အဘ ဦးတင်အေး ပြန်လိုက်ခေါ်ပေး

နိုဝင်ဘာ ၈ ရက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ မဲပေးရမှာမို့ ပျော်နေတဲ့ အပျော်လေးတွေတောင် ဘယ်ပျောက်ကုန်ပြီမသိ။

မဲစာရင်းထဲမှာ ကျွန်တော်တို့ မိသားစုတစ်တွေ အားလုံး နာမည်တွေ ပါတယ်။ ဝမ်းသာစရာ .... အဲ....။

မိသားစုအားလုံးရဲ့ နောက်မှာ မွေးနေ့တွေအားလုံး တစ်ရက်တည်း၊ တစ်လတည်း၊ ၂၉ ရက် ၆ လ တဲ့။ ဒါလည်း ဝမ်းသာစရာလေလား မသိတတ်ပြီ။

အံမယ်.... ကိုယ်မှ၊ ကိုယ့်မိသားစုမှ မဟုတ်၊ ကိုယ်နဲ့အတူ စာရွက်တစ်ရွက်တည်းမှာ ပါတဲ့ လူတချို့ ကလည်း ၂၉ ရက် ၆ လပဲ။

သည်တစ်ခါ ဇွန်လ ၂၉ ရက်ကျရင် အားလုံးပေါင်းပြီး မွေးနေ့ပွဲ ကျင်းပလိုက်မယ်။ ကုန်ကျ စရိတ် သက်သာတာပေ့ါ။ ဟုတ်ဘူးလား..... အဟက်...ဟက်။

မိုးညိုမြက နိုင်ငံသားမှ နိုင်ငံသားစစ်စစ်။ နိုင်ငံသားမှတ်ပုံတင်ကို ၁၂/ရကန(နိုင်) .......... နံပါတ်ကြီးနဲ့ ရထားတာ။ အဲဒါဗျာ…မဲစာရင်းမှာ စီအေ………….နံပါတ်ကြီးနဲ့ ပါလာတယ်။ တော်သေးတာပေါ့။ အဲသည်နံပါတ်က နိုင်ငံသားကတ်ပြားပေါ်မှာ မထင်တထင်လေး ပါနေလို့။

ဒါပေမဲ့ လွဲတာတွေက သားသမီးတွေရဲ့ မှားနေတဲ့ မွေးနေ့တွေရဲ့နောက်မှာ နိုင်ငံသား မှတ်ပုံတင်အမှတ် တွေ ပါမလာကြတာပဲ။ သွားပြီပေါ့၊ မဲ ပေးခွင့် ဆုံးရှုံးပြီပေါ့။

မောင်မိုးညိုမြ စဉ်းစားတယ်။ အကြီးကြီး စဉ်းစားတယ်။ မဲစာရင်း ပြုစုသူတွေက စီအေ တို့လို၊ အက်စ်/အိုကေအေ တို့လို၊ အင်န်/အိုကေအေ တို့လို၊ အယ်လ်အမ်ဒီ တို့လို၊ တီကေအေ တို့လို နံပါတ် တွေပဲ ဖတ်တတ်တယ် ထင်ပါရဲ့။

သားတွေ၊ သမီးတွေက နိုင်ငံသားကတ် လုပ်ပေးတဲ့ ကာလမှာ မွေးတာမို့ သူတို့မှာ နိုင်ငံသားကတ်ပဲ ရှိတယ်။ အရင်မှတ်ပုံတင်တွေ၊ အဲ.... သုံးခေါက်ချိုး တစ်နည်းပြောရရင် .. ပန်းရောင်တို့၊ အစိမ်းရောင်တို့ မရှိ။

ဒါတွေက ရခိုင်ပြည်နယ်ဘက်တော့ မြောက်ပိုင်းမှာ တော်တော်များများ ရှိမယ်။ ဒါတွေများ ဦးစားပေး တာလေလား။

ဒါလည်း ဟုတ်ချင်မှ ဟုတ်မှာပါလေ။ ထင်ရာမြင်ရာ လျှောက်တွေးနေတာလည်း ဖြစ်မှာပေ့ါ။ ဒါပေမဲ့... နိုင်ငံသားကတ်ကို အသိအမှတ် မပြုတာကတော့ စဉ်းစားလို့ကို မရ။ ဘယ်လိုဘယ်ပုံ ရွှေဉာဏ်တော် စူးရောက်ပြီး ဆုံးဖြတ်သည် မသိပြန်။

ပိုဆိုးတာ ပြောတော့မယ်။ ဟင့်... ရွှတ်…ဖတ်။ အဘ ဦးတင်အေး ဖြေရှင်းမှ ရမယ့်ကိစ္စ။ အီး…ဟီး… ဟီး…ရွှတ်... ဖတ်။

မောင်မိုးညိုမြ ဇနီး၊ နာမည်က စီနီယာ…အဲ.. အမှတ်စဉ်အရ.. အရင်ဆုံး စာရင်းထိပ်မှာ ပါလာတယ်။ အက်စ်/ အိုကေအေ နံပါတ်ဟောင်းနဲ့ ပါလာတာက လွဲရင် အားလုံး အမှန်။ မဟေသီ မိဖုရားခေါင်ကြီး ဆိုတော့ အိမ်ထောင်ဦးစီး မဟုတ်သည့်တိုင် ဦးစားပေး နံပါတ် ဝမ်း ဂဏန်း တစ် ထိပ်ဆုံးက လာရမှာပေ့ါ။ ဟုတ်ဘူးလား။

ပြီးတော့ သမီးကြီး၊ ပြီးတော့ တတိယမြောက်သား နို့ညှာကောင်၊ ပြီးတော့ ဒုတိယသား၊ နောက်ဆုံးက အထွေးဆုံး သား၊ ပြီးမှ အိမ်ထောင်စုမှာ Bread Winner… အင်္ဂလိပ်စာမှ မပါရင် အထင်စမောသွားမှာ စိုးလို့…အဲ… အဓိက ဝင်ငွေရှာသူဆိုတဲ့ အိမ်ထောင်ဦးစီးဆိုလည်း ဟုတ်ရဲ့၊ အငယ်ဆုံးလေးဆိုလည်း ဟုတ်ရဲ့ (သူငယ်ပြန်နေ တာကို ပြောတာ မဟုတ်ဘူးနော်) ကျွန်တော်မျိုး အကောင်းစားလေး မောင်မိုးညိုမြ။

အိမ်ထောင်စုစာရင်းမှာလည်း မိုးညိုမြက အရင်ဆုံးပါ။ နောက်မှ မိန်းမ၊ ပြီးမှ သမီးကြီး၊ နောက်က သားလတ်၊ သူ ပြီးတော့ နို့ညှာကောင်၊ နောက်ဆုံး သားထွေးလေး။ သားသမီးလေးယောက် အဲ…ငါးယောက် …အဲလေ…လေးယောက်…ရှိတာကိုးခင်ဗျ။

အဲ.... ငါးယောက်များ ရှိနေသလားဗျာတို့။ သည်လိုပါဗျာ။

ကျွန်တော်တို့ အမည်စာရင်းတွေ ပါတဲ့ မဲစာရင်းစာရွက်မှာ အငယ်ဆုံးသားအမှတ်စဉ်က ၁၁၅၀၇ ပါ။ အပေါ်နားကျကျ ၁၁၅၀၂ မှာ ဒီကောင်နာမည်ရှေ့မှာ ''မ'' ပါလာတယ်။ နန္ဒဆိုပြီး ခပ်မာမာ ပေးထားတဲ့ နာမည်က နန္ဒာဆိုပြီး နာမည်လှလှလေး ဖြစ်သွားတယ်။

ဒါတင်လား..... ဘယ်ဟုတ်ရမလဲ။ မွေးနေ့ကတော့ အမှား၊ ၂၉ ရက် ၆ လ ဆိုတာချည်းပဲ။ ကဲ…ထားတော့။ နိုင်ငံသားမှတ်ပုံတင်က ၁၂/ ဥကမ(နိုင်) ..... နဲ့ အမှန်ဗျ။ ကျွန်တော့် သားနာမည် အမှန်နောက်မှာ ဘာမှတ်ပုံတင် အမှတ်မှ မပါဘူးလေ။ အဲသည် အတုက အစစ်ခင်ဗျ။ မဲပေးခွင့် ရှိတယ်။ အစစ်ကတော့ နိုးပဲ၊ မဲပေးခွင့် မရှိဘူး။

ဒါပေမဲ့ ပြဿနာက အဖေ မိုးညိုမြပေ့ါဗျာ။ ကျွန်တော်ပါ…မှန်နေသေးတယ်။ အမေနာမည်... စပြီ။ လွဲပြီ။ လွဲတာ တစ်လုံးတည်း၊ နာမည်နောက်ဆုံးစာလုံး(ယဉ်) ကို (ရင်) လုပ်ထားတယ်။ အိမ်အမှတ် တူတယ်။ လမ်း နာမည် လွဲတယ်။

ကဲ... နာမည် နည်းနည်း လွှဲထားတယ်။ ''ကျား'' ကို ''မ'' ပြောင်းထားတယ်။ မှတ်ပုံတင် မှန်တယ်။ အဖေ ကျွန်တော်…မှန်တယ်၊ အမေ နာမည်လွဲတယ်။ လိပ်စာမှာက အိမ်အမှတ် မှန်တယ်။ လမ်းနာမည် လွဲတယ်။

အဲသည် အမှတ်စဉ် ၁၁၅၀၂ နာမည်နဲ့ ကြိုတင်မဲ ဆိုပြီး မဲရုံမှာ မဲပေးတဲ့နေ့ကျမှ သွားပေးလိုက်ရင် ကဲ…ဘယ်သူ သိမလဲ…အိုး... ဟိုး...ဟိုး... ဘယ်သူ သိမလဲ... ဆိုပြီး ပေါက်ကွဲသံစဉ်နဲ့ ကေတီဗီ သွားဆို... အဲ... အော် ဆိုရတော့မလား မသိ။

သို့ပေသည့် ပေါက်ကွဲသံစဉ်အစစ်က အဲသဟာ မဟုတ်လေ။ “နေစမ်းပါဦး၊ တော်... ဘာငြင်းချင်သေးလဲ ဟင်။ စာရင်းနဲ့ အင်းနဲ့ အဖြူပေါ် အမည်း တင်ထားတာ။ ဘာတဲ့ မနန္ဒာ... အဖေ... မိုးညိုမြတဲ့... ဘယ်ကောင်မနဲ့ ရှုပ်ပြီး ရှင် မွေးထားတာလဲ…” “ ငါ မမွေးပါဘူးကွာ။ မွေးချင်း မွေး…သူ့ အမေပဲ မွေးမှာပေါ့…ပေါ့…ပေါ့…” “ တော်ပါ…ပါးစပ်ထဲ ရှိတာ လျှောက်ပြောမနေနဲ့။ နာမည်ကလည်း...တူစရာ ရှားလို့တော်… ကျုပ် နာမည်မှာ နောက်ဆုံးစာလုံးလေးပဲ သီသီ လွဲတယ်။

''တော်ပါပေတယ်။ ကိုရွှေမိုးညိုမြရယ်…သည်ဘ၀ သည်မျှသာပဲ.. တာ့တာ .. သွားပြီ” အဲသလိုနဲ့ ဖဲရိုက်ဖို့ အိမ်ပေါ်က ဆင်းသွား...အဲလေ…စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားပါတော့တယ်။

အဘရေ.. အဘ ဦးတင်အေးရဲ့... အဘ လုပ်မှ ကျွန်တော်လည်း သမီးတစ်ယောက် ထပ်ရ။ အိမ်က မိန်းမလည်း ဆင်းသွား...၊ အီး...ဟီး...ရွှတ်...ဖတ်...မရဘူး...မရဘူး...၊ ဒီကိစ္စ အဘကိုယ်တိုင် ပြန်ရှင်း.... အဘကိုယ်တိုင် လိုက်ခေါ်ပေး အဟီး...ရွှတ်...ဖတ်…။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags