ပြုပြင် ပြောင်းလဲရေးလုပ်ရင် ကျော်သူ အရက်ဖြတ်သလို လုပ်ပါလို့ တိုက်တွန်းလိုက်တဲ့ ရုပ်ရှင်မင်းသား ကျော်သူ

ပြုပြင် ပြောင်းလဲရေးလုပ်ရင် ကျော်သူ အရက်ဖြတ်သလို လုပ်ပါလို့ တိုက်တွန်းလိုက်တဲ့ ရုပ်ရှင်မင်းသား ကျော်သူ

မဇ္ဈိမနဲ့ ဦးကျော်သူတို့ မကြာသေးခင်က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်နည်းလုပ်ဟန်နဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ရင် ကျော်သူ အရက်ဖြတ်သလို ပြတ်ပြတ် သားသား လုပ်ပါလို့ သက်တမ်းကုန်ဆုံးတော့မယ့် အစိုးရကို ဦးကျော်သူက တိုက်တွန်းလိုက်ပါတယ်။

လတ်တလော ကျော်သူ ဘာတွေလုပ်နေပါသလဲ၊ ကျော်သူ ဖြစ်လာဖို့ ဘယ်လို ဖြတ်သန်းခဲ့ရပါသလဲ။ ကျော်သူ ဘာတွေ ဆက်လုပ်ဦးမလဲ၊ ဘာတွေ လုပ်ချင်ပါသလဲ၊ ဘာတွေ လုပ်ခွင့်မရဘူးလဲ၊ ပြုပြင် ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတဲ့ အစိုးရ လက်ထက်မှာ ကျော်သူ ဘာတွေ ကြုံတွေ့ခဲ့ရပါသလဲ မဇ္ဈိမက တင်ဆက်ပေးလိုက်ပါတယ်။

 

ပထမဆုံး အနေနဲ့ ဦးကျော်သူရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး NED ကနေ မှတ်တမ်းရုပ်ရှင်တွေ ရိုက်တယ်လို့ကြားတယ် မှတ်တမ်းတင် ရုပ်ရှင်ရိုက်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြလို့ ရမလားခင်ဗျ။

NED အဖွဲ့ပေါ့ ဝါရှင်တန်ဒီစီ အမေရိကားမှာ အခြေစိုက်တဲ့ အဖွဲ့ ဒီအဖွဲ့ ၂၀၁၄ တုန်းက ကျွန်တော် NED ဆု ချီးမြှင့်ပွဲတွေမှာ ရခဲ့တယ်။ အဲတုန်းက ကျွန်တော်ရယ်  ဦးခွန်ထွန်းဦးတို့ ဒေါက်တာ စင်သီယာမောင်တို့ ဦးမင်းကိုနိုင်တို့ တစ်ဖွဲ့ လေးယောက် ငါးယောက် ရတယ် ဆုပေးပွဲပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး သူတို့နဲ့ တွေ့တာပေါ့ တွေ့သွားတော့ သူတို့က ကျွန်တော်ရဲ့ လူမှုရေးလုပ်ဆောင်မှုတွေ စိတ်ဝင်စားတယ်ပေါ့ စိတ်ဝင်စားတော့ မှတ်တမ်းရုပ်ရှင် အဲဒါကို ရိုက်ချင်တယ် ဆိုပြီး ကျွန်တော့်ကို လာကမ်းလှမ်းတယ်။

လွန်ခဲ့တယ်တဲ့ နှစ် နှစ်လောက်က လာကမ်းလှမ်းတယ် လာကမ်းလှမ်းတော့ ဘယ်လိုပုံစံမျိုး လုပ်ချင်လဲ ဆိုတော့ လူစိတ်ဝင်စာပြီး ရုပ်ရှင်မင်းသားဘဝကနေ လူမှုရေးလုပ်တာ ဘာကြောင့်လဲ။ နိုင်ငံတွေ တော်တော်များများမှာ စစ်အုပ်ချုပ်ရေးရှိတဲ့ နိုင်ငံတော်တော် များများဟာ စစ်အာဏာရှင်တွေက လူမှုရေးသမားတွေကို ချုပ်ချယ်တဲ့ ဖိနှိပ်တဲ့ ဟန့်တားမှုတွေ ရှိတာကို သူတို့က ဖော်ထုတ်ချင်တယ် ဖော်ထုတ်ချင်တဲ့အတွက် လာကမ်းလှမ်းတယ်။

ကမ်းလှမ်းတော့ ကျွန်တော်ရိုက်ပေးတယ် ရိုက်ပေးတော့ သူတို့က သူတို့ ကင်မရာမန်းတွေနဲ့ ရိုက်ကူးခွင့်မှ လုပ်ချင်လားလို့ သူတို့က မေးတယ်။ သူတို့ လိုချင်တဲ့ဟာက ကျွန်တော် အိပ်ယာ ထတာရော စားတာ သောက်တာ ပြောတာဆိုတာ နိစ္စဒူ၀ လုပ်တဲ့ လုပ်ငန်းတွေ ဒါကို သူတို့လိုချင်တယ် လိုချင်တော့ နိုင်ငံခြားက ကင်မရာမန်းတွေ ခေါ်တယ်ဆိုရင် ခက်ခဲဖြစ်မယ်။

ဒါကြောင့် ကျွန်တော်တို့ ကိုယ့်ရဲ့ အသင်းမှာရှိတဲ့ ကင်မရာမန်းတွေနဲ့ လုပ်မယ်ဆိုပြီး သဘောတူချက်ရပြီး ကျွန်တော်တို့ ရိုက်ခဲ့တယ်။ ရိုက်ခဲ့တော့ ကျွန်တာ်က နဂိုကအစ ရုပ်ရှင်သမားဆိုတော့ ကျွန်တော်က ကိုယ်ကိုတိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ရတယ်။

အဲဒီတော့ ကိုယ့်ရဲ့အကြောင်းကို ကိုယ်ရိုက်တော့ ကျွန်တော်က အရင်တုန်းက ရိုက်လာတာက ဇာတ်လမ်း Story ဘဲ ရိုက်ဖူးတယ်။ သူတို့လို မှတ်တမ်းရုပ်ရှင် ဒါမျိုးတွေ ရိုက်ဖူူးတာ မဟုတ်ဘူး အဲတော့ ကျွန်တော်က Story  အတိုင်း မွေးလာတဲ့ကျောင်းသားဘ၀ နောက်အိမ်ထောင်ကျတယ်။  ရုပ်ရှင်လောက ရောက်တယ် ပြီးတော့ လူမှုရေး လုပ်တယ်။

ဒီအခက်အခဲတွေ ကျော်လွှားရတာတွေ ဒါတွေရိုက်တယ်။ သူတို့ ပထမ ဒါကိုကြည့်တယ် သူတို့က သူတို့ လိုချင်တဲ့ ပုံစံ ပြန်ပြောတယ်။ ပြန်ပြောတော့ ပြန်ပြောတဲ့အတိုင်း တည်းဖြတ် အပိုင်းပေါ့ အစကတော့ ဒီကားစရိုက်ကတည်းက အယ်ဒီတာမနှင်းနဲ့။ ဆက်ပြီးတော့ နောက်ပိုင်းကျတော့ ကိုမင်းသိုက်ကနေ အကူညီပေးတဲ့ အတွက် ကိုမင်းသိုက်ကနေ သူတို့ လိုချင်တဲ့ပုံစံ အတိုင်း သူတို့ စိတ်တိုင်းကျ ရိုက်ဖြစ်သွားတယ်ပေါ့လေ။ ရိုက်ဖြစ်သွားတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က စခဲ့တဲ့ဟာ ဒီလမှာ ဆွီဒင်နဲ့ ဝါရှင်တန်ဒီစီမှာ ပြဖို့။ စပြီးတော့ ပြမယ့် အခမ်းအနားကို ကျွန်တော့်ကို ဖိတ်တဲ့ အတွက် ကျွန်တော်သွားတက်ရမယ်ပေါ့။

 

ဦးကျော်သူရဲ့ဘဝဇာတ်ကြောင်းကို ရိုက်တဲ့နေရာမှာ လေ့လာစရာတွေ များမှာပေါ့။ အတုယူ စရာတွေလည်း များမယ်။ ဒီဇာတ်ကားထုတ်ပြပြီးတဲ့ နောက်မှာလူငယ်တွေအတွက် ဘယ်လိုမျိုးဖြစ်လာမယ် သူတို့အတွက် လေ့လာစရာတွေ အတုယူစရာတွေ လူငယ်တွေ အတွက် ဘယ်လိုမျိုး အထောက်ပံ့ ပေးနိုင်မလဲ။

ကျွန်တော် မွေးလာကတည်းက လိမ္မာတဲ့သူ ယဉ်ကျေးတဲ့ သူတစ်ယောက်အဖြစ် မွေးလာတာ မဟုတ်ဘူး။ ကျွန်တော် ငယ်ငယ်တုန်းက ဆိုးခဲ့တာတွေ ရှိမယ် မိုက်ခဲ့တာတွေ ရှိမယ်။ ဒါတွေကို ကျွန်တော် အကုန်းလုံးထည့်ရိုက်တယ်။ ထည့်ရိုက်တဲ့ဟာ ရှိတယ် တစ်ချို့ဟာတွေက သူတို့ အနောက်တိုင်း အံမဝင်တဲ့အတွက် ကျွန်တော် ဖြုတ်ပစ်လိုက်ရတာတွေ ရှိတယ်။

ဥပမာ ကျွန်တော် အမျိုးသမီးကို ကျောင်းမှာတွေ့တယ်။ တက္ကသိုလ်မှာ တွေ့တယ် တွေ့တဲ့အခါ ကျွန်တော်ကားနဲ့ တင်ပြေးတယ်။ ကားတင်ပြေးတာ သူသဘောမတူဘဲနဲ့ ကျွန်တော် သူငယ်ချင်းတစ်ယောက်က လက်ကနေ ကိုင်တယ်။ ကျွန်တော်က ခြေထောက်ကနေကိုင်တယ်။ ကားတံခါးကို ဖွင့်ပြီး ဘုန်း ဆို ပစ်ထည့်ပြီး ခိုးပြေးတာ ဒါတွေ ထည့်တယ်။ ထည့်ပေမယ့်လည်း သူတို့က သူတို့ ကာချာရယ် အရ ၁၈ နှစ်ကျော်တယ်ဆိုရင် မိမိဆန္ဒ အလျောက် လုပ်ပိုင်ခွင့်ရှိတယ်။

အဲတော့ ဒါတွေ ဖယ်ပေးပါဆိုတော့ ကျွန်တော် ဒါတွေရိုက်ထားတွေ ဖယ်လိုက်ရတဲ့ အပိုင်းရှိတယ်။ အဲတော့ ဒီအရာကို ကြည့်ခြင်းအားဖြင့် လူငယ်တွေ ကြည့်တယ်ဆိုရင် ကျော်သူ့ ပရဟိတ လုပ်နေတဲ့ကျော်သူ ရုပ်ရှင်မင်းသား လုပ်နေတဲ့ ကျော်သူ ဘယ်လို ဖြတ်သန်းခဲ့ရတယ်။ ငါတို့ ဘဝတွေကိုလည်း ဘယ်လို ပြုပြင်ပြောင်းလဲရမယ် ဆိုတဲ့ဟာ။ ဒါအမှန်တရားအတွက် ပြည်သူလူထုအတွက် ဘယ်လိုရပ်တည်လို့ရတယ်ဆိုတဲ့ အတွေး ဝင်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။

လူကြီးပိုင်းတွေ ကြည့်တယ်ဆိုလဲ ကျော်သူဟာ ဒီလို ဖြတ်သန်းခဲ့ရပါလား။ သူအရင်တုန်းက ဆိုးခဲ့တာ ဆိုးခဲ့တာပဲ ကောင်းတဲ့အချိန်ကြတော့ စိတ်ဓါတ်ခွန်အား ဘယ်လိုရအောင် လုပ်ခဲ့တယ်ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါမြန်မာ နိုင်ငံအနေထားအရ ဒီပရဟိတ သမားတွေ ပရဟိတ အသင်းအဖွဲ့တွေ ပြည်သူဘူထုတွေအတွက် တာဝန်ကျေတယ်ဆိုရင်။ ကျွန်တော့်ဘဝကို ဖြတ်သန်းမှု မြင်တွေ့တဲ့ အတွက် ကျော်သူဆိုတာ လွယ်လွယ်ကူကူနဲ့ ကျော်သူ ဖြစ်လာတာ မဟုတ်ဘူး ဆိုတာကိုသိမယ်။ ပြီးတော့ လူသားချင်း စာနာစိတ်မွေးကြဖို့ လူမျိုးဘာသာ ဆင်းရဲချမ်းသာ မခွဲခြားဖို့ ဒါမှ ပရဟိတ ဆိုတာဒါ ဆိုတာကို မြင်တွေ့မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

 

ဦးကျော်သူရဲ့ ဘဝဇာတ်ကြောင်းကို ကျွန်တော်တို့ ပြန်ကြည့်ရင် ရုပ်ရှင်မင်းသား ဖြစ်လာတယ် အကယ်ဒမီရတယ် ရပြီးတော့ မှ နောက်ပိုင်း ဘာဖြစ်လာလဲဆိုတော့ အစိုးရကနေပြီးတော့ အသိမှတ်မပြုဘူး။ ရုပ်ရှင်ရိုက်တာတွေ အပိတ်ခံရတယ်ပေါ့  ဒါပေမယ့် ဒီနောက်ပိုင်းမှာကတော့ နိုင်ငံတကာကနေ ဆုတွေရတယ် ပြည်တွင်းကလဲ အတော်လေးကို အသိမှတ်ပြုလာတယ်။ ဒါပေမယ့် နိုင်ငံတကာ အဲလောက်ထိ အသိမှတ်ပြုလာပေမယ့် ကျွန်တော်တို့ နိုင်ငံရဲ့ အစိုးရ ကိုယ်က သိပ်ပြီးအသိမှတ်မပြုတဲ့  သဘောသဘာဝကို တွေ့ရတယ် တွေ့ရတဲ့ အခါကြတော့ ဦးကျော်သူ ကိုယ်စိတ်ထဲမှာ ဘယ်လိုမျိုးဖြစ်မလဲ။

ကျွန်တော်က ဒီဆုတွေ ပြည်တွင်းက ပေးတဲ့ ဆုတွေ ပြည်ပက ပေးတဲ့ဆုတွေ လိုချင်လို့ ကျွန်တော် လုပ်နေတာ မဟုတ်ဘူး။ ကျွန်တော် လူသားတစ်ယောက် ဖြစ်တဲ့အတွက် လူပီသစွာ နေထိုင် ကျင့်ကြံနေရင်းနဲ့ ဒီအရာတွေ သူတို့ အသိမှတ်ပြုတာကို ခံခဲ့ရတာ။ အဲတော့ ကိုယ်က ဘာလိုချင်လို့ ညာလိုချင်လို့ ဆိုပြီး မျှော်လင့်ပြီးတော့ မျှော်လင့်ချက်ကြီးနဲ့ လုပ်နေရင် ဒါဟာ ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး။ ကိုယ်ပဲ စိတ်မော လူမော ဒုက္ခရောက်မှာ။

အဲတော့ ကိုယ်တွေ လုပ်စရာရှိတာကို မှန်မှန် ကန်ကန်နဲ့ သီလ လုံလုံခြုံခြုံနဲ့ လုပ်ကိုင်ရင် ဒီလို အသိမှတ်ပြုတာကို ခံရမယ်။ သို့သော် ကျွန်တော်က မြန်မာပြည်သူ ပြည်သားတွေအတွက် အဓိက လုပ်ကိုင်ပေးနေတဲ့ သူ။ မြန်မာနိုင်ငံအစိုးရအနေနဲ့ မြန်မာ ပြည်သူ ပြည်သားတွေကို ငါတို့ အတွက် တစ်ဖက်တစ်လမ်း အုပ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ကျော်သူက လုပ်ပေးနေပါလား ဆိုပြီးတော့ အသိအမှတ်မပြုတဲ့  အတွက်တော့ စိတ်ထဲ တစ်မျိုးတော့ ဖြစ်တာပေါ့။

ဒါပေမယ့် ကျွန်တော်က ကိုယ်လုပ်စရာရှိတာတွေကို  ကိုယ်လုပ်ရမယ့် လုပ်ငန်းကို လုပ်နေမှာပဲ။  ကိုယ့်ရဲ့ ဘဝက ဒီလိုပဲ ဒီနေရာကို လုပ်ဆိုပြီး ချမှတ်ပေးတဲ့အတွက်  ကိုယ်ဒီအရာကို လုပ်နေရတာ။ ကိုယ်လုပ်စရာ ရှိတာတွေကိုတော့ကို ရေကုန်ရေခမ်း လုပ်သွားဖို့ပဲရှိတယ် အဲတော့ အစိုးရက အသိမှတ်ပြု ပြု မပြုပြု ကိုယ်တွေရဲ့ နှလုံးသားက ဖြူစင်နေဖို့ပဲ။  အများပြည်သူအတွက် ဘယ်လိုအနစ်နာခံမယ် ဘယ်လိုပေးဆပ်မယ် ဘယ်လိုကူညီပေးမယ် ဒါပဲ ကျွန်တော်ကတော့ ခေါင်းထဲထည့်တယ်။ ဆိုတော့ နိုင်ငံတကာကဘဲ ပေးပေး မပေးပေး ပြည်တွင်းနိုင်ငံတကာ အစိုးရပဲ အသိမှတ်ပြုပြု  မပြုပြု ကျွန်တော်ကတော့ လုပ်စရာရှိတာ ကိုယ့်လမ်းကို လျောက်ရမယ်။

 

၂၀၀၇ ခုနှစ်မှာတော့ ဦးကျော်သူ ရွှေဝါရောင်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဦးကျော်သူပါဝင်ခဲ့တာ ရှိတယ်။  ခုတော့ ၂၀၀၇ / ၂၀၁၀/ ၂၀၁၅ နဲ့ ပတ်သက်ပြီးတော့ ဦးကျော်သူ လုပ်နေတာနဲ့ ပတ်သက်ပြီး လွတ်လပ်မှုဟာ ဘယ်လောက်ထိ တိုးတက်လာပြီလို့ ပြောလို့ရမလဲ။

ဘယ်လောက် တိုးတက်လာပြီးလဲဆိုရင် ကျွန်တော်ပြောရရင် နာရေးလမ်းကြောင်းတွေ တိုးတက်လာတယ်။ အကူညီပေးတာတွေ များလာတယ် ဆေးကုသမှုတွေ များလာတယ်။ ပညာသင်ပေးတာတွေ များလာတယ် စာသင်ကျောင်း ဆောက်ပေးတာတွေ များလာတယ်။ အဲတော့ဒါ နိုင်ငံတော် အစိုးရအနေနဲ့ ဒါကတော့ လူမှုရေး အသင်းဖွဲ့တွေ လူမှုရေးသမားတွေများတဲ့ နိုင်ငံဟာ ဆင်းရဲဆုံး ဒုက္ခအရောက်ဆုံးနိုင်ငံမို့လို ဒီလိုအသင်းဖွဲ့တွေများတာ။ ကျွန်တော်တို့ ကူညီမှုတွေ တိုးတက်မြင့်မားလာတာ ဒါကတော့ အစိုးရကောင်းတယ် မကောင်းဘူး ကျွန်တော်မဝေဖန်လိုပါဘူး။

သို့သော် ကိုယ်တွေ တိုင်းပြည်ကို အုပ်ချုပ်တဲ့အစိုးရတွေက ပြည်သူလူထုကို တကယ့်ကို ထိထိရောက်ရောက် ကူညီပေး ဖေးမ ကူညီမယ်ဆိုရင်။ ဒါဟာ ကျွန်တော်တို့ အသင်းဖွဲ့တွေ ပေါ်ပေါက်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ အသင်းဖွဲ့တွေ လူမှုရေးသမားတွေ ပေါ်ပေါက် လာတာဟာ တိုင်းပြည်ရဲ့ စနစ်ဆိုးကြောင့် ဒီလိုတွေ လူသားချင်း စာနာစိတ်ကြောင့် ပေါ်ပေါက်လာတာလို့ ကျွန်တော် ယုံကြည်တယ်။ အဲတော့ ကျွန်တော် လှုမှုရေးသမားဖြစ်အောင် အဓိက တွန်းအားပေးခဲ့တာ ကျွန်တော်တို့ နိုင်ငံအစိုးရပေါ့ ဒါ ခေတ်အဆက်ဆက် အစိုးရရဲ့ လုပ်ရပ်တွေကြောင့် ဒီစည်းကမ်း ဥပဒေတွေကြောင့် ကျွန်တော်တို့ က လူသားချင်း စာနာစိတ်မွေးဖွားပြီး လူမှုရေးသမားတွေ ဖြစ်ကုန်တာပဲ နို့မိုဆိုရင် လူမှုရေးသမား ဖြစ်စရာအကြောင်းမရှိပါဘူး။

 

အစိုးရရဲ့ လိုအပ်ချက်တွေကို လိုက်ပြီး ဖြည့်ဆည်း ပေးနေရတာပေါ့။ ဦးကျော်သူတို့ လူမှုရေး လုပ်ငန်းတွေ လုပ်တယ် စာသင်ကျောင်းတွေ ဆောက်တယ် လမ်းတွေဖောက်တယ် ဆိုတာကလည်း အစိုးရ လုပ်တဲ့ အလုပ်ပေါ့။ အစိုးရလုပ်ရမယ့် အလုပ်တွေကို လူမှုရေးသမားတွေက လိုက်ဖြည့်ပေးရတယ် ဒါတွေကိုကော လွယ်လွယ်ကူကူနဲ့ အကူညီ ပေးလို့ရတဲ့ အနေထား ဖြစ်လာပြီလား။

လွယ်လွယ် ကူကူကတော့ ဘာမှ မဖြစ်ပါဘူး။ မဖြစ်ဘူးဆိုတာက နာဂစ် ဆိုင်ကလုန်း အဲတုန်းကဆိုရင် ဧရာဝတီတိုင်းဘက်မှာ ကျွန်တော်တို့ စာသင်ကျောင်း ဆောက်ပေးမယ်ဆိုပြီး ကျွန်တော်တို့ ပစ္စည်းတွေဝယ်တယ်။ အုတ်တွေ၊ ဘိလပ်မြေတွေ သံချောင်းတွေ ဝယ်ပါတယ်။ ဟိုကျတော့ ကျောင်းဆောက်ခွင့် မပေးဘူး။ ကျောင်းဆောက်ခွင့် မပေးတော့ ကျွန်တော်တို့ ပစ္စည်းတွေကို တကယ်လိုအပ်နေတဲ့ ဘုန်းကြီးကျောင်းတို့ လူနေအိမ်တို့ ဒါတွေကို တစ်ဆင့် ပြန်လှူလိုက်ရတယ်ဆိုတဲ့ အပိုင်းတွေရှိတယ်။

အခု စာသင်ကျောင်းပဲ ဆောက်ဆောက် ဆေးခန်းဘဲ ဖွင့်ဖွင့်။ ဒါတွေက အစိုးရရဲ့ ခွင့်ပြုချက်ရမှ လုပ်ခွင့်ရတဲ့ အပိုင်းဖြစ်နေတယ် ဒါ အစိုးရကလဲ ငါတို့  ကိုကူညီပေးနေပါလား ဒီလိုအတွေးမျိုး ထားဖို့လိုတယ်။ ဥပမာ အမှိုက်ကောက်တယ်ဗျာ အသေးဖွဲ့ကိစ္စ အမှိုက်ကောက်တဲ့ ကိစ္စ ပြီးခဲ့ နှစ် နှစ်လောက်က ကျွန်တော်တို့ အမှိုက်ကောက်တယ်။ အမှိုက်ကောက်တော့ မြို့ထဲမှာ ကောက်တဲ့ အချိန်မှာ ကောက်ခွင့် မပေးဘူး။

နိုင်ငံတော်ရဲ့ စည်ပင်သာယာအဖွဲ့ကို နာမည်ဖျက်တာပဲ ကျော်သူတို့က ကျော်သူတို့ကို အသုဘချခွင့် ပေးထားတယ် အသုဘပဲ ချပါ။ အမှိုက် ကောက်စရာမလိုဘူး စည်ပင်ဝန်ထမ်း အများကြီးရှိတယ်ဆို ပြီးပြောတယ်။ မိုးတွင်းလဲရောက်ရော ရေကြီး ရေလျှံ မြောင်းတွေက ပိတ်ဆို့ ဒါတွေ ဖြစ်လာတယ်။ အဲတော့ ဒါကျွန်တော်တို့က အစိုးကကို သိက္ခာချနေတာ မဟုတ်ဘူး။ ဒါ ပြည်သူလူထုကို ကူညီပေးနေတာ။ ပြည်သူလူထုတွေ အမှိုက်ပစ်တဲ့ ဆိုးကျိုးက ဘယ်လောက် ဒီဆိုးကျိုးရဲ့ဒဏ်ကို ခံရတယ်ဆိုတာ အသိပညာပေးအနေနဲ့ ကျွန်တော်တို့က အရှေ့ကနေ ပုံဖော်ပေးတာ။

တကယ်တမ်း လုပ်ရမှာက ကိုယ်တွေကိုယ်တိုင် ပြည်သူပြည်သား ကိုယ်တိုင် အမှိုက်ပစ်တယ်ဆိုရင် မကောင်းဘူး။ ပစ်ရင်လည်း တကယ်အမှိုက်ပုံးမှာ ဘယ်လိုအမှိုက်ပုံးကို ပစ်ရမယ် ဒါမျိုး အသိတရားတွေ ကိုယ့်ကိုကိုယ် ကျင့်ကြံအားထုတ်ဖို့ အရေးကြီးတယ်။ ကျွန်တော်တို့က ဒါဟာ နမူနာ အနေနဲ့ လုပ်ပြတဲ့ အပိုင်းပဲ။

ကျောင်းသားတွေ ပညာရေးစနစ်အတွက် သူတို့က တောင်းဆိုချီတက် ဆန္ဒပြတယ် ကျွန်တော်တို့က လိုက်စောင့်ရှောက် ပေးရတယ်။ ကလေးတွေ နေပူ မိုးရွာမှာ ခြေထောက်တွေ ကွဲတဲ့သူကကွဲ မူးလဲတဲ့သူက မူးလဲ။ သူတို့ကို ကျွန်တော်တို့က ကျန်းမာရေး စောင့်ရှောက်ပေးရတယ် ဒါ ကျွန်တော်တို့က သူတို့ကို ဦးဆောင်ပြီးတော့ ချနေတဲ့ကောင်။ ဒီကောင် ကောင်းတဲ့ကောင် မဟုတ်ဘူးဆိုတဲ့ အမြင်တွေ ရှင်းရှင်းလင်းလင်းရှိဖို့ ဒါအစိုးရဘက်က အရေးကြီးတယ်။

ရုပ်ရှင် ပုပ္ပါးသွားရိုက်တယ် ပုပ္ပါးမှာ ထောက်လှမ်းရေး ရဲအရာရှိက အမြဲတမ်းပါတယ်။ ကျော်သူ ပြန်ရောက်ပီလား ဘာဖြစ်လို့ ဟော်တယ်ကို လာလာမေးနေတာလဲ ဟော်တယ်က စိတ်ညစ်တယ်။ ကျော်သူကို ကိုယ်တိုင်မေးပါလား။ ကျော်သူကိုယ်တိုင်လဲ လာမမေးဘူး။ တစ်ဖက်ကြားလူကို သွားသွားမေးတော့ အခြားသူတွေ အကုန်စိတ်ညစ်တယ်။ ကျော်သူ နောက်လိုက်မယ်ဆိုလဲ လိုက်ပါ သင်းချိုင်းကုန်း ရိုက်တယ်ဆိုလဲ သင်းချိုင်းကုန်းထိလိုက်ပေါ့။ အဲဒါကျတော့ မလိုက်ဘူး ခင်ဗျားတို့ ဘာလို့ လိုက်တယ် မေးလိုက်တော့ ခင်ဗျား လုံခြုံရေးအတွက်ပါ ဒီပြင်နေရာကြတော့ လိုက်စရာမလိုဘူး။ အဲလိုတကယ် မှန်မှန်ကန်ကန် စေတနာလေးပါဖို့ အရေးကြီးတယ်။

နိုင်ငံတော်အနေနဲ့လည်း လုပ်တာပဲ အရင်တုန်းက နာရေး အဖွဲ့သူ အဖွဲ့သားတွေ ဆေးခန်းတွေ အကုန်ဖွင့်တာပဲ။ ဒါပေမယ့် နှလုံးသားတိုင်းဟာ တကယ့် စေတနာသန့်သန့်နဲ့ လုပ်ကြဖို့ အရေးကြီးတယ်။ ဟိုအဖွဲ့က ဒီလိုလုပ်တယ် ငါတို့လည်း ဒီလိုလုပ်မယ်။ ဟိုအဖွဲ့မှာ နိဗ္ဗာန်ယာဉ် တစ်စီးရှိတယ် ငါတို့ နှစ်စီးရှိရမယ်။ ဒီလို ရုပ်ဝထ္ထုတွေ ပြိုင်ဖို့ မလိုဘူး။ စိတ်ဓါတ် စိတ်ရေးရာတွေ ပြိုင်ကြဖို့ အရေးကြီးတယ်။ လူသားချင်း စာနာစိတ်ကလေးတွေ မွေးဖွားကြဖို့ပဲ အရေးကြီးပါတယ်။

 

လက်ရှိအစိုးရကတော့ ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်လို့ ပြောတယ် ဒါပေမယ့် တစ်ဘက်မှာလည်း ဒီလို လိုက်လံ စစ်ဆေးနေတာတွေကို ဦးကျော်သူအနေနဲ့ ဘာပြောချင်သလဲ။

ပြုပြင်ပြောင်းလဲမယ်ဆိုရင် ကျွန်တော်တို့လို လူမှုရေး သေချာ လုပ်နေတဲ့သူ အပေါ်ကို အရင်ဆုံး သံသယရှင်းဖို့ အရေးကြီးတယ်။ သံသယတွေနဲ့ ရှေ့ဆက်ခရီး သွားနေရင်တော့ ဒါ ပြုပြင်ပြောင်းလဲတဲ့ အဆင့်ကို ရောက်မှာ မဟုတ်ဘူး။ ဒီဟိုလူ့ကို သံသယဖြစ် ဒီပါတီကို သံသယဖြစ်နေရင် ဒီအရာတွေက သံသရာ လည်ပတ်နေအုံးမှာပဲ။ ပြောင်းတယ်ဆိုရင် ပြတ်ပြတ်သားသား ပြောင်းမှရမယ်။

ဥပမာ ကျွန်တော် အရင်တုန်းက အရက်သောက်တယ် အရက်သောက်တဲ့အခါမှာ မနက်မိုးလင်းကနေ သောက်တယ် ညထိသောက်တယ်။ ကိုယ်က လူမှုရေးလုပ်ပြီ ခေါင်းဆောင်လုပ်ပြီ ဆိုရင်တော့ သောက်လို့မရတော့ဘူး။ ကိုယ်ကစံပြနေရမယ် အဲတော့ ဒီလောက်ကြိုက်ခဲ့တဲ့ အရက်။ ဒီလောက် စွဲလန်းခဲ့တဲ့ အရက်ကို တုံးတိ ဖြတ်ခဲ့တယ်။ တုံးတိဖြတ်နိုင်ဖို့ အရေးကြီးတယ် ဆရာမင်းသိင်္ခ စကားအရဆိုရင် ဖြတ်ခနဲပေါ် ဆတ်ခနဲလုပ်။ ဖြတ်ခနဲ့ ကိုယ်ဘာကောင်းအောင် လုပ်ဖို့ သိတဲ့ အချိန်မှာ စပ်ခနဲ့ လုပ်မိဖို့ အရေးကြီးတယ်။ အဲတော့ သံသယနဲ့ သွားနေရင်တော့ သံသရာဟာ လည်ပတ်နေဦးမှာပဲ။

ပြုပြင်ပြောင်းလဲရေးတော့ ခုနက ဦးကျော်သူ ပြောတဲ့ အထဲမှာ လိုအပ်ချက်တွေ ရှိနေပြီ။ လိုအပ်ချက်တွေ ရှိနေပြီ ဆိုတဲ့ အခါကျတော့ ဦးကျော်သူ ပထမလုပ်တယ် နာရေးကူညီမှု အသင်း အဖွဲ့အနေနဲ့ လုပ်တယ်။ ဒါဟာအင်မတန်မှ အောင်မြင်တဲ့ အလုပ်ဖြစ်တယ် ခုဆိုရင် နိုင်ငံတကာကလဲ အသိမှတ်ပြုတယ်။ နောက်တစ်ခု ထပ်ကြိုးစားတယ် ရန်ကုန်ထဲမှာ ရှိနေတဲ့ အမှိုက်တွေကို ကောက်ဖို့ ကြိုးစားတယ် ဒါ မအောင်မြင်ဘူး။ ဒါ ဒုတိယအဆင့်ပေါ့ တတိယအဆင့်ကျတော့ ကျွန်တော်တို့ ရန်ကုန် ပရဝဏ်အတွင်းမှာ လိုအပ်ချက်တွေ ဘာတွေရှိနေလဲ ဦးကျော်သူအနေနဲ့ လုပ်ခွင့်ရမယ်ဆိုရင် ဘာများလုပ်ချင်လဲ။

ကျွန်တော်အနေနဲ့ ကတော့ ပတ်ဝန်းကျင်သန့်ရှင်းရေး ဒီအတွက်ကို ကိုယ်တိုင် ဆင်းပြီး အမှိုက်ကောက်ပြနေစရာ မလိုပါဘူး။ အကယ်၍များ မြို့တော်ဝန် တစ်ဦးကနေ ပြီးတော့ မြို့နယ်ပေါင်းစုံ ရပ်ကွက် ပေါင်းစုံက လူကြီးပိုင်းတွေကို အစည်းဝေးခေါ်လိုက် တစ်ရက်ဘဲခေါ် တစ်ရက်ဘဲခေါ်ပြီး ဒီနာရီဝက်အတွင်းကို အကောင်ထည် ဖော်လို့ရတယ်။ မြို့နယ်တိုင်း မြို့နယ်တိုင်း ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းကို ဒီခြောက်လအတွင်း မင်းတို့ကို ပြိုင်ပွဲ လုပ်မယ် သန့်ရှင်းဆုံး စိမ်းလန်းအစိုပြေဆုံး ပြိုင်ပွဲ လုပ်လိုက်ရင်ပြီးသွားမယ်။

အဲလိုဆိုရင် ကိုယ့်မြို့နယ် ၊ကိုယ့်ရပ်ကွက်ထဲက လူကြီးတွေက ကိုယ့်ရပ်ကွက်သူ ရပ်ကွက်သားတွေကို စည်းရုံးမယ် စည်းရုံးတဲ့ ဝိုင်းပြီးတော့ လုပ်ကြရအောင်ဆိုပြီး အကောင်ထည်ဖော်မယ်။ ဒါဟာ လွယ်လွယ်လေး  အလုပ်ပါ။ ကိုယ်တိုင် ကောက်ပြနေစရာ မလိုပါဘူး ဒါသဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး အတွက်ပြောတာ။ ဒီလိုဟာက ကိုယ်ကညွှန်ကြားလိုက်ရင် ဒီလို တစ်ခုခုလုပ်မယ့် ဒီအရာပြိုင်ပွဲလုပ်မယ် မြို့နယ်ပေါင်းစုံမှာ ရန်ကုန်တိုင်းမှာစုပြီး ဒီလိုတစ်ချက်ပြောလိုက်ရင်  ဒါပြီးသွားမှာပါ။

အဲတော့ အဓိက ရေ၊မီး ခုနကဘဲ စကားပြောတယ် မီးက ပျက်သွားတယ် ဒါတွေက အမြဲတမ်း ပြည်သူ လူထုအတွက်တော့ ရိုးနေပါပြီ။ ရိုးနေပေမယ့် ပြည်ပ နိုင်ငံအနေနဲ့ဆိုရင် ဒါဟာတော်တော် ပြဿနာ တက်မယ့် ကိစ္စပါ မီးပျက်တဲ့အရာဟာ ဥပမာ အရင်တုန်းကဆိုရင် ကျွန်တော်တို့ နိုင်ငံခြားကငှါးတဲ့ ရုပ်ရှင်ကာလာဖလင်ကို ဆေးတယ်။ ကူးဆေးတွေလုပ်တယ် ကိုယ်ကနယ်မှာ တကူးတစ်ကန့် ပင်ပင်ပန်းပန်းနဲ့ လုပ်တယ်။ ရန်ကုန်ကြတော့ အစိုရလုပ်ငန်းမှာ ကူးဆေးတွေ လုပ်တယ် ဖလင်ဆေးတယ် ဖလင်ဆေးရင်းနဲ့ ဒီမှာ မီးပျက်သွားတယ် ရိုက်ထားတာတွေပျက်သွားတယ်။

ဒါဆိုရင် ကျွန်တော်တို့ ကိုယ့်ဘာသာ ခံရတယ် အမှန်ပြည်ပမှာဆို လျော်ကြေးက ပေးရတယ် တော်တော်များများကို လျော်ရမယ့်ကိစ္စ။ အဲတော့ ဒီလိုအာမခံချက် မရှိဘဲနဲ့ ဒီတိုင်းဖြစ်ချင်တာ ဖြစ်နေရင်တော့ ဒါဟာ အဲဒါကြောင့် ပြည်သူပြည်သားတွေက စည်းကမ်းမဲ့ ကုန်တယ်ဆိုတာ ဒါတွေကြောင့်ဘဲ ကျွန်တော်မြင်တာ။ အဲတော့ စည်းကမ်းဆိုတာ ဥပဒေတိုင်းကို မှန်မှန်ကန်ကန်လုပ်ဖို့ အရေးကြီးတယ်။ ဥပဒေက တစ်ယောက်တစ်မျိုး လုပ်နေရင်တော့ ဒါဟာ ဒီနိုင်ငံက တိုးတက်မှာ မဟုတ်ဘူး။

ဥပဒေဆိုတာ တစ်သတ်မတ်တည်း ရှိရမယ် သူ့အပိုင်းနဲ့သူ ဥပမာ ဆရာဝန်က ဆရာဝန် သူ့နည်းပညာ တိုးတက်အောင်လုပ်မယ်။ ပညာရေးဆို ပညာရေးဆရာ/ဆရာမတွေက ဘယ်လိုတိုးတက်အောင် လုပ်မယ်။ ကိုယ့်အပိုင်းကို တာဝန်ယူဖို့ပဲ အရေးကြီးတယ်။ ဒါကို ငါတို့အုပ်ချုပ်မှ ငါတို့က ဦးစီးမှ ဆိုတဲ့ အတွေးခေါ်မျိုးရှိနေရင်တော့ ဒါဟာ ဒီတိုင်းပြည်က တိုးတက်မှာ မဟုတ်ဘူး။

 

အစိုးရ သက်တမ်းလည်း ပြည့်တော့မယ်ဆိုတော့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ထပ်ဖြည့် ပြောချင်တာမျိုးရှိလား။

အဓိကတော့ ပြုပြင်ပြောင်းလဲဆိုတာ ပြုပြင်ပေးချင်တဲ့သူကလဲ တကယ်စိတ်ရင်းစေတနာရင်းပါလား ဟန်ပြလုပ်မှာလား ဒါကိုယ့်ကိုကိုယ်အသိဆုံးပဲ။ ဒါအရေးကြီးဆုံးက တစ်ယောက်နဲ့တစ်ယောက် လူသားချင်း စာနာစိတ်မွေးကြဖို့။ ဥပမာ စာမသင်နိုင်တဲ့ ကလေးလေး လမ်းဘေး ဒုက္ခရောက်နေတယ် တောင်းစားနေတဲ့ ကလေးလေး ဒီကလေးလေး ဟာ ငါ့ရဲ့သားလေး ဖြစ်နေရင်ဘယ်လိုလုပ်မလဲ ငါ့ရဲ့တူလေးဖြစ်နေရင် ဘယ်လို လုပ်မလဲဆိုတာ ကိုယ်ချင်းစာနာစိတ်လေးတွေ မွေးကြဖို့ အရေးကြီးတယ်။

ဒါ တိုင်းပြည်အုပ်ချုပ်တဲ့ သူပဲဖြစ်ဖြစ် စီပွားရေးသမားဘဲ ဖြစ်ဖြစ် နိုင်ငံရေးသမားပဲ ဖြစ်ဖြစ် ပရဟိတသမားပဲ ဖြစ်ဖြစ် ကိုယ်ချင်းစာနာစိတ်မွေးဖို့ပဲ အရေးကြီးတယ်။ ဥပမာ ဈေးသည်ဆိုရင် ကိုယ်ရောင်းချတဲ့ အစားသောက် မုန့်ဟင်းခါး ရောင်းတယ်ဆို မုန့်ဟင်းခါး ဝယ်ယူစားသောက်တဲ့ သူတွေအတွက် ကျန်းမာရေးနဲ့ ကိုက်ညီအောင် အဟာရဖြစ်အောင် ဈေးနှုန်းကိုလဲ အသက်သာဆုံး ဖြစ်အောင် ဘယ်လိုလုပ်ပေးနိုင်လဲ။ အဲလို ကိုယ်ချင်းစာနာ စိတ်ကလေးတွေနဲ့ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ အရေးကြီးပါတယ်။

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly