မန်စီးတီးရဲ့ စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗား လက်ရွေးစင်အသင်းမှ အနားယူပြီဟု ကြေညာ

မန်စီးတီးရဲ့ စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗား လက်ရွေးစင်အသင်းမှ အနားယူပြီဟု ကြေညာ
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာစီးတီးရဲ့ စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားက လက်ရွေးစင်အသင်းမှ အနားယူလိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့က အတည်ပြုကြေညာခဲ့ပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဆေးလ်ဗားဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို ၂၀၀၈ နဲ့ ယူရို ၂၀၁၂ ချန်ပီယံဆုများကို ရယူနိုင်ခဲ့သူဖြစ်ပြီး သူဟာ လက်ရွေးစင်အသင်းကြီးမှာ ၂၀၀၆ ခုနှစ်က စတင်ပွဲထွက်ကစားခဲ့ပြီးနောက် စပိန်အတွက် ၁၂ နှစ်တာကာလအတွင်း ပွဲပေါင်း ၁၂၅ ပွဲယှဉ်ပြိုင်ကစားကာ ၃၅ ဂိုး သွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။

ဒေးဗစ်ဆေးလ်ဗားက “စပိန်အသင်းနဲ့ ကျနော့်ရဲ့ အောင်မြင်တွေအတွက် အလွန်ဂုဏ်ယူမိပါတယ်။ အနားယူဖို့ ဆုံးဖြတ်ချက်ဟာ ကျနော့်ရဲ့ ကစားသမားဘဝမှ အခက်ခဲဆုံး အကြောင်းအရာတစ်ခုဖြစ်ပါတယ်။”လို့ ပြောပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပါဝင်ခဲ့တဲ့ ဆေးလ်ဗားဟာ ပြီးခဲ့တဲ့လကတည်းက စပိန်လက်ရွေးစင်အနာဂတ်အတွက် စဉ်းစားသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အခုအခါ အနားယူဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

“အသင်းနဲ့အတူ ကျနော် အိပ်မက်တွေနဲ့ ရှင်သန်ခဲ့ပါတယ်။ စပိန်အသင်းနဲ့ ပတ်သက်တဲ့ အရာရာတိုင်းကို ကျနော် အမြဲ အမှတ်ရနေမှာပါ။”လို့ သူက ပြောပါတယ်။

စနေနေ့က ဘာစီလိုနာရဲ့ အသက် ၃၁ နှစ်ရှိ ဗဟိုနောက်ခံလူ ဂျရတ်ပီကေးဟာလည်း စပိန်လက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required