ပြည်သူများ စားဝတ်နေရး အဆင်မပြေသည့် ပြုပြင်ပြောင်းလဲမှု မအောင်မြင်နိုင်ဟု သူရ ဦးရွှေမန်းဆို

ပြည်သူများ စားဝတ်နေရး အဆင်မပြေသည့် ပြုပြင်ပြောင်းလဲမှု မအောင်မြင်နိုင်ဟု သူရ ဦးရွှေမန်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၄။        ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် အလှည့်ကျ နာယကဖြစ်သူ သူရဦးရွှေမန်းက ပြည်သူအများအတွက် စားဝတ်နေရေး အဆင်ပြေအောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်သော်လည်း အောင်မြင်နိုင်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။

စင်္ကာပူနိုင်ငံ၏ အမျိုးသားတက္ကသိုလ် NUS မှ တက္ကသိုလ်ကျောင်းသားများ စက်တင်ဘာ ၂၄ ရက်က လွှတ်တော်သို့ သွားရောက်လေ့လာစဉ် ကျောင်းသားများသို့ ဦးရွှေမန်းက ပြောဆို ဆွေးနွေးခြင်းဖြစ်သည်။ "နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ကာ ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေအောင် ဆောင်ရွက်နိုင်မှုမရှိဘဲ အောင်မြင်နိုင်မည် မဟုတ်ပါကြောင်း" ဟု ဦးရွှေမန်းက ဆိုသည်။

လွှတ်တော်သို့ လေ့လာရေးခရီး သွားရောက်ကြသည့် စင်္ကာပူ တက္ကသိုလ်ကျောင်းသားများကလည်း မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရာတွင် အခက်အခဲများကို တင်ပြခဲ့ကြသည်။ အနာဂတ် ကာလတွင် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံလိုပြီး ငွေကြေးကဏ္ဍကိုတည်ငြိမ် ခိုင်မာအောင် လုပ်ဆောင်ပေးစေလိုကြောင်းလည်း ကျောင်းသားများက တောင်းဆိုခဲ့ကြသည်။

ကျောင်းသားများ၏ တင်ပြဆွေးနွေးမှုကို ဦးရွှေမန်းက ပြန်လည်ဆွေးနွေးရာတွင် သူသည် လူငယ်များကိုအလေးထားပြီး လူငယ်များအတွက် နေရာနှင့် တာဝန်များ ပေးလိုသည်ဟု ဦးရွှေမန်းက တုန့်ပြန်ခဲ့သည်။ ထို့အပြင် "လေ့လာရေး လာရောက်ကြသည့် လူငယ်ကျောင်းသားများ အနေဖြင့် နောင်အနာဂတ်တွင် နိုင်ငံ့ခေါင်းဆောင်များ အဖြစ်လည်းကောင်း၊ အခြားအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ အဖြစ်လည်းကောင်း ရောက်ရှိသွားကြမည်ဟု ယုံကြည်ပါကြောင်း၊ ခေါင်းဆောင်များ ဖြစ်သွားကြသည့်အချိန်တွင် မိမိအား မမေ့စေလိုပါ" ဟု ပြန်လည် ပြောဆိုခဲ့သည်။

မြန်မာ့ လွှတ်တော်သို့ စက်တင်ဘာ ၂၄ ရက်က သွားရောက်လေ့လာကြသည့် NTU တက္ကသိုလ်မှ ကျောင်းသားများသည် စင်ကာပူ၊ ထိုင်ဝမ်၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ တရုတ်၊ ပြင်သစ်၊ ကနေဒါ၊ မက္ကဆီကို နိုင်ငံများမှ MBA (Master of Business Administration)  ကျောင်းသားများ ဖြစ်ပြီး ၁၅ ဦးပါဝင်သည်။

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

Source - Office of H.E. Thura U Shwe Mann

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly