ရေဖြူမြို့နယ်ရှိ နှုံးထိန်းဆည်ပြိုကျ ကလေးတစ်ဦးသေ အိမ်ခြေ ၁၅ လုံးပျက်စီး

ရေဖြူမြို့နယ်ရှိ နှုံးထိန်းဆည်ပြိုကျ ကလေးတစ်ဦးသေ အိမ်ခြေ ၁၅ လုံးပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂၄။ ။ တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာရှိ DELCO သတ္တုတူးဖော်ရေး ကုမ္ပဏီမှ ထိန်းသိမ်းထားသော နှုံးထိန်းဆည် ပြိုကျမှုကြောင့် အသက် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၁၅ လုံး ပျက်စီးခဲ့ကြောင်း ကံပေါက်ကျေးရွာနေ NLD ထားဝယ်ခရိုင် လူငယ်ပြန်ကြားရေးတာဝန်ခံ ကိုသုတလင်းက ပြောသည်။

" ပြိုကျတဲ့အချိန်က မိုးလည်းမရွာဘူး။ အချိန် ခဏလေးအတွင်းမှာ အိမ်တွေက နှုန်းတွေ၊ ရေတွေနဲ့ ပြည့်သွားတော့ ဘာမှ သုံးလို့မရတော့ဘူး" ဟု ကိုသုတလင်းက ပြောသည်။

ကံပေါက်ကျေးရွာ၊ မြသီတာရပ်ကွက်ရှိ DELCO ကုမ္ပဏီမှ သတ္တုတူးဖော်ပြီး စွန့်ပစ်မြေစာနှင့် နှုံးများ ထိမ်းသိမ်းရာဆည်မှာ ယမန်နေ့ည ၇ နာရီခွဲ အချိန်ခန့်က ပြိုကျခဲ့ခြင်း ဖြစ်ကြောင်းသူက ဆိုသည်။
နှုံးထိန်းဆည် ပြိုကျမှုကြောင့် ကံပေါက်ကျေးရွာရှိ ဗောဓိမာန်အောင် ဘုန်းကြီးကျောင်းတွင် လူပေါင်း တစ်ရာကျော် ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။ ဤသတင်းကို အတည်ပြုနိုင်ရန် DELCO ကုမ္ပဏီသို့ ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required