အိမ်ထောင်စုစာရင်းမှာ မပါသူ ၁,၅၀၀ နီးပါး ဒက္ခိဏသီရိ မဲဆန္ဒနယ်မဲစာရင်းတွင် ပါဝင်နေဟုဆို

အိမ်ထောင်စုစာရင်းမှာ မပါသူ ၁,၅၀၀ နီးပါး ဒက္ခိဏသီရိ မဲဆန္ဒနယ်မဲစာရင်းတွင် ပါဝင်နေဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၃။ ။ အိမ်ထောင်စုစာရင်းအတွင်း ရှိသူများမဟုတ်သူ ၁,၅၀၀နီးပါး ဒက္ခိဏသီရိမြို့နယ် မဲစာရင်းတွင် ပါဝင်နေသည်ကို စိစစ်မှုအရ တွေ့ရှိရကြောင်း ယင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည်သူ့လွှတ်တော် အမတ်လောင်း၏ ကိုယ်စားလှယ် ဦးနေလင်းက စက်တင်ဘာ ၂၃ ရက်၌ ပြောသည်။

"ယာယီနဲ့နေသူတွေ ကျေးရွာအုပ်စုတစ်ခုကို ၁၀၀ ကျော်လောက် ပါနေတယ်။ သူတို့တွေက ဒက္ခိဏသီရိရော၊ လယ်ဝေးမှာရော မဲဆန္ဒနယ် ၂ ခုစလုံးမှာ ပါနေတာ။ အဲဒါတွေကို ထုတ်ခိုင်းတာကိုလည်း ကော်မရှင်က မထုတ်ဘူး။ မဲဆန္ဒနယ်တစ်ခုလုံးဆိုရင် ၁,၅၀၀ နီးပါး ပါနေတယ်" ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၁၄ ရက်မှ စတင်ထုတ်ပြန်သည့် မဲစာရင်းများ စိစစ်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒက္ခိဏသီရိ) က ၁၇ ရက်တွင် စတင်တောင်းယူ စိစစ်ခဲ့သည်ဟု ယင်းမြို့နယ်အဖွဲ့ချုပ်ထံမှ သိရသည်။

ဒက္ခိဏသီရိမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၈ စုနှင့် ရပ်ကွက် ၂ ခုထိ ရှိပြီး စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် မဲစာရင်းအရ ရဲစခန်း ၄ ခုမှ ရဲတပ်သားနှင့် မိသားစုဝင် ၂၄၂ ဦးအပါအဝင် မဲပေးပိုင်ခွင့်ရှိသူ ၁၇,၃၉၅ ဦးထိ ရှိသည်။

"ခရိုင်ကော်မရှင်ကို တင်ပြခဲ့ပါတယ်။ အဲဒီလို ပါနေတဲ့သူတွေကို။ ဒါပေမဲ့ သူတို့က ၅ နှစ်ကနေ ၁၀ နှစ် လောက်ထိ အခုနေရာမှာ နေသူတွေဖြစ်လို့ မထုတ်ဖို့ ညွှန်ကြားထားတဲ့အတွက် ထည့်ထားတာပါ။ ၂ နေရာ ပါနေတာတော့ မသိပါဘူး။ သူတို့ မဲမပေးမယ့်နေရာကို လျှောက်ဖို့ အားလုံးကို အသိပေးပါတယ်" ဟု ရန်အောင်မြင် ကျေးရွာအုပ်စု ကော်မရှင်အတွင်းရေးမှူး ဒေါ်သီတာစိုးက ဆိုသည်။

ရန်အောင်မြင်ကျေးရွာအုပ်စုအတွင်းတွင် အိမ်ထောင်စုစာရင်းမှ မဟုတ်သူ မဲပေးပိုင်ခွင့်ရှိသူ ၁၅၀ ပါဝင်သည်ဟု ၎င်းက အတည်ပြုသည်။

အိမ်ထောင်စုစာရင်းအတွင်း မပါရှိသူများသာမက အသက်မပြည့်သေးသော်လည်း မဲစာရင်းတွင် ပါဝင် နေသူများလည်း ရှိကြောင်း ဦးနေလင်းက ဆိုသည်။

"အသက်မပြည့်တာ ၃ ဦး ပါနေတယ်၊ ၂ ဦးက အတိုက်အခံပါတီ ထောက်ခံတဲ့သူတွေ ဖြစ်နေတော့ လုံးဝပြောလို့မရတဲ့ အခြေအနေပါ။ တစ်ဦးကတော့ ကျွန်တော့်ညီပါ။ သူကိုတော့ ထုတ်လိုက်ပါပြီ။ အားလုံးက ၁၄ နှစ်ဝန်းကျင်ပဲ ရှိသေးသူတွေပါ။ အိမ်ထောင်စုစာရင်းက မဟုတ်သူတွေက မဲပေးချိန်ကျရင် သူတို့ကိုယ်တိုင် မဟုတ်မှာကို စိုးရိမ်ရတယ်" ဟု ၎င်းက ပြောသည်။

NLD နာယက ဦးတင်ဦးကလည်း လက်ရှိထုတ်ပြန်သည့် မဲစာရင်းများက အမှားအများဆုံးနှင့် ပြည်သူများအတွက် ဒုက္ခအများဆုံး၊ အလုပ်အရှုပ်ဆုံး စာရင်းများဖြစ်နေသည်ဟု စက်တင်ဘာ ၂၁ ရက် ဗဟိုအောင်နိုင်ရေး အဖွဲ့ သတင်းစာရှင်းလင်းပွဲ၌ ဝေဖန်ထားသည်။

ဒက္ခိဏသီရိမြို့နယ်တွင် NLD မှ ကိုယ်စားလှယ်လောင်းများအပြင် ပြည်ခိုင်ဖြိုးမှ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးမြင့်လှိုင်(ပြည်သူ့လွှတ်တော်) နှင့် ၎င်း၏ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးကျော်ဝင်း (အမျိုးသားလွှတ်တော်) တို့ ဝင်ရောက်ကြမည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းများကို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ တစ်နိုင်ငံလုံးတွင် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required