုမှာ မြို့နယ်ပါတီရုံးများ ၊ကျေးရွာပါတီရုံးများဖွင့်လှစ်ပြီး လှုပ်ရှားစည်းရုံးလျက်ရှိပါတယ်။

ကျွန်တော်တို့ပါတီဟာ ချင်းတိုင်းရင်းသားလူမျိုးအခြေပြု နိုင်ငံရေးပါတီတစ်ခုဖြစ်လင့်ကစား မိမိတို့နေထိုင်ရာဒေသ၊ မိမိတို့ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများအတွင်းမှာရှိကြတဲ့ တိုင်းရင်းသားပြည်သူလူထု အားလုံးတို့ရဲ့ အကျိုးစီးပွားကိုဖော်ဆောင်ဖို့ ဦးတည်ချက် အခိုင်အမာထား ရှိထားပါတယ်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရသည့် ရည်ရွယ်ချက်

(က) ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး တာဝန်များကိုရယူကာ ချင်းလူမျိုးများ၏ လိုအပ်ချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးရန်။

(ခ) ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်များတွင် မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းမှီတင်းနေထိုင်သော တိုင်းရင်းသားလုပ်သားပြည်သူများ အပေါင်းကို အလုပ်ကျွေး ပြုနိုင်သည့် ဥပဒေများပြဋ္ဌာန်းနိုင်ရန်။

(ဂ) ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီပြီး တိုင်းရင်းသားလူနည်းစုများ၏ တန်းတူအခွင့် အရေးကို အာမခံသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင်ရန်။

(ဃ) ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး ဒီမိုကရေစီစံနှုန်းများဖြစ်သော ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို တော်တည့်မှန်ကန်နေအောင် အပြန်အလှန်ထိန်းကျောင်းပေးရန် တို့ဖြစ်ပါတယ်။

ဖော်ပြပါရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ဖို့ အရှိုချင်းအမျိုးသားပါတီဟာ ၂၀၁၅ ခုနှစ် အထွေထွေးရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြးီ ၊ ပဲခူးတိုင်းဒေသကြီး၊နှင့် ရခိုင်ပြည်နယ်တို့တွင် ယှဉ်ပြိုင်အရွေးချယ်ခံမှာဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦး၊ တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးနှင့် ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၊ ပဲခူး တိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦး၊ ရခိုင်ပြည်နယ် မှာပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးနှင့် ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတို့ဖြစ်ပါတယ်။

ပါတီမူဝါဒနှင့် လုပ်ငန်းစဉ်များ

အရှိုချင်းအမျိုးသားပါတီမှာ အခြေခံမူဝါဒ(၃)ရပ်ရှိပါတယ်။

(က) နိုင်ငံရေးတွင် ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေး၊ (ခ) စီးပွား ရေးတွင် ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ကျင့်သုံးရေးနှင့် (ဂ)တိုင်းရင်းသားလူမျိုးတိုင်း တန်းတူအခွင့်အရေးရရှိသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့ ဖြစ်ပါတယ်။

နိုင်ငံများအဖို့ ကျင့်သုံးရန်အကောင်းဆုံးသော နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီကျင့်စဉ်တရားများကိုအခြေခံပြီး စီမံခန့်ခွဲအုပ်ချုပ်မှုပြုသောစနစ် ဖြစ်ပါတယ်။ ပြည်သူလူထုက ဒီမိုကရေစီကျင့်စဉ်တရားများနှင့် အညီ ရွေးကောက်တင်မြှောက်သော အစိုးရအဖွဲ့၊ ဥပဒေပြုပုဂိူ္ဂုလ်များနှင့် တရားစီရင်ရေးပုဂိူ္ဂုလ်များက နိုင်ငံကိုစီမံအုပ်ချုပ်ပြီး တိုင်းရင်းသားလုပ်သားပြည်သူအပေါင်း၏ လွတ်လပ်မှုနှင့်တရားမျှတမှုကို အာမခံဖော်ဆောင်ပေး နိုင်မှသာ ကျွန်ုပ်တို့လူ့အဖွဲ့စည်းသည် ငြိမ်းချမ်းမှုနှင့် စိတ်ချမ်းမြေ့မှုများကို အမှန်တကယ်ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။

အဲသည်လို ယုံကြည်တာနဲ့အညီ အရှိုချင်းအမျိုးသားပါတီဟာ ပြည်သူ လူထုများရဲ့နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝနှင့်လူမှုရေးဘဝအခြေအနေများ အစဉ်တိုးတက်ကောင်းမွန်နေအောင် အားထုတ်ကြိုးပမ်း လုပ်ဆောင်သွား မည်ဖြစ်ပါတယ်။

(က) နိုင်ငံရေး

ယနေ့မြန်မာနိုင်ငံဟာ ပြည်သူလူထုက မဲပေးရွေးချယ်သော လွှတ်တော်

(၃)ရပ် မှတစ်ဆင့် ဖွဲ့စည်းပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့အားဖြင့် စီမံအုပ်ချုပ်ပြီး ဒီမိုကရေစီနိုင်ငံအသွင်ဆောင်ယူထားတာကို တွေ့မြင်ရမှာဖြစ်သော်ငြားလည်း ဒီမိုကရေစီစံနှုန်း များနှင့်ပြည့်ဝတဲ့ နိုင်ငံအဖြစ် တည်ဆောက်ဖို့များစွာလိုအပ်နေသေးတယ်လို့ အရှိုချင်းအမျိုးသားပါတီက ရှုမြင်ပါတယ်။ အဆိုပါလိုအပ်ချက်များပြည့်စုံလာအောင် ဖြည့်ဆည်းပေးရန် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလုပ်သားပြည်သူ အပေါင်းတို့က နိုင်ငံရေးအသိ၊နိုင်ငံရေးရင့်ကျက်မှုတို့ဖြင့် ပူးပေါင်းလုပ်ဆောင်ကြရမယ်လို့ ယုံကြည် ထားပါတယ်။ အရှိုချင်းအမျိုးသားပါတီဟာ ဒီယုံကြည်ချက်အပေါ်ခိုင်မာ စွာရပ်တည်ပြီး လွှတ်တော်(၃) ရပ်မှာ ပါဝင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုပုံစံ တည်ဆောက်ခြင်းသည်  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအကြား အပစ်အခတ်ရပ်စဲရေး စာချုပ်ပြည်တွင်းစစ်ချုပ်ငြိမ်းရေးးတို့အတွက် အဖြေဖြစ်ပါတယ်။ အစိုးရနှင့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေပွဲများ ကျင်းပကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုတည်ဆောက်နိုင်ရေအတွက် လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ရှုမြင်သုံးသပ်ပါတယ်။

အရှိုချင်းအမျိုးသားပါတီအနေနဲ့ လွှတ်တော်(၃) ရပ်အတွင်း နိုင်ငံရေးပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်များနဲ့ လက်တွဲ၍လည်းကောင်း၊ လွှတ်တော်ပြင်ပ၌ ကျင်းပပြုလုပ်ရန်ရှိတဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲများမှာအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များနဲ့ လက်တွဲ၍ လည်းကောင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုလုပ်ငန်းစဉ်မှာ တက်ကြွစွာပါဝင်သွားမှာဖြစ်ပါတယ်။

(ခ)စီးပွားရေး

အရှိုချင်းအမျိုးသားပါတီရဲ့စီးပွားရေးဆိုင်ရာ အခြေခံမူဝါဒကတော့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဖို့ဖြစ်တယ်။ ဈေးကွက်စီးပွားရေးစနစ်ဖြစ်ထွန်းတည်ရှိရေးကို ဦးတည်တဲ့ အခြေခံအဆောက်အအုံတွေ၊ ဥပဒေတွေကို နိုင်ငံတကာအတွေ့အကြုံများနဲ့ နမူနာကောင်းများအပေါ် အခြေခံပြီးတည်ဆောက်ပြဋ္ဌာန်းရမှာဖြစ်ပါတယ်။ နိုင်ငံသားအားလုံးမှာ စီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်နိုင်တဲ့ အခွင့်အရေး တန်းတူရှိရမယ်လို့ အရှိုချင်းအမျိုးသားပါတီက ယုံကြည်ပါတယ်။ နိုင်ငံသားအားလုံးက စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့လိုအပ်တဲ့ မတည်ရင်းနှီးငွေကို ချေးယူသုံးစွဲနိုင်တဲ့ ဘဏ်စနစ်တည် ရှိအောင် နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ ယနေ့အချိန်ခါတွင် အလုပ်ကိုင်အခွင့်အလမ်း များကိုဖန်းတီးပေးနိုင်တဲ့ စီးပွားရေးလုပ်ငန်းအမျိုးစားများ တည်ထောင်လုပ်ကိုင်နိုင်ရေးကို အားပေးရန် လိုအပ်ပါတယ်။

ပြည်ပလုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံကာစီးပွားရေးလုပ်ငန်းများ တည်ထောင် လုပ်ကိုင်နိုင်အောင် ဆွဲဆောင်နိုင်တဲ့ စီးပွားရေးဝန်းကျင်မျိုးဖန်တီးပေး ရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ စီးပွားရေး လက်ဝါးကြီးအုပ်စိုးမှု မရှိ အောင် ထိန်းကျောင်းပေးမယ့် ဥပဒေများ (Antti-trust Law)ပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။

(ဂ)ပညာရေး

မြန်မာနိုင်ငံပညာရေးစနစ် ခေတ်မီအဆင့်မြင့်ကောင်းမွန်နေရေးအတွက် ပညာရေးကဏ္ဍမှာ နိုင်ငံတော်ဘဏ္ဍာငွေပိုမိုသုံးစွဲဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။

မြန်မာနိုင်ငံသားများ အသက်မွေးဝမ်းကျောင်းပညာရပ်များကို အတန်းပညာနဲ့  ဉာဏ်ရည်ဉာဏ်သွေးအလိုက်သင်ကြားနိုင်ဖို့ နိုင်ငံတော်အစိုးရကစီမံဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

(ဃ) ကျန်းမာရေး

နိုင်ငံသားများကို ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်ရေးအတွက်ကျန်းမာရေးကဏ္ဍမှာ နိုင်ငံတော်ဘဏ္ဍာငွေ ပိုမိုသုံးစွဲရေးကို အရှိုချင်း အမျိုးသားပါတီက လွှတ်တော်တွင်အဆိုပြုတင်ပြသွားမှာဖြစ်ပါ တယ်။ကျန်းမာရေးအာမခံစနစ် (Health Insurance Service)ကို ပီပြင်စွာတည်ထောင်ရန် အရှိုချင်းအမျိုးသားပါတီက ကြိုးပမ်းဆောင်ရွက်မှာဖြစ်ပါတယ်။ တစ်မျိုးသားလုံးဝင်ငွေနှင့် အခွန်အတုတ်များ တိုးတက်များပြားစွာ ရရှိမှုအပေါ်မူတည်ပြီး အသက် ၇၀ နှင့်အထက် သက်ကြီးရွယ်အိုများအား အခမဲ့ဆေးဝါးကုသမှုပေးသည့်စနစ်ကိုကျင့်သုံးရန် လွှတ်တော်တွင်အဆိုပြု တင်ပြသွားမှာ ဖြစ်ပါတယ်။

(င) လယ်ယာမြေအသုံးချမှု

တောင်သူလယ်သမားတွေ မြေပိုင်ဆိုင်ခွင့် ခိုင်မာမှုရရှိရေးအတွက်အစိုးရက အားပေးကူညီမှု၊ ကာကွယ်စောင့်ရှောက်မှု ပြုရမှာဖြစ်တယ်လို့အရှိုချင်းအမျိုးသားပါတီက အလေးအနက်ယုံကြည်ပါ တယ်။ နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့်နဲ့အသုံးပြုခွင့်ပေးနေမှုတွေအပေါ် ပြန်လည်စိစစ်သုံးသပ်ဖို့နဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသူတွေက အမှန်တကယ်လုပ်ငန်းများ လုပ်ဆောင်ခြင်းရှိမရှိကို ထိရောက်စွာ ကြပ်မတ်အရေးယူမှုများပြုလုပ်ဖို့ လွှတ်တော်တွင်အဆိုပြုတိုက်တွန်းသွားမှာ ဖြစ်ပါတယ်။လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြတဲ့ ကျေးလက်ဒေသနေတောင်သူလယ်သမားများ မြေမဲ့ယာမဲ့ဘဝရောက်ရှိသွားခြင်းမျိုး မဖြစ်ရလေအောင် အရှိုချင်းအမျိုးသားပါတီက လွှတ်တော်တွင် တင်ပြဆွေးနွေး ကာကွယ်သွားမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့

အရှိုချင်းအမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များဟာ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်များကို ကောင်းစွာရှုမြင်သုံးသပ်ပြီး အချိန်အခါ အခြေအနေနဲ့ လိုက်လျောညီထွေတဲ့မေးခွန်းတွေ ၊ဆွေးနွေးမှုတွေ၊ထောက်ခံမှုတွေ၊ ကန့်ကွက်မှုတွေနဲ့ အဆိုတင်သွင်းမငတွေကို ပါတီရဲ့မူဝါဒတွေအပေါ်အခြေခံပြီး မေးမြန်းပြောဆို လုပ်ဆောင်သွားမယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း လိုအင်ဆန္ဒများပြည့်ဝကြပါစေ -

အရှိုချင်းအမျိုးသာပါတီ

 ၁။  ပါတီအမည်  -  အရှိုချင်းအမျိုးသာပါတီ
 ၂။  ပါတီအမည်(English)  -  Asho Chin National Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၅.၂.၂၀၁၂
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၇ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဆလိုင်းအောင်မင်းလှိုင်၊ ဆလိုင်းဟန်ကြည်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၇.၅.၂၀၁၂
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၆.၅.၂၀၁၂
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၅.၆.၂၀၁၂
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၅၅)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးဆလိုင်းဟန်ကြည် ၊ ဦးဆလိုင်းအောင်မင်းလှိုင်(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အခန်း(၅၂)၊ (၇)လွှာ၊ တိုက်အမှတ်(၁၂၀)၊ ရန်ကုန်-အင်းစိန်လမ်း၊ (၉)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၉-၅၀၄၃၇၀၉၊ ၀၁-၆၄၆၉၅၄ (ဦးဆလိုင်းအောင်မင်းလှိုင်)

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly