NLD ကို မဲမပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် စည်းရုံးမှုက ဆင်ခြင်ဉာဏ်မဲ့ လုပ်ရပ်ဟု NLDအမတ် တုံ့ပြန်

NLD ကို မဲမပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် စည်းရုံးမှုက ဆင်ခြင်ဉာဏ်မဲ့ လုပ်ရပ်ဟု NLDအမတ် တုံ့ပြန်

ပုသိမ်၊ စက်တင်ဘာ ၂၄ ။          ။ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ပါတီသည် အစိုးရအဖွဲ့ကို အကြပ်အတည်းတွေ့အောင် လုပ်သည့်ပါတီဟုဆိုကာ မဲမပေးရန် ပြောဆိုမှုသည် ဆင်ခြင်ဉာဏ်မဲ့ စည်းရုံးမှုသာ ဖြစ်သည်ဟု အင်န်အယ်လ်ဒီ၏ ရေကြည်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက မဇ္ဈိမကို ပြောသည်။

"ဝန်ကြီးချုပ်ဟာ ကိုယ်စားလှယ်လောင်းဂုဏ်သိက္ခာမဲ့၊ ပညာမဲ့၊ ဆင်ခြင်ဉာဏ်မဲ့စည်းရုံး မဲဆွယ်တာ၊ ဒီလိုလူတွေ တိုင်းဒေသကြီး အမြင့်ဆုံးနေရာရခဲ့တယ်။ ၅ နှစ် ဘယ်လောက် အန္တရာယ်ကြီးလဲ" ဟု ဒေါက်တာလှမြတ်သွေးက ပြောသည်။

ဝန်ကြီးချုပ်က စက်တက်ဘာလ ၁၉ရက်က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ရွေးကောက်ပွဲ လုံခြုံရေးတွေ့ဆုံပွဲတွင် အင်န်အယ်လ်ဒီကို မဲမပေးရန် တက်ရောက်လာသူများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းပြောကြားချက်ကို ဒေါက်တာလှမြတ်သွေးက "အစိုးရအဖွဲ့ အဆင်မပြေအောင် ဘယ်သူမှလုပ်လို့မရဘူး။ အစိုးရအဖွဲ့က ပြည်သူအတွက် အဆင်ပြေအောင် စီစဉ်ပေးနေရင်းပေါ့" ဟု ဖြည့်စွက်ပြော ကြားခဲ့သည်။

"NLDပါတီကို မဲမပေးသင့်ဘူး။ အနောက်အုပ်စုဘပ်သို့ ယိမ်းယိုင်နေတဲ့ပါတီ"ဟုလည်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောကြားခဲ့သည်။

ယင်းအပြင် အင်န်အယ်လ်ဒီနိုင်ပါက စစ်ပွဲများ ဖြစ်လာနိုင်ကြောင်း၊ နိုင်ငံခြာင်းသား နှင့် သွေးသားတော်မှုရှိသည့် ခေါင်းဆောင်ဖြစ်နေ၍ မဲမပေးသင့်ကြောင်း ပြောဆိုခဲ့ကြောင်း မီဒီယာများ ကဖော်ပြကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၆၆တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဉ်ီးရွေးကောက်တင်မြှောက်ခံရရေးအတွက် မဲဆွယ်ရာတွင် ပါတီ တစ်ခုခုကိုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ အကြမ်းဖက်ခြင်း၊ မမှန်မကန်စွပ်စွဲခြင်း၊ ရေးသားခြင်း၊ အများပြည်သူ ဆူပူမှုဖြစ်အောင် ဖန်းတီးခြင်းတို့သည့် တရားမဲ့ပြုကျင့်မှုများဖြစ်ကြောင်း ထည့်သွင်းရေးဆွဲထားသည်။

လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲ ပေးရန်သော်လည်းကောင်း၊ မပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေငြာချက်ထုတ်ခြင်း (သို့မဟုတ်) ယင်းသို့ ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်းကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required