တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ၏ မူဝါဒ သဘောထား

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၂ ။         ။ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၂ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မင်္ဂလာပါ

ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင် ဖြစ်ပါတယ်။

အခုလိုကျွန်တော်တို့ပါတီရဲ့မူဝါဒသဘောထား ရှေ့လုပ်ငန်းစဉ်များကို TV ဖန်သားပြင်ပေါ်မှတစ်ဆင့် ပြောကြားခွင့်ရရှိတာကလည်း ဒီမိုကရေစီရဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ပါတီမူဝါဒ သဘောထားရှေ့လုပ်ငန်းစဉ်တွေ မပြောခင်မှာ မိမိတို့လူမျိုး သမိုင်းစဉ်နှင့် ပါတီတည်ထောင်ခဲ့ရခြင်းကို အနည်းငယ်ပြောကြားလိုပါတယ်။

မိမိတို့ရှမ်းနီလူမျိုးတွေဟာ လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော် ကတည်းက ယခု ပြည်ထောင်စုမြန်မာနိုင်ငံတော် နယ်နိမိတ်အတွင်းမှာ ဝင်ရောက်နေထိုင်ခဲ့ကြပါတယ်။ ရှမ်းနီလူမျိုးတွေဟာ မြန်မာပြည်မြောက်ပိုင်းဖြစ်တဲ့ ယခု စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းဒေသတွေများမှာ ပျံ့နှံ့နေထိုင်ခဲ့ကြပါတယ်။ ထို့သို့ နေထိုင်ရာမှာ ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ်မင်းကိုယ့်ချင်းနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီး ပြီးနေထိုင်ခဲ့ကြတယ်ဆိုတာ ရှမ်းနီလူမျိုးဘာသာစကားနှင့် မှည့်ခေါ်ထားတဲ့ မြို့ဟာင်း၊ စေတီပုထိုးဟောင်းတွေ၊ မြို့အမည်၊ ရွာအမည်၊ တော၊တောင၊် မြစ၊် ချောင်း၊ အင်း၊ အိုင်အမည်များက ယနေ့ထိ သမိုင်းသက်သေထူ လျက်ရှိပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲများတွင်လည်း သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ ရှမ်းနီလူမျိုးထဲမှ လွတ်လပ်ရေးမော်ကွန်းဝင် ၆၈ ဦး ရရှိခဲ့တာကိုလည်း ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့ရှိရမှာဖြစ် ပါတယ်။ ပင်လုံစာချုပ်ချုပ်ဆိုရန်ပြင်ဆင်နေစဉ် ကချင်ပြည်နယ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ အဆင်မပြေသဖြင့် ဗိုလ်ချုပ်အောင်ဆန်းမှ ပြန်ရန်လေယာဉ်စီစဉ်ခိုင်းသည်အထိ ဖြစ်ခဲ့ရတာဟာလည်း ကျွန်တော်တို့ ရှမ်းနီလူမျိုးများ နေထိုင်ရာဒေသအရေးကြောင့်ဖြစ်တယ်ဆိုတာကို ပြည်သူလူထု ကြီးအား ပြောကြားလိုပါတယ်။ မြန်မာပြည်လွတ်လပ်ရေးအတွက် ရှမ်းနီ လူမျိုးများ နေထိုင်ရာဒေသ အရေးကြောင့်ဖြစ်တယ်ဆိုတာ ပြည်သူလူထု မှားနိုင်မယ်မထင်ပါဘူးလို့ ပြောကြားလိုပါတယ်။

လွတ်လပ်ရေးရရှိပြီးနောက် ရှမ်းနီလူမျိုးတွေရဲ့ အခွင့်အရေးအားလုံးလောက်နီးပါး ဆုံးရှုံးခဲ့ရပြီး မြေပျောက်၊ ရေပျောက်၊ စာပေပျောက်၊ ယဉ်ကျေးမှုတွေဖျောက်ဖျက်ခံရပြီး လူမျိုးပါ ပျောက်လုနီးပါး ဖြစ်ခဲ့ရပါ တယ်။ ဒါဟာလည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ အားနည်းချက်ကြောင့် ဖြစ်ခဲ့ရတယ်လို့ ပြောချင်ပါတယ်။

ဒါကြောင့်မို့ အတိတ်ကဖြစ်ခဲ့တာတွေကို သင်ခန်းစာယူ သုံးသပ်ပြီးရှမ်းနီလူမျိုးများနှင့် အတူနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကိုပြောဆိုပေးမယ့် နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ် လိုအပ်တယ်ဆိုတာ မိမိတို့ယုံကြည်ခဲ့ကြတယ်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအခွင့်အလမ်းများ ရရှိလာတဲ့အချိန်မှာပဲ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီကို တည်ထောင်ခဲ့ကြပါ တယ်။ ပြည်ထောင်စု ကြီးကတော့ မိမိတို့ပါတီကို ရှမ်းနီပါတီဟု လည်းကောင်း၊ ကျားနီပါတီဟု လည်းကောင်းအတိုကောက်ခေါ်ဆိုခဲ့ကြပါတယ်။ မိမိတို့ပါတီဟာ ရှမ်းနီလူမျိုးများနှင့်အတူနေ တိုင်းရင်သားများ ကို အခြေပြုပြီး မိမိတို့ဒေသအတွင်းမှာ ပထမ ဦးဆုံး ပေါ်ပေါက်လာခဲ့သော ပါတီတစ်ခုဖြစ်ပါတယ်။

ယခု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်မယ့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက် ရေးပါတီအနေဖြင့် လုပ်ငန်းစဉ်(၃) ရပ်ကို ချမှတ်ခဲ့ပြီး ပြည်သူ လူထုအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်။ လုပ်ငန်းစဉ် (၃)ရပ်ကတော့ (၁) ငြိမ်းချမ်းရေး၊ (၂) တန်းတူရေး၊(၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့ ဖြစ်ပါတယ်။ မိမိတို့ ကျားနီပါတီအနေနဲ့ လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်လောင်း ၅၄ ဦး ပါဝင်ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကို ဘယ်လိုဖော်ဆောင်ကြမှာလဲ။ နှစ်ဖက်စစ်ပွဲတွေကြားထဲမှာ ဒုက္ခရောက်ကြရတာက လက်နက်မဲ့ပြည်သူတွေပါ၊ ဒုက္ခဆိုတာကိုဘယ်လူမျိုးမှ လိုချင်ကြမှာ မဟုတ်ဘူး။ ဒီမိုကရေစီစနစ် မှာပြည်သူတွေရဲ့ ဆန္ဒကို အလေးထားရပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူ့ထံမှ ဆင်းသက်ရပါမယ်။ ယခုဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို သုံးသပ် ကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ပြည်သူ လူထုလွတ်မြောက်ရေးအတွက် တော်လှန်ရပါတယ်လို့ ပြောပါတယ်။

အစိုးရ တပ်မတော်ကလည်း ပြည်သူလူထုကို ကာကွယ်ရပါတယ်လို့ ဆိုပါတယ်။ နှစ်ဖက်ကြားထဲမှာ ဒုက္ခရောက်ကြရတဲ့ ပြည်သူတွေရဲ့ဆန္ဒကို အသိအမှတ်ပြု လေးစားသောအားဖြင့် စစ်ပွဲတွေရပ် ပြီးအောင်မြင်သော ငြိမ်းချမ်းရေးကြီးရရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါတယ်။ မိမိတို့ပါတီရဲ့ မူဝါဒတစ်ရပ်ဖြစ်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးကြီးရရှိအောင် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ အစိုးရတစ်ရပ်၊ သမ္မတတစ်ဦး၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့သာ သက်ဆိုင်တာမဟုတ်ဘဲ ပြည်သူလူထု တစ်ရပ်လုံးနဲ့လည်း ဆက်နွယ်ပတ်သက်နေပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုကြီး တစ်ရပ်လုံးကလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရအောင်လို့ မေတ္တာရပ်ခံလို ပါတယ်။

တန်းတူညီမျှရေးကိစ္စဟာလည်း အင်မတန်မှ အရေးကြီးတယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။ အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ တည်ဆောက်မယ်ဆိုရင် တန်းတူညီမျှမှုကို အခြေခံရမယ်လို့ မိမိတို့ ကျားနီပါတီအနေနဲ့ ခံယူထားပါတယ်။ တိုင်းရင်းသားလူမျိုးစုတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တန်းတူညီမျှရရှိကြမယ်ဆိုရင်တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးကြပြီး စည်းလုံးညီညွတ်၍ အင်မတန် မှ ပျော်ရွှင်ချမ်းမြေ့စရာကောင်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖြစ်လာမယ်လို့ ကျွန်တော်တို့ပါတီမှ ယုံကြည်ထားပါတယ်။

ဒါဆို တန်းတူညီမျှရရှိအောင် ဘယ်လိုလုပ်ကြမလဲ။ လူမျိုးစုတိုင်းဟာ ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး သဘောထားကြီးကြဖို့ လိုအပ် ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ လွတ်လပ်ရေး သမိုင်းကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးမရခင်ကလည်း တော်လှန်ရေး၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း ယနေ့ထိလည်း တော်လှန်ရေး၊ တော်လှန်ရေးတွေကြောင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အင်မတန်မှ နောက်ကျနေပါတယ်။ တော်လှန်ရေး ဘာကြောင့်ပေါ်ပေါက်လာရသလဲလို့မေးရင် တန်းတူညီမျှမှုမရှိလို့ဆိုတဲ့အပေါ်မှာ အဆုံးသတ်နေပါတယ်။

ဥပမာအနေနဲ့ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုကို လှပအောင်လုပ်ဖို့က တိုင်းရင်းသားလူမျိုးစုတိုင်းရဲ့ဆန္ဒအမှန်ဖြစ်ပါတယ်။ ကိုယ်မပိုင်တဲ့ပစ္စည်းတစ်ခုကို အတင်းလုယူထားပြီး ကိုယ့်ပစ္စည်းဖြစ်အောင် ပြုလုပ်နေမယ်ဆိုရင်တော်လှန်ရေးဆိုတာ ဆက်လက်ဖြစ်ပေါ်နေဦးမှာပါ။ အဲဒီလိုတွေ မဖြစ်ရလေအောင် ပြည်ထောင်စုကြီးနဲ့ဆိုင်တဲ့ တိုင်းရင်းသားများအားလုံးကို ညီတူမျှတူ လုပ်ပိုင်ခွင့်တွေ ပေးအပ်ခဲ့မယ်ဆိုရင် စစ်ပွဲတွေ ဖြစ်လာစရာအကြောင်း မရှိသလို ငြိမ်းချမ်းစွာနဲ့ နိုင်ငံတော်တည်ဆောက်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိတို့ပါတီအနေနဲ့ တန်းတူညီမျှရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ပြည်သူလူထုကြီးအား ပြောကြားလိုပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးဆိုတာဟာလည်း ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ ဆန္ဒဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိ အောင် ဘာကြောင့် ဆောင်ရွက်ချင်ရသလဲဆိုတဲ့ကိစ္စအပေါ် ပြည်သူလူထုကြီးအား ရှင်းပြလိုပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံကြီး မပေါ်ပေါက်မီမြန်မာရှင်ဘုရင်တွေရဲ့ အုပ်ချုပ်ရေးစနစ်ကို ပြန်သုံး သပ်ကြည့်ရင် နယ်စားပယ်စားများခန့်အပ်ထားခဲ့ပြီး ဘဏ္ဍာဆက်အဖြစ်နဲ့သာ အုပ်ချုပ်ခဲ့တဲ့စနစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ကိုယ့်ဒေသမှာ ထွက်ရှိတဲ့ ရေမြေ သယံဇာတ၊ သစ်တောသယံဇာတများနဲ့ တွင်းထွက်သယံဇာတများအစရှိသဖြင့် ကိုယ့်ဒေသတွင်းရှိ အရာအားလုံးလောက်နီးပါးကို စီမံခန့်ခွဲပိုင်ခွင့်ရရှိခဲ့ကြပါတယ်။ Power Sharing Resource Sharing  မျှမျှတတ ခွဲဝေကျင့်သုံးခဲ့

ကြတယ်ဆိုတာ တွေ့ရှိရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ကြီးအင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက်ပိုင်း တိုင်းရင်းသားတွေရဲ့ လုပ်ပိုင်ခွင့် တွေကို လက်ဝါးကြီးအုပ် စိုးမိုးခဲ့တဲ့ အတွက်ကြောင့် တော်လှန်မှုတွေဖြစ်ပွားခဲ့ပြီး ပြည်သူအများ အသက်အိုးအိမ်မြောက်မြားစွာ ဆုံးရှုံးခဲ့ရပါတယ်။

လွတ်လပ်ပြီး မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားလူမျိုးစုများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို အစဉ်ကြိုးပမ်းလာခဲ့ကြသည်မှာ ယနေ့အထိပင်ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားများ လိုလားလျက်ရှိတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို မိမိတို့ပါတီအနေနဲ့ကြိုးပမ်းဆောင်သွားမှာဖြစ်ပါတယ်။ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ တည်ထောင်ပြီးနောက် သုံးနှစ်ကျော်ကာလအတွင်း ပြည်သူလူထုအကျိုး၊ မိမိတို့ရှမ်းနီလူမျိုးတို့အကျိုးကို ဆောင်ရွက်ခဲ့ရခြင်းနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ်ကိစ္စရပ်များကိုလည်း ပြည်သူလူထုတစ်ရပ်လုံးအားပြောကြား လိုပါတယ်။

မိမိတို့ကျားနီပါတီကို တည်ထောင်ပြီးနောက် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့စစ်ပွဲများအတွင်း ဒုက္ခရောက်ခဲ့ကြတဲ့ရှမ်းနီလူမျိုးးများနဲ့အတူနေတိုင်းရင်းသားတို့အရေးကို တစိုက်မတ်မတ်ပြောဆိုဆောင်ရွက် လာခဲ့ပါတယ်။ ထိုသို့ပြာဆိုလာခဲ့သည့်အတိုင်း သက်ရောက်မှုများရှိလာခဲ့ပြီးဖြေလျှော့မှုများရှိလာတာကိုလည်း ကချင်ပြည်နယ်အတွင်းနေထိုင်ကြသော ပြည်သူလူထုများ အသိဖြစ်ပါတယ်။

မိမိတို့ရှမ်းနီလူမျိုးအမည်နှင့်ပတ်သက်ပြီး နိုင်ငံရေးစနစ်တစ်ခု၏ အခြေအနေအရ အမည်နာမကိုးမျိုးဖြင့် ခေါ်တွင်လျက်ရှိသည်ကို မြန်မာနိုင်ငံရေးတွင် ပါဝင်လှုပ်ရှားနေကြသော ရှမ်းနီလူမျိုးများက အစည်းအဝေးသုံးကြိမ်ပြုလုပ်ပြီး လူမျိုးအမည်တစ်မျိုးတည်း ဖြစ်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။ သုံးကြိမ်စလုံး မှာ ရှမ်းနီလို့ေါ်တွင်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ရှမ်းနီအမျိုးသားထုတစ်ရပ်လုံးရဲ့ ဆုံးဖြတ်ချက်ကို မိမိတို့ကျားနီပါတီအနေနဲ့ လိုက်နာခဲ့ပြီး ၂၀၁၄ သန်းခေါင်စာရင်းကောက်ချိန်မှာ ရှမ်းနီအမည် ထည့်သွင်းနိုင်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းမှာ ရှမ်းနီလူမျိုးများ နေထိုင်လျက်ရှိတာကို မြန်မာရော၊ ကမ္ဘာကပါ သိရှိသွားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ကျားနီပါတီ တည်ထောင်ပြီးနောက်ပိုင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင်တက်ရောက်ဆွေးနွေးခွင့် ရရှိခဲ့ပါတယ် ထိုဆွေးနွေးပွဲများမှာ စစ်ပွဲများတွင် အတိဒုက္ခရောက်ခဲ့ကြတဲ့ ရှမ်းနီ လူမျိုးများနဲ့ အတူနေ တိုင်းရင်းသားများအရေးကိုပြောဆိုခဲ့ပြီး နိုင်ငံရေးအရ လူမျိုးစုတိုင်းရင်းသားအခွင့်အရေးကိုယ်စီရရှိအောင်လည်း တင်ပြဆွေးနွေးခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲများမှာလည်း တိုင်းရင်းသားများလိုလားလျက်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင်ပြည်နယ်သစ်များအတွက် မူဘောင်ထည့်သွင်းရေးကို တင်ပြခဲ့ပါတယ်။

လက်ရှိအစိုးရအဖွဲ့မှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီး ရက် ၆၀ အတွင်း Political Frame Work (နိုင်ငံရေးမူဘောင်)ရေးဆွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလိုရေးဆွဲတဲ့ အချိန်မှာ ပြည်နယ်ရသင့်ရထိုက်သော တိုင်းရင်းသားလူမျိုးများအတွက် မူဘောင်သစ်တစ်ခုသတ်မှတ်ပြဋ္ဌာန်းနိုင်ရန် တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ပြည်နယ်သစ်များအတွက် မူဘောင်တစ်ခုသတ်မှတ် ထားမှသာ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ်နိုင်တယ်လို့ မိမိတို့ပါတီမှ ခံယူထားပါတယ်။ မိမိတို့ပါတီဟာ တိုင်းရင်းသားလူမျိုးများအားလုံး လိုလားတောင့်တလျှက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ် ထွန်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကို လေးစားလိုက်နာရေး၊ တိုင်းရင်းသား လူမျိုးများနိုင်ငံရေးအရ အခွင့်အရေးတန်းတူရရှိရေးအတွက် စွမ်းစွမ်း တမံဆောင်ရွက်သွားမယ့် ပါတီတစ်ရပ်ဖြစ်ပါတယ်။ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ မိမိတို့ရှမ်းနီလူမျိုးများကို ချစ်ခင်လေးစားပြီး အခြားသောတိုင်းရင်းသားလူမျိုးများအားလည်း ညီရင်းအစ်ကိုတမျှ ခင်မင်ရင်းနှီးစွာဆက်ဆံသွားပါမယ်။ ဒါကြောင့် မှေးမှိန်နေတဲ့ရှမ်းနီလူမျိုးရဲ့ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနှင့် သမိုင်းကြောင်း တို့ကိုဖော်ထုတ်မြှင့် တင်ထိန်းသိမ်းသွားမှာဖြစ်ပြီး အခြားသောတိုင်းရင်းသားလူမျိုးများရဲ့စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာထုံတမ်းအစဉ်အလာများကိုလည်း လေးစားသမှုပြုပြီး အပြန်အလှန်လိုက်နာသွားကြရန် လိုလားကြောင်းပြော ကြားလိုပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ အမျိုးသမီးများနှင့် လူငယ်များ၏ အခန်းကဏ္ဍကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်အောင်ဆောင်ရွက်ထားပါ တယ်၊ မြန်မာအမျိုးသမီးများအနေနဲ့ အိမ်မှုကိစူ္စများသာ ဆောင်ရွက်နေရခြင်းထက်နိုင်ငံရေးတွင်  အမျိုးသမီးများ ပိုမိုပါဝင်လာစေချင်ပါတယ်။ ယခုကျားနီပါတီမှရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၄ ဦး ယှဉ်ပြိုင်ရာမှာ အမျိုးသမီးကိုးဦးပါဝင်လာနိုင်ခဲ့ပါတယ်။ နောင်ကျင်းပမည့်ရွေးကောက်ပွဲတွင်လည်း နိုင်ငံရေးအသိပညာကြွယ်ဝသော အမျိုးသမီးနိုင်ငံရေးသမားများ ပိုမိုပါဝင်လာအောင် မိမိတို့ပါတီအနေနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံရေးကို မျှော်တွေးကြည့်လျှင် လူငယ်များရဲ့ အခန်းကဏ္ဍဟာလည်း အင်မတန်အရေးကြီးပါတယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့ ရိုးသားဖြောင့်မတ်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံရေးသမားများ ပေါ်ထွန်းလာရန်လည်း လိုအပ်ပါတယ်။ ယင်းကဲ့သို့ ပေါ်ထွန်းလာနိုင်ရန်မိမိတို့ပါတီအနေနဲ့ လူငယ်မျာ၏နိုင်ငံရေးအမြင် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ဒေသအသီးသီးမှ လူငယ်အချင်းချင်းတွေ့ဆုံပြီး နိုင်ငံရေးစကား ဝိုင်းများ ပြုလုပ်ဖလှယ်ခြင်း၊ သင်တန်းများသို့ တက်ရောက်စေခြင်းတို့ကို ဆောင်ရွက်နေပါတယ်။ ယနေ့လူငယ်အကြောင်းပြောရလျှင် မူးယစ်ဆေးဝါးဆိုတဲ့အရာကလည်း ဒွန်တွဲပါလာပါတယ်။ မူးယစ်ဆေးဝါးဟာ လူငယ်များကို ခြိမ်းခြောက်နေတဲ့အန္တရာယ်ဖြစ်သလို မိမိတို့တစ်မျိုးသားလုံးရဲ့ အန္တရယ်

လည်းဖြစ်ပါတယ်။ မူးယစ်ဆေးဝါးများကို လူငယ်များအနေနဲ့လည်း မသုံးစွဲမိစေရန်နှင့် သုံးစွဲနေသောလူငယ်များအား မူးယစ်ဆေးဝါး၏ ကြီးမားလှသောအန္တရာယ်အကြောင်းကို နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းလုပ်ငန်း များလုပ်ဆောင်ရန် မိမိတို့ပါတီအနေနဲ့ စီစဉ်ဆောင်ရွက်နေပါတယ်။

နိဂုံးချုပ်အနေဖြင့် မိမိတို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ မိမိတို့လူမျိုးသမိုင်းမှာ ရှမ်းနီလူမျိုးများကို အခြေခံပြီး ပထမဆးုံ ပေါ်ပေါက်လာသော ပါတီဖြစ်ပါတယ်။ လူမျိုးတစ်မျိုးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအဖွဲ့အစည်း အားကောင်းခိုင်မာလာတာနဲ့အမျှ မိမိတို့အတူနေတိုင်းရင်းသားများပါ ယုံကြည်အားကိုးချစ်ခင်လေးစားလာကြမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရှမ်းနီလူမျိုးများနှင့်တကွ အတူနေတိုင်းရင်းသားများအားလုံး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကျားနီအမှတ်တံဆိပ်ပါတဲ့ မိမိတို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကို မဲပေးရင်း ညီညွတ်ခြင်းကို ပြကြပါစို့လို့ပြောကြားလိုပါတယ်။

ပြည်သူအားလုံးကိုကျေးဇူးတင်ပါတယ်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ

 ၁။  ပါတီအမည်  -  တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ
 ၂။  ပါတီအမည်(English)  -  Tai-Leng Nationalities Development Party (T.N.D.P)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၀.၁.၂၀၁၂
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၈ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးဌေးအောင်၊ ဦးစောဝင်းထွန်း
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၆.၂.၂၀၁၂
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၈.၃.၂၀၁၂
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၀.၅.၂၀၁၂
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၅၃)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးစိုင်းဌေးအောင် ၊ ဦးစိုင်းအုန်းအုန်း(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  တ-၂/၈၅ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၉-၄၇၀၁၅၅၄၃ (ဦးစိုင်းဌေးအောင်)၊

 ၀၉-၂၀၁၆၉၁၆ (ဦးစောဝင်းထွန်း)

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required