စက်တင်ဘာလကုန် NCA လက်ရေးထိုးလိမ့်မည်ဟု ကာချုပ်ပြော

စက်တင်ဘာလကုန် NCA လက်ရေးထိုးလိမ့်မည်ဟု ကာချုပ်ပြော
လွိုင်ကော်မြို့တော် ခန်းမတွင် ပြုလုပ်သည့် အလှူငွေ ပေးအပ်ပွဲ။ (ဓာတ်ပုံ-ကာကွယ်ရေးဦးစီးချုပ် ဖေ့စ်ဘုတ်)

လွိုင်ကော်၊ စက်တင်ဘာ ၂၄။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို စက်တင်ဘာလကုန်ပိုင်းတွင် ရေးထိုးနိုင်လိမ့်မည်ဟု တပ်မတေ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၃ ရက်က လွိုင်ကော်မြို့တော် ခန်းမတွင် ပြောဆိုလိုက်သည်။

“ကျနော်တို့ မကြာခင်မှာလည်း တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ထားပါတယ်။ ဒီလကုန်လောက်မှာ နိုင်ငံတော်ကို သတင်းကောင်းတစ်ခုပေးနိုင်လိမ့်မယ်။” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကယားပြည်နယ်ခရီးစဉ်တွင် လွိုင်ကော်မြို့တော်ခန်းမ၌ ကျောင်းသုံးပစ္စည်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေပေးအပ်သည့် အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

NCA လက်မှတ်ထိုးရန် ကိစ္စတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အားလုံး ပါဝင်မှသာလျှင် လက်မှတ်ရေးထိုးမည်ဟု လွိုင်ကော် KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ်က ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ခေါင်းဆောင်တွေက အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချထားပြီး ပြောဆိုထားတာရှိပါတယ်။ သူတို့ပြောတာက လက်နက်ကိုင်အားလုံးပါမှပဲ ဒီNCA ကို ထိုးဖြစ်မယ်ဆိုတာကိုပေါ့။” ဟု ခူညေးရယ်က ပြောသည်။

ရွေးကောက်ပွဲနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စကို အစိုးရက တချိန်တည်းပြုလုပ်နေချိန်တွင် နိုင်ငံရေးအရ လုပ်နေရမည့် NCA ကို ရွေးကောက်ပွဲ ပြီးသည်အထိ မထိုးနိုင်ခဲ့ပါက အသစ်တက်လာမည့် အစိုးရနှင့်လည်း ထပ်မံတွေ့ဆုံ ဆွေးနွေးရအုံးမည်ဖြစ်သည်။

ရွေးကောက်ပွဲအကြိုကာလတွင် စစ်တပ်မှ ကယားပြည်နယ်အတွင်း အဓိက တပ်နယ်မြေဖြစ်သော ဘော်လခဲမြို့နယ်၊ ဖားဆောင်းမြို့နယ် ဘက်တွင် တပ်နယ်လှည့်ဆေးကုသအဖွဲ့များက ပြည်သူ့ဆေးရုံများတွင် လူနာများကို အခမဲ့ လာရောက်ကုသမှုများ ပြုလုပ်ပေးနေသည်။

ထို့အပြင် လွိုင်ကော်မြို့တော် ခန်းမဆောင်အခမ်းအနားတွင် ကွန်ပျုတာအလုံး(၁၅၀) နှင့် ဆက်စပ်ပစ္စည်းများ၊ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများမှ ငွေကျပ်သိန်း(၃၀၀)နှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၃၀၀၀) အပြင် တခြားသော ကုမ္ပဏီပိုင်ရှင်များက ငွေကျပ်သိန်း(၁၃၅၀)လှူဒါန်းသွားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly