စိန်ခေါ်မှုများ တင်းကြမ်းပြည့်နေဆဲ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု

စိန်ခေါ်မှုများ တင်းကြမ်းပြည့်နေဆဲ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု

ဆိုရှယ်လစ်နှင့် စစ်အစိုးရ အုပ်ချုပ်မှုအောက် ဆယ်စုနှစ် ငါးခုစာ ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး LDC နိုင်ငံဝင် ဖြစ်ခဲ့ပြီးနောက်ပိုင်း ၂၀၁၁ မတ်လတွင် တံခါးသစ်ဖွင့်လှစ်ကာ နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တိုးဝင်လာခဲ့သည်။
 
ယခင်အစိုးရ အုပ်ချုပ်သူများက မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု အရှိတရားကို ငြင်းဆန်သော်လည်း အစိုးရသစ်က ယင်းပြဿနာကို အသိအမှတ်ပြုပြီး အဓိက စီးပွားရေးမူဝါဒ ဦးစားပေးအဖြစ် ကိုင်တွယ်ဖြေရှင်းလာခဲ့သည်။ သမ္မတ ဦးသိန်းစိန် အုပ်ချုပ်မှုအောက်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်လာခဲ့ပြီး မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု ရေခံမြေကောင်းသည့် နိုင်ငံ တစ်နိုင်ငံအဖြစ် ဥပဒေများ ပြောင်းလဲပြင်ဆင်ကာ ဖော်ဆောင် ကြိုးစားလာခဲ့သည်။ ပြုပြင်ပြောင်းလဲမှုများနှင့် တံခါးဖွင့်လှစ်ခြင်းတို့က စီးပွားရေး စီးဆင်းမှုများကို အရှိန်မြှင့်စေပြီး သဘာဝ အရင်းအမြစ်များကို ထုတ်ယူရှာဖွေမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI သည် သဘာဝ သယံဇာတ အရင်းအမြစ်များတွင် လွန်စွာ အမှီပြုနေခြင်းဖြစ်သည်။ အထူးသဖြင့် ရေအား လျှပ်စစ်ထုတ်လုပ်ရေး၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများဖြစ်သည်။

သတ္တု တူးဖော်ရေး လုပ်ငန်းကား မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဖြစ်နေသည်။ သတ္တုတူးဖော်ရေးက ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကို ရရှိစေသည်။ မြန်မာ့ ကျောက်မျက်ရတနာ ကုန်စည်ပြပွဲတွင် တရားဝင် ကျောက်စိမ်းနှင့် ရတနာ ရောင်းချမှုက အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရှိခဲ့သည်။ သို့ရာတွင် တရားမဝင် လမ်းကြောင်းမှ အထူးသဖြင့် ကချင်ပြည်နယ်မှ တရုတ်သို့ ကျောက်မျက်ရတနာများ မှောင်ခိုရောင်းချမှုသည် ခန့်မှန်းခြေအားဖြင့် ၂၀၁၁ ခုနှစ် တစ်နှစ်တည်းတွင်ပင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ရှိသည်။

သတ္တုတူးဖော်ရေး စီမံကိန်း ဧရိယာများတွင် မြန်မာနိုင်ငံက စိန်ခေါ်မှုကြီး သုံးရပ်က ရင်ဆိုင်ရစမြဲ ဖြစ်နေသည့် အခြေအနေတွင်ရှိသည်။ မြေယာပိုင်ဆိုင်မှု ပဋိပက္ခ၊ သဘာဝသယံဇာတ ထုတ်ယူမှုကို ဆန့်ကျင်ကန့်ကွက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ပြဿနာများ ဖြစ်သည်။ ၂၀၁၃ ခုနှစ်အတွင်းက  Revenue Watch Institute ၏ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် ၅၈ နိုင်ငံတွင် အောက်ဆုံးအဖြစ် ဖော်ပြထားသည်။ အစိုးရက ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ခဲ့လင့်ကစား ၂၀၁၅ နိုဝင်ဘာ ပြီးနောက်ပိုင်း အစိုးရသစ်အတွက် စိန်ခေါ်မှုများက ကြိုလင့်နေမည်မှာ အမှန်ဖြစ်သည်။

အသိသာအရေးပါဆုံး မြေယာပဋိပက္ခ တိုက်ပွဲမှာ စစ်ကိုင်းတိုင်းရှိ တရုတ် ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာစီးပွားရေး ဦးပိုင် ကုမ္ပဏီတို့ ဖက်စပ်အကျိုးတူ လုပ်ဆောင်သည့် လက်ပံတောင်း ကြေးနီစီမံကိန်းဖြစ်သည်။ တရုတ်နိုင်ငံပိုင် လက်နက် ထုတ်လုပ်ရေး ကုမ္ပဏီ၏ လက်ခွဲ ကုမ္ပဏီတစ်ရပ်ဖြစ်သည့် ဝမ်ပေါင်နှင့် မြန်မာစစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီတို့ အကျိုးတူလုပ်ဆောင်သည့် ကြေးနီ တူးဖော်ရေး လုပ်ငန်းဖြစ်သည်။ 

ယင်း တူးဖော်ရေးလုပ်ငန်းအတွက် လယ်ယာမြေဧကပေါင်း ၇၀၀၀ ကျော်ထက်မနည်း သိမ်းယူရပြီး ကျေးရွာပေါင်း ၆၆ ရွာကို ရွှေ့ပြောင်းစေခဲ့ကာ မသင့်တော်သည့် လျော်ကြေးပေးခြင်းများနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ပြဿနာများ ရင်ဆိုင်ခဲ့ရပြီး ဒေသခံများ၏ ဆန္ဒပြ ကန့်ကွက်မှုများကို ဖြစ်ပွားစေခဲ့သည်။

ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေခဲ့၍ အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီကို စီမံကိန်းအား စောင့်ကြည့်လေ့လာရန် ခန့်အပ်ပေးခဲ့ကာ ပြုပြင်ပြောင်းလဲမှုများ အကြံပြုထားသည့် အစီရင်ခံစာအား တင်စေခဲ့သည်။ ယင်း အစီရင်ခံစာက အာဏာပိုင်များနှင့် ဒေသခံများကြား တင်းမာမှုများကို ပိုမိုဖြစ်ပေါ်စေခဲ့ကာ ဆန္ဒပြမှုများက ဆက်လက်ဖြစ်ပွား စေတော့သည်။

မြန်မာ့ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစိတ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် တိကျပြတ်သားသည့် စည်းမျဉ်း သတ်မှတ်ချက်များက မရှိပေ။ ဥပမာအားဖြင့် သြစတြေးလျ အကြံပေးကုမ္ပဏီ Knight Piésold က လက်ပံတောင်း ကြေးနီစီမံကိန်း လူမှု သက်ရောက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် သက်ရောက်မှုများကို အကဲဖြတ်ချက်တွင် စွန့်ပစ်ပစ္စည်းများမှ ထွက်ရှိ အက်ဆစ်သည် သဘာဝပတ်ဝန်းကျင်အတွက် မြေမျက်နှာပြင်နှင့် မြေရေအောက်တို့ကို လုံးလုံး ပျက်စီးသွားစေနိုင်သည့် အဆင့်ရှိနေကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံတွင် လွယ်ကူသည့် ပြုပြင်ပြောင်းလဲမှု အချို့ကို ဖော်ဆောင်နိုင်သော်လည်း အခြေခံမူ အချို့နှင့် ခက်ခဲသည့် ဖွံ့ဖြိုရေး စိန်ခေါ်မှုများစွာကို ကိုင်တွယ်ဖြေရှင်းရမည်က လက်ရှိအရှိတရားဖြစ်သည်။ နိုင်ငံက ကုလသမဂ္ဂလူသားဖွံ့ဖြိုးမှု အညွှန်းကိန်း  United Nations Human Development Index တွင် ၁၈၇ တွင် ၁၅၀ အဆင့်သို့ ရောက်ရှိနေသည်။ 

နိုင်ငံသားများ၏ လေးပုံတစ်ပုံသည် ဆင်းရဲမွဲတေမှု အဆင့်အောက် နေထိုင်နေရသည်။ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းစာလျှင် ကလေးသူငယ် သေဆုံးမှုသည် မြင့်တက်နေပြီး ကျန်းမားရေး ဝန်ထမ်းရှားပါးမှု များကြောင့်ဖြစ်သည်။ ဆင်းရဲသား မိသားစုများ၏ ကလေးငယ် ငါးဦးလျှင် တစ်ဦးနှုန်းက စာသင်ကြားနိုင်ခြင်း မရှိပေ။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူ့သက်တမ်းနှင့် သန့်ရှင်းသော ရေရရှိမှုသည် အာရှတွင် အနိမ့်ဆုံးဖြစ်သည်။

မြန်မာနိုင်ငံ၏ အနာဂတ်တည်ငြိမ်ရေး လမ်းကြောင်းအတွက် သတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူခြင်းကို ထိန်းသိမ်းမှုက အလွန် အရေးတကြီး လိုအပ်နေသည်။ တွင်းထွက် သယံဇာတမှ ဘဏ္ဍာငွေတိုးများအောင် လုပ်ဆောင်နေရသည့် နိုင်ငံအနေဖြင့် ပြည်နယ်ဒေသများနှင့် အကျိုးအမြတ်ခွဲဝေရေးက အရေးကြီးသည့် ကဏ္ဍရပ်ဖြစ်သည်။ သို့သော်လည်း ယင်းသို့ ဗဟိုအစိုးရနှင့် ပြည်နယ်ဒေသများ အကျိုးအမြတ် သာတူညီမျှခွဲဝေရေးက မြန်မာနိုင်ငံ၏ အဓိက ဖွဲ့စည်းပုံ စိန်ခေါ်မှုများမှ စိန်ခေါ်မှု ပြဿနာ တစ်ရပ်ပင်ဖြစ်သည်။

ကမ္ဘာ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်တစ်ရပ်ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ ရေနံ၊ ဓာတ်ငွေ့နှင့် ဓာတ်သတ္တု ကြွယ်ဝမှုမှ ရရှိမှုများအား ထုတ်ဖော်ပြသရန်လိုအပ်သည့် Extractive Industries Transparency Initiative (EITI) တွင် ၂၀၁၂ ခုနှစ် ဇွန်လတွင် မြန်မာအစိုးရက လက်မှတ်ရေးထိုးခဲ့သည်။ 

EITI တွင် ကုမ္ပဏီများအနေဖြင့် အများပြည်သူသိအောင် ငွေကြေးရင်းနှီးမြှုပ်နှံမှုကို ချပြရသကဲ့သို့ အစိုးရကလည်း ဖွင့်ချပြရမည်ဖြစ်ကာ လွတ်လပ်သည့် စီမံခန့်ခွဲသူများက ညှိနှိုင်းမှုများ ပြုလုပ်ပေးနိုင်သည်။ ယင်း EITI တွင် ပါဝင် လက်မှတ်ထိုးထားခြင်းဖြင့် အစိုးရ၏ သဘာဝ သယံဇာတ အရင်းအမြစ်များ ထုတ်ယူခြင်းမှ ရရှိသည့် ဘဏ္ဍာငွေကို အများသိအောင် အသိပေးရမည်ဖြစ်ပြီး အနာဂတ်တွင်လည်း ကုမ္ပဏီများအား လိုင်စင်ချထားပေးခြင်းတွင် ပိုမိုပွင့်လင်းမြင်သာမှု ရှိလာမည်ဖြစ်သည်။

အရေးကြီးဆုံးမှာ သဘာဝ အရင်းအမြစ်အခြေခံ လုပ်ငန်းများတွင် တိုင်းရင်းသား စီးပွားရေး မိတ်ဖက်များသည် အရေးကြီးဆုံးဖြစ်သည်။ သတ္တု တူးဖော်ရေးလုပ်ကွက်အများစုက ပြီးခဲ့သည့် နှစ်များအတွင်း စစ်ဘေးရှောင်၍ ဒေသခံများ ထွက်ပြေးကြရသည့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေရာ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် တည်ရှိနေခြင်းဖြစ်သည်။

သယံဇာတ ကြွယ်ဝရာ ပြည်နယ်ဒေသများ ရေရှည်တည်ငြိမ်ရေးသည် တူးဖော်ရေးလုပ်ငန်းများတွင် တာဝန်ပိုမိုယူမှုရှိသည့် စီမံခန့်ခွဲမှုများ ဖော်ဆောင်ပေးရေး ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူမှုရေးရာအဖွဲ့အစည်းများ၏ စောင့်ကြည့် ထောက်ပံ့ပေးခြင်းများနှင့် အတူ မြန်မာနိုင်ငံအတွင်းက စီမံကိန်းကြီးများ လက်သိပ်ထိုး လုပ်ဆောင်မှုများ နည်းပါးပြီး ပို၍ တာဝန်ခံမှုများ ရှိလာရန်ပင်ဖြစ်သည်။

ဇော်မြင့်လွင် ဘာသာပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly