၈၈ မျိုးဆက်တစ်ခုလုံး စုပြီး ပါတီ ထူထောင်တာမျိုးပဲ ဖြစ်စေချင်ပါတယ်

၈၈ မျိုးဆက်တစ်ခုလုံး စုပြီး ပါတီ ထူထောင်တာမျိုးပဲ ဖြစ်စေချင်ပါတယ်

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ အလုပ်သမားရေးရာ တာဝန်ခံ ဦးအောင်သူသည် နိုဝင်ဘာ ရွေးကောက်ပွဲ၏ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃ဝဝ ကျော်ထဲမှ တစ်ဦး ဖြစ်သည်။

ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်များ ပါဝင်သော မန္တလေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ တွင် အရွေးချယ်ခံရရေးအတွက် မဲဆွယ်နေ သော အသက် ၄၇ နှစ်အရွယ် ရှိပြီဖြစ်သည့် ဦးအောင်သူသည် တခြားသော လုပ်ဖော်ကိုင်ဖက် အများအပြားနှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အမတ်လောင်းဖြစ်ရန် ကြိုးပမ်းခဲ့ဖူး သည်။ သို့သော်လည်း NLD က ၎င်းတို့ အများစု၏ ကမ်းလှမ်းချက်ကို ပယ်ချသဖြင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများအကြား အငြင်းပွားဖွယ် ဖြစ်ခဲ့သည်။

စစ်အစိုးရ အဆက်ဆက်လက်ထက် အကြိမ်ကြိမ် အထိန်းသိမ်းခံရသည့် မန္တလေးဇာတိ ဦးအောင်သူသည် ၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရသည်။ ဦးသိန်းစိန် အစိုးရက ၂ဝ၁၂ တွင် သူ့ကို လွှွတ်ပေးခဲ့သည်။ သတင်းထောက် အိချယ်ရီအောင်က ဆက်သွယ်မေး မြန်းစဉ် ဦးအောင်သူက ရွေးကောက်ပွဲ၏ အနေအထား၊ NLD နှင့် ဆက်ဆံရေး၊ အာဏာရပါတီ၏ ရွေးကောက်ပွဲ ဗျူဟာ အကြောင်းတို့ကို ပြောပြခဲ့သည်။

ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဘာကြောင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာလဲ။

ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းတွေကတော့ အများကြီးပါပဲ။ NLD က ၈၈ မျိုး ဆက် တချို့ကို မရွေးချယ်တဲ့ အချိန်မှာ ၈၈ မျိုးဆက် နိုင်ငံလုံးဆိုင်ရာ စုံညီဆွေးနွေးပွဲ လုပ်တဲ့အချိန် မှာပဲ ပါတီထောင်ဖို့အထိ အသံတွေ မြိုင်ခဲ့ကြတယ်။ အဲဒီမှာ သဘောထားနှစ်ခု ထွက်လာတယ်၊ တစ်ခု က NLD ကို ဝန်းရံပေးရေး၊ နောက်တစ်ခုကတော့ ပါတီ ထူထောင်ရေးပေါ့။ အဲဒီနှစ်ခုကို လုပ်ငန်းအစဉ် အနေနဲ့ ချကြည့်တဲ့ အခါကျတော့ NLD ကို ရွေးကောက်ပွဲ အချိန်မှာ ဝန်းရံမယ်၊ ရွေးကောက်ပွဲပြီးရင် ပါတီထောင်မယ့် သဘောမျိုး ဆုံးဖြတ်ခဲ့ကြတယ်။

ဒါက ကြိုတင်ကြံစည်ထားတာ မဟုတ်ဘဲ စုံညီအစည်းအဝေးမှာ ထွက်ပေါ်လာတဲ့ အဖြစ်အ ပျက်ပါ။ ကျွန်တော့်ဆုံးဖြတ်ချက်ကတော့ ပါတီထောင်ဖို့ ရည်မှန်းရင် အခုအချိန်ကတည်းက ၂ဝ၁၅ ရွေးကောက်ပွဲ မှာ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မှ သင့်တော်မယ်လို့ မြင်ပါတယ်။ ပါတီကိုနောက်မှ ထောင်မယ်၊ ရှိတဲ့ ဒီမိုကရက်တစ် ပါတီတွေကို ဝန်းရံပေးသွားဦးမယ် ဆိုတာက သိပ်တော့ လိုက်လျော ညီထွေတဲ့ မဟာဗျူ ဟာ မဟုတ်ဘူးလို့ မြင်ပါတယ်။ ၈၈ ငြိမ်းပွင့်အနေနဲ့ ပါတီ ထောင်တယ်ဆိုရင် ငြိမ်းပွင့်တွေချည်း မဟုတ်ဘဲ ၁၉၈၈ (လူထုလှုပ်ရှားမှု) ကတည်းက ပါခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP လည်း ပါမယ်။ တခြားနိုင်ငံမှာ ရောက်နေတဲ့ ၈၈ ရဲဘော်တွေကို လည်း ခေါ်သွားမှာပါ။ ၈၈ မျိုးဆက်တစ်ခုလုံး စုပြီး ပါတီ ထူထောင်တာမျိုးပဲ ဖြစ်စေချင်ပါတယ်။

စည်းရုံးရေးကာလမှာ ဘယ်လိုအချက်တွေအပေါ် မူတည်ပြီး မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်သွား မှာလဲ။

ဒေသဖွံ့ဖြိုးရေး၊ ဒေသခံတွေရဲ့ ပညာရေးအဆင့် ဘယ်လို တိုးတက်အောင် ဘယ်လိုလုပ်မလဲ။ စတဲ့ မူဝါဒတွေကို ရေးဆွဲပြီး မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်သွားမှာပါ။

မဲဆွယ်တဲ့ကာလမှာ ဘယ်က အထောက်အပံ့ ရပါသလဲ။

မိုးကုတ်က CSO (လူထု အခြေပြုအဖွဲ့)တွေကပဲ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ရှာပေးမှာပါ။ အခု လောလောဆယ်မှာ ဘတ်ဂျက်အတွက် အခက်အခဲ ရှိနေပါတယ်။ ၈၈ အဖွဲ့က ဘတ်ဂျက်ပေးမယ်လို့ မပြောပါဘူး။

NLD ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ဖြစ်ပုံကို ရှင်းပြပေးပါဦး။

မိုးကုတ်မြို့က ဒေသခံ ပြည်သူတွေနဲ့ CSO အဖွဲ အစည်းတွေက သူတို့မြို့မှာ အရွေးအချယ်ခံဖို့ NLD မှာ လျှောက်ပေးတာပါ။ NLD က မရွေးချယ်တဲ့အချိန်မှာ ဘယ်လို တုန့်ပြန်ရမလဲ မသိဘူးဖြစ်သွား တယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်ပြီး တည့်မတ်ရမှန်း မသိဘူး ဖြစ်သွားတယ်။ ဘယ်လို တုန့်ပြန်ရမလဲဆိုပြီး စဉ်းစားခဲ့ကြတော့ မိုးကုတ်မြို့နယ် (မန္တလေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃) က ဝင်ပြိုင်ဖို့အတွက် စီစဉ်ခဲ့ကြတယ်။

လာမယ့် ရွေးကောက်ပွဲက တရားမျှတမယ်လို့ ထင်လား။

၁ဝဝ ရာခိုင်နှုန်း တရားမျှတတဲ့ ရွေးကောက်ပွဲကတော့ ဘယ်နိုင်ငံမှာမှ မတွေ့ရပါဘူး။ အနည်း ငယ်ကတော့ ပဋိပက္ခ ဖြစ်ကြတာပဲပေါ့။ အစိုးရအနေနဲ့ ဒီအပေါ်မှာ အများကြီး ဆောင်ရွက်ထားတာ ရှိလိမ့် မယ်လို့ ယူဆပါတယ်။ စစ်ရေးအရ သူတို့လက်ထဲမှာ ရှိရမယ့် နယ်မြေတွေ၊ စီးပွားရေးအရ သူတို့ ပိုင်ကို ပိုင်ရမယ့် နယ်မြေမျိုးတွေ၊ အဲဒါမျိုးတွေက သူတို့ နိုင်ကို နိုင်ရမယ်၊ ဒါတွေက အခုကတည်းကတွက် လို့ ရပါတယ်။ စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ ဝင်ရောက်မယ့် နေရာတွေက လုံးဝကျရှုံးလို့ မရ တဲ့ နယ်မြေတွေပါ။ ဒုတိယက စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းသင်းဆက်ဆံပြီး စီးပွားဖြစ်ထွန်းနေကြတဲ့ စစ် ခရိုနီတွေ၊ ဒါတွေကလည်း ဒုတိယ ကျဆုံးလို့ မရတဲ့ နယ်တွေပါ။ တတိယက နယ်စပ်တစ်လျှောက် နယ်မြေတွေ၊ စီးပွားရေးအရ သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကလည်း သူတို့လက်အောက်ခံဖြစ်နေ ဦးမှာပဲ။

ကျန်တဲ့ နယ်မြေတွေကို NLD ကိုပေးမယ်၊ တိုင်းရင်းသား ပါတီတွေကို ပေးမယ်၊ မျှပြီးတော့ ပေးမယ်။ ဒါတွေက သူတို့ အတိအကျ ထွက်ထားပြီးသား ရှိလိမ့်မယ်လို့ ယူဆပါတယ်။ နိုင်ငံတကာ ကလည်း စစ်အာဏာရှင် အခင်းအကျင်းရှိတဲ့ ရွေးကောက်ပွဲမျိုးကိုတော့ တရားမမျှတတဲ့ ရွေးကောက် ပွဲကြီးပါလို့ စွပ်စွဲမယ့် သူမျိုးတွေ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အဲလိုမျိုး ပြောမှာ မဟုတ်ပါဘူး။ ဒီအစိုးရကလည်း အဲဒီလို ပြောခံရလောက်အောင် မလှမပတဲ့ အကွက်မျိုးတွေ ကို ဆွဲမှာ မဟုတ်ပါဘူး။ မလှမပနဲ့ ထွက်လာတဲ့ ပန်းချီကားချပ်ကို အစိုးရအနေနဲ့ နိုင်ငံတကာကို ချပြမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အဲဒီလိုမျိုးပဲ တွက်ပါတယ်။

ဒီအစိုးရလက်ထက်မှာ အလုပ်သမားအရေး ဆန္ဒပြမှုတွေ ပိုများလာတာ ဘာကြောင့် ဖြစ်မလဲ။ ၈၈ အဖွဲ့ အလုပ်သမားရေးရာ တာဝန်ခံအနေနဲ့ သုံးသပ်ပေးပါ။

လစာနှုန်းထား တိုးဖို့၊ အလုပ်သမား အခွင့်အရေးရဖို့ နှစ်မျိုး တောင်းဆိုပါတယ်။ လစာနှုန်းထား တိုးဖို့ ကိစ္စက အလုပ်ရှင်နဲ့ ညှိနှိုင်းရတာ အဆင်ပြေတယ်။ အလုပ်သမားရေးရာ အခွင့်အရေးနဲ့ ပတ် သက်ပြီး တောင်းတဲ့အခါတော့ အလုပ်ရှင်ကိုယ်တိုင် ကြောက်ရွံ့ ထိတ်လန့်တာကို တွေ့ရတယ်။ သမဂ္ဂ ဖွဲ့တယ်ဆိုရင်လည်း အလုပ်ရှင်က ငါ့ကိုပြန်ချမယ့် အဖွဲ့လားဆိုပြီး စိုးရိမ် ပူပန်ကြတယ်။ အလုပ်သမား တွေကိုလည်း လိုက်ပြီး စည်းရုံးနေတယ်။

အလုပ်သမားတွေကလည်း အရင်က ၁ဝ နာရီ အလုပ်လုပ်လျက်သားနဲ့ အခုကျတော့ ၈ နာရီပဲ လုပ်တော့မယ်ဆိုပြီး ဖြစ်လာတယ်။ ကျွန်တော်ကိုယ်တိုင် အလုပ်ရှင်၊ အလုပ်သမား ကြားမှာနေပြီး အဲဒီ လိုပြဿနာမျိုးတွေ ပြေလည်အောင် လုပ်ခဲ့ဖူးပါတယ်။ အောင်မြင်တာ များပါတယ်။ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ  ပြဿနာဖြစ်တာ တကယ်ရော အလုပ်သမားရေးရာ ပဋိပက္ခ ဟုတ်ရဲ့လားလို့ တွေးမိလာ တယ်။

တစ်ရက်လုပ်အားခ ၄,ဝဝဝတောင်းတယ် ဆိုပါစို့၊ အလုပ်ရှင်က ဘာပြောလဲဆိုတော့ စက်မှု ဇုန် ဖြစ်တဲ့အတွက်ကြောင့် မြေဈေးပိုပေးပြီး ဝယ်ရတယ်တဲ့။ စက်ရုံဆောက်မယ်ဆိုရင်လည်း ပြီးစလွယ်ဆောက် လို့မရဘူး၊ ရေဆိုးထုတ်တာကအစ အကုန်လုံးကို စနစ်တကျ ဆောက်မှ၊ အရည်အ သွေး ပြည့်ဝတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ငှားမှ ရမယ်၊ ပိုက်ဆံ ပိုပေးရမယ်၊ အစိုးရက စက်မှု ဇုန်ကို မီးမှန်အောင် လုပ်ပေးမယ်ဆိုရင် မီးစက်မောင်းဖို့ ဆီဖိုး မကုန်တော့တဲ့အတွက် အလုပ်သမား တွေကို လစာ တိုးပေးနိုင်ပါတယ်လို့ ပြောပါတယ်။

ဒါက အလယ်လတ်တန်းစား စက်ရုံ လုပ်ငန်းရှင်တွေက ပြောတာပါ။ သာမန် စက်ရုံတောင် မီးစက်မောင်းဖို့ ဆီဖိုးတစ်လ သိန်း ၁၅ဝ နဲ့ ၂ဝဝ လောက် ကုန်ကျကြပါတယ်၊ ဒါက ဥပမာတစ်ခု။ တခြား အကြောင်းအချက်တွေလည်း အများကြီး ရှိပါသေးတယ်။ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေ ဖြစ်ရတာက အစိုးရရဲ့ စီးပွားရေး မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ချမှတ်တဲ့အခါမှာ လွဲမှားခဲ့၊  ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေ ချမှတ်တဲ့ အခါမှာလည်း လွဲမှားခဲ့၊ မြေယာစနစ် ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်တွေ အပေါ်မှာလည်း လွဲမှားခဲ့တာတွေကြောင့်ပါ။

ဦးအောင်သူရဲ့မိသားစုအကြောင်း ပြောပြပေးပါဦး။

အဖေက ဦးဘိုးအောင်၊ အမေနာမည်က ဒေါ်ခင်ကြည်ကြည်။ အဖေက ဂျပန်ခေတ်တုန်းက မင်္ဂလာဒုံက ဗိုလ်သင်တန်း အမှတ်စဉ် ၂ ကပါ။ ဦးစိန်လွင်၊ ဦးစန်းယုတို့နဲ့ တစ်ပတ်စဉ်တည်းပါ။ လွတ်လပ်ရေးပြီးတော့ မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့တွေ လိုတယ်။ ရဲတပ်ဖွဲ့ ဖွဲ့စည်းဖို့အတွက်ဆိုပြီး အင်္ဂလန်မှာ ရဲနဲ့ ဆိုင်တဲ့ ပညာရပ်တွေ သွားသင်ရပါတယ်။  မြန်မာပြည်ကို ပြန်ရောက်တော့ မန္တလေးမှာရှိတဲ့ ရဲသိပ္ပံ ကျောင်းမှာ ကျောင်းအုပ် လုပ်ပါတယ်။ အဲဒီကျောင်းက မြန်မာနိုင်ငံက ရဲတွေကို မွေးထုတ်ပေးတဲ့ ကျောင်းပါ။

နောက်ပိုင်း ဦးစိန်လွင်၊ ဦးစန်းယုတို့နဲ့ အမြင်ကွဲလွဲပြီး အလုပ်ထွက်လိုက်ပါတယ်။ အပြင်မှာ ရှေ့နေ လုပ်ပါတယ်။ ၁၉၈၈ ခုနှစ်တုန်းက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင်ဖွဲ့စည်းတုန်း က ဗဟိုကော်မတီမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၈၉ ကျတော့ အဖေရော ကျွန်တော်ရော ထောင်အတူတူ ကျပါ တယ်။ ၁၉၉၄ မှာ အဖေ ပြန်လွတ်လာပါတယ်။ အဖေ ပြန်လွတ်လာတော့ (အစိုးရက) ရှေ့နေ လိုင်စင် ပြန်မချပေးတော့ပါဘူး။ အမေက ကမာရွတ် အထက ၅ ကျောင်းအုပ်ဘဝနဲ့ နေပြီး အသက် ၉၅ နှစ် ကျမှ ဆုံးသွားတာပါ။ ကျွန်တော်က အိမ်ထောင်ကွဲသွားပေမယ့် သမီးတစ်ယောက်တော့ ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags