မြေအုတ်တို့ပြိုရာမှာ ကျောက်အုတ်တို့နဲ့ အစားထိုးရမယ့် နိုဝင်ဘာ

မြေအုတ်တို့ပြိုရာမှာ ကျောက်အုတ်တို့နဲ့ အစားထိုးရမယ့် နိုဝင်ဘာ

ရန်ကုန်၊ စက်တင်ဘာ ၂၃။             ။ အရင် စစ်အာဏာရှင် ခေတ်တွေမှာတော့ နိုင်ငံရေးလို့ ပြောလိုက်ရင် မစားကောင်းတဲ့ အသီးတခုလို ထိတ်လန့်နေကြတဲ့အတွက် အခုလို နိုင်ငံရေးမှာ လူငယ်တွေ အားလုံးပါဝင်လာဖို့ အတွက်ကတော့ အချိန်တခု ယူရဦးမှာပါ။

မျိုးဆက်တစ်ခုကို လက်ဆင့်မကမ်းခဲ့ရင် မကမ်းတဲ့ အဖွဲ့ ပါတီက ရေရှည်တည်တံ့ဖို့ မလွယ်ပါဘူး ပါတီတာဝန်ရော နိုင်ငံ့တာဝန်ကိုရော မျိုးဆက်သစ်တွေကို လွှဲပြောင်းပေး ရမှာပဲ ရွှံ့အုတ်တို့ပြိုရာ ကျောက်အုတ်နဲ့အစားထိုး ဆိုသလို ပါတီတွေ ရေရှည်တည်တံ့ ခိုင်မြဲဖို့ဆိုရင်လည်း လူငယ် မျိုးဆက်သစ်တွေကို ဦးစားပေးပြီးတော့ ရှာဖွေရမှာပါပဲ။

လူငယ်တွေကလည်း နိုင်ငံရေးမှာ ပိုပြီးလည်း စိတ်ဝင်စားလာတယ်။ နိုင်ငံ့ ဖွံ့ဖြိုး တိုးတက်ရေးတွေမှာလည်း မဆိုင်းမတွပါလာကြတာ အားရစရာကောင်းသလို  ပရဟိတ စိတ်မှာလည်း လူငယ်တွေရဲ့ကဏ္ဍဟာ အခုရေဘေးသင့် ဒေသတွေကိုပဲ ကြည့်ပါ လူငယ်တွေ အချိန်ကုန် လူပမ်းခံပြီး အားတက်သရော လုပ်ဆောင်နေကြတာဟာ ပီတိဖြစ်စရာပါ။

NLD ပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တဦးဖြစ်သူ ဦးနေဘုန်းလတ်ကလည်း နိုင်ငံရေးဆိုတာ လူကြီးတွေချည်းပဲ လုပ်ရမယ့် အလုပ်မျိုးမဟုတ်ဘဲ လူကြီး၊ လူငယ်နဲ့ အမျိုးသမီး တွေအကုန်လုံး ဆုံတွေ့တဲ့ ကစားကွင်းတခုဖြစ်မှ အမြင်စုံ၊ ကဏ္ဍစုံနဲ့ အရောင်စုံမှာလို့ ဆိုပါတယ်။

NLD က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော ်ကိုယ်စားလှယ်လောင်း ဘလော့ဂါ ကိုနေဘုန်းလတ် ဟိုးအရင်တုံးက ဆိုရင် လူငယ်တွေတင်မကဘူး လူငယ်တွေရဲ့ မိဘတွေကပါ နိုင်ငံရေးဆိုတာ မစားကောင်းတဲ့အသီးလို လက်ရှောင်တတ်ကြပါ တယ်တဲ့။

အရင်တုန်းက နိုင်ငံရေးဆိုရင် ရှောင်ကြတယ်လေ။ လူငယ်တင်မကဘူး။ လူငယ်တွေရဲ့ မိဘတွေကအစ နိုင်ငံရေးဆိုရင် ကြောက်တယ်လေ။ ဒါပေမယ့် အခု ပွင့်လင်း လွတ်လပ်လာတဲ့အခါမှာ အခြေနေ ပြောင်းလဲသွားတာနဲ့အမျှ စိတ်ဝင်စားမှုလည်း ပိုတိုးလာတာပေါ့။ အခုဆိုရင် NLDရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် တွေမှာဆိုရင် အစ်ကိုသိသလောက်တော့ ၁၂ရာခိုင်နှုန်းလောက်ပါလာတယ်။ ပါလာတော့ လူငယ်တွေက အပြင်မှာတင်မဟုတ်တော့ပဲနဲ့ လွှတ်တော်ထဲအထိသွားပြီးတော့ နိုင်ငံရေးကို ပိုပြီးထဲထဲဝင်ဝင် လုပ်ကြတော့မှာ တွေ့ရတယ်ပေါ့နော်။ ဒါက အမှန်တိုင်းပြောမယ်ဆိုရင် တိုင်းပြည်အတွက် တကယ့်ကို အားတက်စရာ အခြေနေ တစ်ခုပေါ့နော်။

 

လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ လူငယ်တွေအပေါ်မှာ ရင်းနှီးမြှုပ်နှံရပါမယ်။ လူငယ်တွေ နိုင်ငံရေးမှာပါဝင် လာခြင်းကို အပြုသဘော လက်ခံရပါမယ်။ လူငယ်တွေရဲ့အား၊ အမြင်တွေနဲ့ နိုင်ငံကို ပိုကောင်းအောင် ဖော်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတိုးတက်မှုမှာ ပိုပြီးတော့ အကျိုးသက်ရောက်မှု ဖြစ်ပါလိမ့်မယ် NDF ရဲ့ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မမေသူသူအောင်ကတော့ ကလည်း လူငယ်တွေရဲ့အခန်းကဏ္ဍက အများကြီး အရေးပါပါတယ်တဲ့။

အတိုင်းအတာ တစ်ခုထိတော့ လူငယ်တော်တော်များများက ပါဝင်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် တစ်ချို့ လူ ငယ်တွေကတော့ နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ အတွေးအခေါ်တွေ ရှိနေသေးတဲ့ အတွက်ကြောင့် ကျန် တဲ့လူငယ်တွေက ပါဝင်နေတဲ့လူငယ်တွေက ဒါကို လက်ဆင့်ကမ်းပြီးတော့ ခေါ်သင့်တယ်လို့ မြင်ပါတယ်။ တိုင်းပြည်တစ်ခု တိုးတက်ဖို့ဆိုတာ လူငယ်တွေရဲ့အခန်းကဏ္ဍက အများကြီးအရေးပါပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ လူငယ်တွေရဲ့ စွမ်းရည် ခွန်အားနဲ့ ဉာဏ် ပညာတွေဟာဆိုရင် အများကြီးဖွံ့ဖြိုးတိုးတက်ကြတယ်။ အများကြီးလည်း သင်ယူလို့ရသေးတယ်။ အများကြီးလည်း စွမ်းဆောင်လို့ရသေးတဲ့အတွက်ကြောင့် လူငယ်တွေကို ဦးစားပေးခြင်းအားဖြင့် နိုင်ငံရဲ့ တိုးတက်မှုမှာ လူငယ်တွေရဲ့အခန်းကဏ္ဍဟာဆိုရင် အများကြီး အထောက် အကူပြုနိုင်ပါတယ်။ အစိုးရအနေနဲ့ကလည်း အများကြီးအရေးပါပါတယ်။ 

လူငယ်တွေကို ကြိုဆိုသင့်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလူငယ်တွေဟာ တစ်ချိန်မှာ တိုင်းပြည်ကို ခေါင်းဆောင် ရမယ့် လူငယ်တွေ ဖြစ်တဲ့ အတွက်ကြောင့် အခုအချိန်တည်းကနေစပြီးတော့ လူငယ်တွေကို တိုင်းပြည် ရဲ့အုပ်ချုပ်ရေးပိုင်းမှာ လူငယ်တွေကို ပါဝင်အောင် အစိုးရကနေဆောင်ရွက်ပေးသင့် ပါတယ်။

 

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကိုမာကီး က စစ်အစိုးရ နှစ်ပေါင်းနှစ်ဆယ်ကျော် လောက် အုပ်ချုပ်သွားတဲ့ကာလဟာ ပြောရမယ်ဆိုရင် လူငယ်တွေအတွက်တော်တော်ကိုဆိုးဆိုးဝါးဝါး ဖြတ်သန်းခဲ့ရတဲ့ ကာလတစ်ခုပါတဲ့။

ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်းများစွာပေါ့နော်တစ်ပါတီ အာဏာရှင်စနစ်၊ ပြီးတဲ့ နောက်မှာ ပိုပြီးတော့ ဆိုးတဲ့ စစ်အစိုးရ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက် အုပ်ချုပ်သွားတဲ့ ကာလဟာ ပြောရမယ်ဆိုရင် လူငယ်တွေအတွက် တော်တော်ကို ဆိုးဆိုးဝါးဝါး ဖြတ်သန်းခဲ့ရတဲ့ ကာလတစ်ခုလို့ ပြောလို့ရတယ်။ အဓိကပြောရမယ်ဆိုရင် အနာဂါတ်အတွက်အားထားရတဲ့ လူငယ်တွေကို စနစ်တကျ ဖျက်ဆီးခံထားရတဲ့ ကာလတစ်ခုပေါ့။ လူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးအောင် ပျက်ဆီး အောင် လုပ်ခဲ့တဲ့ ကာလ တစ်ခုပြီးတစ်ခု ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတာပေါ့။ 

၁၉၉၀ ကျော်လောက်က နေစပြီးတော့ နိုင်ငံရေးကို နှိပ်ကွပ်လာခဲ့တဲ့အခါမှာ နိုင်ငံရေးကို လူတွေကြောက်အောင် ရွံစရာ ဖြစ်အောင် ၊မုန်းစရာဖြစ်အောင် လုပ်ခဲ့တဲ့အတွက် လူငယ်တွေ တော်တော်များများဟာ နိုင်ငံရေးနဲ့ ဝေးသွားကြတယ်။ အမှန်တကယ်ဆို လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားမှ နိုင်ငံရေးမှာ ပါဝင်ခွင့်ရမှ နိုင်ငံရေးနဲ့ ထိတွေ့ခွင့်ရမှာ သူတို့မှာ အနိမ့်ဆုံးအဆင့် တာဝန်ယူလိုစိတ်တွေ၊ တိုင်းပြည်ကို ချစ်စိတ် တွေ အမျိုးသားရေး စိတ်တွေ သိသိသာသာပေါ်ထွက်လာကြမယ်။ အတွေးအခေါ်တွေ မြင့်မားလာ ကြမယ်။ အဲ နှစ်၂၀ကျော်လောက် ခေတ်တလျောက်လုံးမှာ လူငယ်တွေအတွက် တန်ဖိုးရှိတဲ့စာတွေ တောင် ထုတ်ဝေခွင့်မ၇ခဲ့တဲ့ အခြေအနေတွေ အများကြီး ရှိခဲ့တယ်ဆိုတော့ လူငယ်တွေ နိုင်ငံရေးမှာ တော်တော်လေးအသိနှိမ့်ပါးခဲ့ကြတယ်ပေါ့နော်။

 

မမေသူသူအောင်ကတော့ အတိတ်ကဖြစ်ရပ်တွေကို အကုန်လုံးကိုထားခဲ့ပြီးတော့ ရှေ့ဆက်သွား ကြမယ် ပူးပေါင်းဆောင်ရွက်ကြမယ်လို့ဆိုပါတယ်။ ကိုနေဘုန်းလတ်က လူငယ်တွေ ဒီဘက်ခေတ်မှာ လူငယ်တွေ နိုင်ငံ့အရေးမှာ စိတ်မဝင်စား ကြတာမဟုတ် ပါဘူးတဲ့ အကြမ်းဖက် နှိမ်နင်းတာတွေ တော်တော်ဆိုးလွန်းတော့ ကြိုးနဲ့ ဆောင့်ဆွဲလိုက်သလို တွန့်သွား တာပါတဲ့။

တဖြေးဖြေးနဲ့ သွားရမှာပဲ။ကျွန်တော်တို့နိုင်ငံမှာက ပြောင်းပြီဆိုပေမယ့် ကျောင်းသား ကိစ္စတွေမှာ ရဲက ကျောင်းသားကို ဒုတ်နဲ့ရိုက်တာတွေလည်းရှိနေတုန်းပဲ။ တစ်ချို့လူငယ် တွေဆိုလည်း ဖမ်းတာဆီးတာတွေ၊ဆိုလိုတာကဗျာ တိုင်းပြည်အခြေနေက အနည်းငယ်ပြောင်းသွားပြီ ဆိုပေမယ့် အရင်ကအခြေနေတွေက ရှိနေတုန်းပဲဗျ။ အဲလိုကိစ္စတွေ လုပ်တိုင်းလုပ်တိုင်းမှာ လူငယ် တွေ ရဲ့ အားတက်သရော ပါဝင်မှုက ပြန်ပြန်ပြီးတော့ နောက်တွန့်တွန့်သွားတယ်။ 

ကြိုးနဲ့ဆောင်ဆွဲ လိုက်သလိုမျိုး ဖြစ်ဖြစ်သွားတာပေါ့နော်။ အဲတော့ လူငယ်တွေ နိုင်ငံရေးမှာ ဒီထက်ပိုပြီးပါဝင်လာ စေချင် တယ်ဆိုရင် နိုင်ငံရေးလုပ်တဲ့ လူငယ်တွေအပေါ် ဆက်ဆံတဲ့ ဆက်ဆံမှု ပြောင်းဖို့ လိုပြီ။ အစိုးရ အနေနဲ့ အဲကိစ္စတွေကို စနစ်တကျကိုင်တွယ်သင့်တယ်။လက်ပံတန်းမှာ ကျောင်းသားတွေကို ဒီလိုမျိုး ပက်ပက်စက်စက် ရိုက်လိုက်တာဟာ တကယ်တန်းကျတော့ နိုင်ငံအတွက်ပါသွားထိတယ်။ နိုင်ငံရေး စိတ်ဝင်စားတဲ့ လူငယ်တွေကို ဒီလိုလုပ်ပါလားဆိုတဲ့စိတ်က တစ်ဖက်ကမခံချင်စိတ်ဖြစ်သလို တစ်ဖက် ကလည်း လက်တွံ့သွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ 

 

နောက်ပိုင်းကျရင် လူငယ်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လို့ရအောင် အသက်လျှော့တာ တွေ လုပ်ပေးသင့်တယ်။ ကျနော်တို့ဆီမှာ လွှတ်တော်နိုင်ငံရေးက အခုမှ အစပျိုးကာစပဲရှိသေးတော့ နောက်ပိုင်းမှာ အသက်အပိုင်းအခြားတွေကို ကန့်သတ်တာတွေ လျှော့ပေး ကောင်းပေးလာနိုင်ပါတယ် ကျနော်တို့ရဲ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပဲကြည့်ပါ သူ့အသက်သုံးဆယ်ကျော် မှာမြန်မာနိုင်ငံလုံးလွတ်လပ်ရေးအတွက် လန်ဒန်မှာသွားဆွေးနွေးနေပြီ ဒါကလည်း သမိုင်းရဲ့ တောင်းဆိုမှုအရ ထွက်ပေါ်လာခဲ့တဲ့ လူငယ်ခေါင်းဆောင် တစ်ဦးပဲမဟုတ်လား ဒါ့ကြောင့် သမိုင်းရဲ့ တောင်းဆိုမှုရှိလာခဲ့ရင် မြေအုတ်တို့ပြိုရာမှာ ကျောက်အုတ်တို့နဲ့ အစားထိုးရမှာပဲ မဟုတ်ဘူးလားခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly