မုံုကုုိး၌ တပ်မတော် ထိုးစစ်ရပ်၍ တပ်များဆုတ်ခွာနေပြီး မုုိးမိတ်နှင့် မန်စီတို့တွင်မူ ဆက်တိုက်နေဆဲ

မုံုကုုိး၌ တပ်မတော် ထိုးစစ်ရပ်၍ တပ်များဆုတ်ခွာနေပြီး မုုိးမိတ်နှင့် မန်စီတို့တွင်မူ ဆက်တိုက်နေဆဲ

ချင်းမိုင်၊ စက်တင်ဘာ ၂၃ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်အတွင်း ထိုးစစ်ဆင်နေသော မြန်မာအစိုးရ စစ်တပ်များ ယမန်နေ့မှ စတင်၍ ပြန်လည် ဆုတ်ခွာသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း လက်မှတ်ရေး ထိုးရန် ဖိအားပေးနေခြင်း ဖြစ်သည်ဟု KIA တပ်မဟာ ၄ မှ ဗိုလ်မှူးကြီး ဇော်ဂမ်က ပြောသည်။

မုံကိုးမြို့နယ်အတွင်း KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ လှုပ်ရှားနေသော လွိုယ်ဂျွန်းဘွမ် (တောင်)သို့ အစိုးရ၏ စကခ ၁၆၊ ရမခ လက်အောက်ခံ တပ်ဖွဲ့များ၊ တပ်မ ၉၉ မှ တပ်ဖွဲ့ အင်အား ၁,၀၀၀ ဝန်းကျင် ထိုးစစ်ဆင်တိုက်ခိုက်နေရာမှ စက်တင်ဘာလ ၂၂ ရက်တွင် ပြန်လည် ဆုတ်ခွာသွားသဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့ကြောင်း ၎င်းက မဇ္ဈိမကို ပြောသည်။

“မနေ့ကနေ အစိုးရ စစ်တပ်က လွိုင်ဂျွန်ဘွမ် တောင်ရောက်ပြီး လားရှိုးဘက်ကို ပြန်ဆင်းသွားကြပြီ။ တက်လာတာက ၁,၀၀၀ ပတ်ဝန်းကျင် ရှိတယ်။ ခုတော့ စစ်ကြောင်း တစ်ကြောင်းပြီး တစ်ကြောင်း ဆင်းသွား ကြပြီ” ဟု ဗိုလ်မှူးကြီး ဇော်ဂမ်က မဇ္ဈိမကို ပြောသည်။

“သူတို့(အစိုးရ) စစ်တပ် ထင်တာက လွိုယ်ဂျွန်ဘွမ်မှာ ကေအိုင်အေရဲ့ တပ် အခိုင်အမာ အခြေချ ထားမယ်လို့ ထင်နေတယ်။ ဒါကြောင့် လွိုင်ဂျွန်ဘွမ်မှာ ရှိတဲ့ ကျနော်တို့ တပ်ကို လာတိုက်ဖို့လာတာ။ အဲဒါ ကျနော်တို့ တပ်လည်း ဘာမှ မရှိဘူးဆိုတော့ သူတို့ပြန်ဆုတ်သွားတဲ့သဘောရှိတယ်” ဟု ၎င်းက ပြောသည်။

အစိုးရဘက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း(NCA) ကို လက်မှတ်ရေး ထိုးစေလို သဖြင့် KIA အား စစ်ရေးဖြင့် ဖိအားပေးလာခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ဇော်ဂမ်က သုံးသပ်သည်။

စက်တင်ဘာလ ဒုတိယပတ်မှစတင်၍ အစိုးရ စစ်တပ်က KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၄၊ ၃၆၊ ၃၈၊ ၃၉ နယ်မြေရှိရာ မုံကိုးမြို့နယ်နှင့် မိုးမိတ်မြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်သည်။

မိုးမိတ်မြို့နယ်အတွင်း ကေအိုင်အေ တပ်ရင်း ၃၄ ရှိရာတွင်လည်း အစိုးရ စစ်တပ်၏ တပ်မ ၇၇၊ ၈၈ တပ်ဖွဲ့များ အင်အား ၂၀၀ ဝန်းကျင်က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ဇော်ဂမ်က ပြောသည်။

အလားတူ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေ ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရ စစ်တပ်ဘက်မှ အင်အား ထပ်မံ ဖြည့်တင်းလာ သည်ဟု သိရကြောင်း KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

“နှစ်ဘက် လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်နေကြတယ်။ ဒီမနက် ၁၁ နာရီမှာ သူတို့ တက်လာလို့ ကျနော်တို့ ဘက်က လက်နက်ကြီးနဲ့ ပစ်လိုက်တယ်။ ဒီညနေ စစ်ကူတက်လာ၊ မိုင်းခေါင် ဘက်တက် လာတယ်လို့ ပြောတယ်။ ခု ဘယ်ရောက်နေလဲဆိုတာတော့ မသိဘူး” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားလာသဖြင့် မန်စီမြို့နယ်တွင်းရှိ လိုင်ကာဇွပ်ဂျာ၊၊ မုန်းလူ၊ ဂျေဆောင်၊ ဖဂါရိုင်နှင့် ကုန်းခါးပါ စသည့် ကျေးရွာ ၅ ရွာမှ ရွာသားပေါင်း ၂၀၀ ကျော်သည် မိုင်းခေါင်ဒုက္ခသည်စခန်းသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required