စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် သူနာပြု ၂၀၀ အလုပ်မဆင်းဘဲ ဆန္ဒပြ

စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် သူနာပြု ၂၀၀ အလုပ်မဆင်းဘဲ ဆန္ဒပြ

စစ်တွေ၊ စက်တင်ဘာ ၂၃ ။          ။ ရခိုင်ပြည်နယ် မြို့တော် စစ်တွေ ပြည်သူ့ဆေးရုံကြီး၌ သူနာပြုနှစ်ဦးအား လက်ထောက် ဆရာဝန်တစ်ဦးက ကိုယ်ထိလက်ရောက် ပြုမူမှုကို ဆေးရုံအုပ်က တာဝန်ယူဖြေရှင်းမပေးသည့်အတွက် သူနာပြု ၂၀၀ ခန့်က စက်တင်ဘာ ၂၃ရက်တွင် အလုပ် (ဂျူတီ) မဆင်းဘဲ ဆန္ဒပြလိုက်သည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် သူနာပြုတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်က ကလေးဆောင်တွင် လက်ထောက်ဆရာဝန်နှင့် သူနာပြုနှစ်ဦး စကားအချေအတင် အငြင်းဖြစ်ပွားရာမှ ဆရာဝန်က ယင်းသူနာပြုနှစ်ဦးအား ကိုယ်ထိလက်ရောက် ပြုမူခဲ့သည်ဟု ၎င်းက ပြောသည်။

"အပြာဝတ် ဆရာမ ထိုင်နေတဲ့ခုံကို တွန်းချလိုက်တယ်။ အဓိကတော့ ဆရာမပြုတ်ကျအောင်လို့ပေါ့။ ဆရာမမှာ ပြုတ်ကျပြီးတော့ အုပ်နံရံနဲ့တိုက်မိပြီး ဦးခေါင်းထိပ်တွေရောင်၊ ပါးတွေရောင်ဖူးသွားပါတယ်။ အခုသူ အရမ်းကို နာကျင်နေပါတယ်။ နောက် အနီဝတ် ဆရာမတစ်ဦးကိုတော့ ရပ်ခိုင်းထားပြီး ဘေးနားမှာ ပုလင်းခွံကို လွှတ်ချလိုက်တယ်။ ပုလင်းကို လွှတ်ချလိုက်ရင် အကွဲတွေက လွှင့်စိုင်မှာကို အဲဒီဆရာဝန်သိပါတယ်။ ဒါပေမယ့် တမင်သက်သက်လုပ်တော့ ပုလင်းကွဲတွေဟာ ဆရာမ ခြေဖဝါးရော၊ ခြေသလုံးမှာရော စိုက်ဝင်သွားပါတယ်။ " ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်အပေါ်မှာ ဆေးရုံအုပ်က လက်ထောက်ဆရာဝန်အား အပြစ်မယူဘဲ သူနာပြုများကိုသာ မှင်နီတားခြင်း၊ နယ်သို့ရွှေ့ပြောင်းရန် စီစဉ်ခြင်းပြုလုပ်သဖြင့် ယခုကဲ့သို့ အလုပ်မဆင်းဘဲ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း အဆိုပါသူနာပြုကဆိုသည်။

ယင်းအပြင် သူနာပြုများက တာဝန်ယူဖြေရှင်းမပေးသည့် ဆေးရုံအုပ် နှင့် ကိုယ်ထိလက်ရောက် ပြုမူစော်ကားခဲ့သည့် လက်ထောက် ဆရာဝန်အား ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်သူများကို တိုင်ကြားသွားမည်ဟုလည်း ဆိုသည်။

စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် အနီဝတ်၊ အပြာဝတ်နှင့် အစိမ်းဝတ် သူနာပြု စုစုပေါင်း ၃၀၀ ခန့်ရှိပြီး ယခု ဆန္ဒဖော်ထုတ်သူများမှာ အနီဝတ်နှင့် အပြာဝတ် သူနာပြုများဖြစ်ကြောင်း သိရသည်။

စစ်တွေဆေးရုံတွင် သူနာပြု သုံးပုံနှစ်ပုံမှာ ဂျူတီမဝင်သဖြင့် သူနာပြုနည်းပါးပြီး ဆေးရုံရှိ လူနာများ အခက်တွေ့နေသည်ဟု လူနာစောင့်တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဆေးရုံအုပ်အား DMGက ဆက်သွယ်ခဲ့သော်လည်း ယနေ့မအားသေးဘူးဟုသာ ဆိုပြီး မဖြေကြားခဲ့ပေ။ သူနာပြုနှစ်ဦး နှင့် အချင်းများခဲ့သည့် လက်ထောက် ဆရာဝန်မှာမူ အမှားဝန်ခံကာ တောင်းပန်မည်ဟု သတင်းရရှိသော်လည်း ၎င်းကို DMGက ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required