အာစင်ဝင်းဂါး၏ အိမ်ထောင်ရေး ပျက်စီးသွားပြီဟု သတင်းများထွက်ပေါ်

အာစင်ဝင်းဂါး၏ အိမ်ထောင်ရေး ပျက်စီးသွားပြီဟု သတင်းများထွက်ပေါ်

လန်ဒန်၊ သြဂုတ် ၂၃ ။         ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ဇနီးဖြစ်သူ အန်နီနှင့် အိမ်ထောင်ရေးပျက်စဲသွားပြီဖြစ်ကြောင်း အင်ဒီပန်းဒန့်သတင်းစာက ဖော်ပြသွားခဲ့သည်။

မယ်ရာသတင်းစာ၏ ဖော်ပြမှုတွင်မူ အသက် ၆၅ နှစ်အရွယ်ရှိ အာစင်ဝင်းဂါးသည် မွေးရပ်မြေ ပြင်သစ်နိုင်ငံ စထရက်ဘော့မြို့တွင် တရားဝင်ကွာရှင်းပြတ်ဆဲရန်အတွက် စာရွက်စာတမ်း များပြင်ဆင်လျက် ရှိပြီး လင်မယားနှစ်ဦးစလုံးသည် ပိုင်ဆိုင်မှုများကို မည်ကဲ့သို့ ခွဲဝေယူကြမည်ကိုပင် သဘောတူညီပြီး ဖြစ်သည်ဟု ပါရှိသည်။

အာစင်ဝင်းဂါးနှင့် အသက် ၅၉ နှစ်အရွယ်ရှိအန်နီတို့သည် ကာလကြာရှည်လက်တွဲလာသူများဖြစ်ပြီး ၂၀၁၀ ခုနှစ်က လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးတွင် အသက် ၁၈ နှစ်အရွယ်ရှိ လီယာ ဆိုသော သမီးတစ်ဦး မွေးဖွားထားကြသည်။

ဝင်းဂါးနှင့် အန်နီတို့သည် ပြီးခဲ့သည့် ဇွန်လကစတင်ပြီး အတူနေထိုင်ခြင်း မရှိခဲ့တော့ပေ။ ၎င်းတို့နှစ်ဦးအားတွဲဖက်ပြီး ဓာတ်ပုံများမမြင်တွေ့ရသည်မှာ ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်သည်။

အာစင်ဝင်းဂါးက ၎င်း၏အလုပ်မှ ဖိအားများသည် ဇနီးဖြစ်သူနှင့်ဆက်ဆံရေးအပေါ် ဖိအားသက်ရောက်ကြောင်း ဝန်ခံခဲ့ဖူးသည်။

'လာမယ့်ငါးနှစ်ကျော်သွားရင် အားလုံးပြီးဆုံးသွားမှာပါလို့ ကျွန်တော့်ရဲ့ဇနီးကို ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းက ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ ကျွန်တော် ဒီနေရာမှာ ရှိနေပါသေးတယ်' ဟု အာစင်ဝင်းဂါးက ၂၀၀၈ ခုနှစ်တုန်းက ပြောဆိုခဲ့ဖူးသည်။

အာစင်ဝင်းဂါး၏ ကိစ္စရပ်နှင့်ပတ်သက်၍ အာဆင်နယ်အသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို မေးမြန်းခဲ့ရာတွင်မူ ဝင်းဂါးသည် အာဆင်နယ်အသင်း၏ အလုပ်သမားတစ်ဦးဖြစ်သည့်အတွက် အလုပ်သမားနှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာကိစ္စရပ်ကို ပြောပိုင်ခွင့်မရှိကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း အင်ဒီပန်းဒန့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly