မဲစာရင်းအမှားအယွင်းတွေဟာ မဲညစ်တာပဲလို့ အဓိပ္ပာယ်ဖွင့်လိုက်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း

မဲစာရင်းအမှားအယွင်းတွေဟာ မဲညစ်တာပဲလို့ အဓိပ္ပာယ်ဖွင့်လိုက်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း

(ဒုတိယပိုင်း)

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားတာရှိတယ်။ ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဒီရလဒ်ကို အလေးထားဖို့ပေ့ါလေ။ ဒီ ၉၀ ရွေးကောက်ပွဲတုန်းက အသိအမှတ် မပြုဘူး၊ ဒီ ၂၀၁၅ က တော့ ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။ အာဏာရပါတီကိုပဲ သေသေချာချာ လွှဲပေးတော့မယ်လို့ ဦးအောင်မိုးဇော် ယူဆတယ်ပေ့ါ။

ကျွန်တော် အဲလို မယူဆရဲဘူး၊ ကျွန်တော် မျှော်တော့ မျှော်လင့်တယ် အဲလိုဟိုဟာပေ့ါ။ အေးအေးချမ်းချမ်း၊ ချောချောမွေ့မွေ့နဲ့ အာဏာလွှဲပေးဖို့ မျှော်လင့်တယ်။ သို့သော် ဒီကိစ္စက တပ်အပ် ပြောလို့မရဘူး။

ကျွန်တော်တို့ အခုကြုံနေရတာပေါ့လေ၊ ကြုံနေတာ ဘာတွေကြုံနေရလဲ ဆိုတဲ့အခါ မဲစာရင်းဟာ ၃၀% လောက်ပဲ မှန်မယ်။ ဒါမှမဟုတ် မဲစာရင်းတွေ သွားကြည့်တဲ့အခါ မှတ်ပုံတင်မပါဘူး။ မှတ်ပုံတင်နံ ပါတ် မပါဘူး၊ နာမည်တွေ လွဲနေတယ်၊ ဥပမာ လူတစ်ယောက် ဆိုလို့ရှိရင် အမျိုးသမီးနှစ်ယောက် ပါနေ တယ်။  ပြဿနာပေါင်းစုံတွေ ဖြစ်နေတယ်။ ဆိုတဲ့အခါ အဲတော့ တချို့လူတွေ ယူဆချက်ပေ့ါလေ၊ ဒါဟာ မဲလိမ်နိုင်တယ်၊ ဒါမှမဟုတ် မဲညစ်နိုင်တယ် ဆိုတဲ့ဟာမျိုး။ ၂၀၁၀ တုန်းကတော့ ကြိုတင်မဲပေ့ါ။ ဒီ ၂၀၁၅ ရောက်တဲ့အခါကျတော့ ဒီမဲစာရင်း မှားယွင်းမှုတွေကနေ တစ်ဆင့် မဲလိမ်တာတွေ မဲညစ်တာတွေ ဖြစ်လာနိုင်တယ်လို့ ဒီယူဆချက်တွေ ပြန်ပြန်ထွက်ပေါ်နေတယ်ပေါ့လေ။ ဆိုတော့ ဦးအောင်မိုးဇော် အနေနဲ့ကော ဒီအပေါ်မှာ ဘယ်လို မြင်သလဲ။

ကျွန်တော် အဲလိုပဲ ယူဆတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်မနေ့က မဲစာရင်းသွားကြည့် တယ်။ ကျွန်တော့် မှတ်ပုံတင်နံပါတ် မှားနေတယ်။ ကျွန်တော်နဲ့ အတူနေတဲ့ ကျွန်တော် ညီမလေး နှစ်ယောက် ဆိုရင် ကျွန်တော် သူ့အဖေနာမည်တွေ မှားနေတယ်။ အဲတော့ မနေ့က ကျွန်တော်အဲဒါ ပြင်ဖို့ သွားတဲ့အခါကျတော့ မီးတွေပျက်နေလို့ ဆိုလားပဲ။ ပိတ်ထားတယ်တဲ့၊ ရုံးအလုပ် မလုပ်ဘူးပေ့ါ။ ဒီနေ့မနက် ၉ နာရီကနေ ည ၇အတွင်း ပြန်လာပါလို့ ပြောတယ်။ပြန်လာတဲ့ အခါကျတော့သူကဘာလဲ အိမ်ထောင်စုစာရင်းတို့ ယူခဲ့ပါလို့ မှာလိုက်တယ်။ ဆိုတော့ဒါကျွန်တော်တို့နော် ကျွန်တော်တို့ဆိုတာ ဘာပဲပြောပြော ဒီကိစ္စနဲ့ ပတ်သက်လို့ တက်ကြွတယ်၊ သေသေချာချာ ဆောင်ရွက်ချင်တယ်။ အဲအတွက်ကျွန်တော်တို့ သွားပြီး စုံစမ်းတယ်။ စုံစမ်းတဲ့အခါမှာ ဒီလိုဖြစ်တယ်။

ဒီတစ်နေ့ ထပ်လာဆိုလည်း ကျွန်တော် ထပ်သွားရဦးမယ်။ သွားပြီးတော့ လိုအပ်တဲ့ အချက်အ လက်တွေ ယူရဦးမယ်။ ပြဿနာက သာမန်ပြည်သူတွေအတွက် ပြဿနာရှိတယ်။ အခြေခံ ပြည်သူတွေ အတွက် ပြဿနာ ရှိတယ်။ သူက နေ့တိုင်း သူ့အလုပ်နဲ့သူ ရုန်းကန်နေတာ၊ သူ စားဝတ်နေရေး ရုန်းကန်နေရတာ။ ရန်ကုန်မှာဆို ပိုဆိုးတယ်၊ ဧည့်စာရင်းနဲ့ နေတဲ့လူတွေ အများကြီးပဲ။ နယ်တွေက လာကြတာ။ နောက်အခု သွားကြည့်တယ်၊ သူ ရုံးပိတ်ထာလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ဖြစ်၊ နောက်နေ့မှ လာခဲ့ဆိုရင် နောက်နေ့ ပြန်သွားဖို့ဆိုတာ ခက်တယ်။

နောက်တစ်ခုက တစ်ခါသွားပြန်တယ်၊ တစ်ခါ အိမ်ထောင်စုစာရင်း ယူခဲ့ဆိုလို့ရှိရင်လည်း အိမ်ထောင်စု စာရင်းတွေက နယ်ပြန်မှာရင် မှာရမယ်။ ဆိုတော့ အခြေအနေတွေက အဲလိုဖြစ်တယ်။ ဆိုတဲ့အခါကျတော့ အဲလိုနေ့တိုင်းမှာ ဖြစ်နေရင်း ဒီမဲစာရင်းက ပြည့်ပြည့်စုံစုံ မှန်ကန်မှုဆိုတာ ဘယ်လို မှ မဖြစ်နိုင်ဘူး။ မဲစာရင်း ပြည့်ပြည့်စုံစုံ မမှန်ကန်ဘူးဆိုရင် ကျိန်းသေတယ်၊ ဒါ ညစ်ကို ညစ်တဲ့ ကိစ္စ ဖြစ်တယ်။

ဒီကိစ္စက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွေမှာ တာဝန်တွေ ရှိတယ်။ သူသေသေ ချာချာ လုပ်ပေးရမယ့် တာဝန်တွေ ရှိတယ်။ နိုင်ငံသားတိုင်း အထူးသဖြင့် နိုင်ငံသား စိစစ်ရေး ကိုင် ထားတဲ့ နိုင်ငံသားတိုင်း မဲပေးလို့ရအောင် သူ လုပ်ကို လုပ်ပေးရတဲ့ တာဝန်ဖြစ်တယ်။ အဲလို ရှိနေ ရဲ့သားနဲ့ မဲပေးလို့မရဘူး၊ ဆိုရင်တော့ တော်တော်ကို အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်တို့က ပြောချင် တယ်။

မဲစာရင်း မှားယွင်းမှုတွေဟာ မဲလိမ်နိုင်တဲ့ ယူဆချက်အပေါ်မှာ ဘယ်လိုမျိုး လိမ်နိုင်တဲ့ နည်း လမ်းကိုကော ဦးအောင်မိုးဇော် ဘယ်လို မြင်လဲဗျ။

ဒါ ရှင်းရှင်းလေးပဲ ခင်ဗျားမဲရုံသွား မဲပေးလေ။ ခင်ဗျားနာမည်နဲ့ ခင်ဗျားအချက်အလက်နဲ့ ဒီမှတ် ပုံတင်နဲ့ မကိုက်ရင် ခင်ဗျား မဲမပေးရဘူး၊ အဲဒါဆိုလို့ရှိရင် လူတစ်ယောက်မဲက သူတို့ ဆုံးတာပေ့ါ။ ဆိုတော့ ဥပမာ မဲပေးတဲ့လူက ၁၀ ယောက်ရှိတယ် ဆိုကြပါစို့၊ သုံးယောက်လေးယောက်လောက်က အချက်အလက် မမှန်ဘူးဆိုရင် ပြဿနာရှိတာပေ့ါ။ တချို့နေရာတွေမှာ တစ်ယောက်နှစ်ယောက် မမှန်တာ ပြဿနာရှိတယ်။ မဲတစ်မဲကလည်း အများကြီး တာသွားတယ်လေ။

သာမန်ပြည်သူ အများစုက ကျိန်းသေတယ်ဗျာ။ ဒီအတိုက်အခံ နိုင်ငံရေး အင်အားစုတွေကိုပဲ အထူးသဖြင့် ကျွန်တော်တို့ ရန်ကုန်လိုမျိုးတွေ၊ မြို့ကြီးတွေမှာ ဆိုလို့ရှိရင် အထူးသဖြင့် တကယ့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊ သူဦးဆောင်တဲ့ ပါတီမျိုးကိုပဲ၊ မဲပေးလိုတဲ့သူ ပိုများတယ်။ အဲဒီလို လူမျိုးတွေမှာက အခုန မဲပေးတဲ့စာရင်းတဲ့ ပတ်သက်တဲ့ မဲပေးလို့ မရဘူးဆိုရင် ဒီကိစ္စက ညစ်တာပဲ။

နောက် ဒီကိစ္စနဲ့ ပတ်သက်လို့ လူထုကို အပြစ်ပုံချတာ အဓိပ္ပာယ်မရှိဘူး၊ ဆိုတော့ အခုနပြော သလိုပဲ ရန်ကုန်မှာလည်း လေးငါးခြောက်လ ရှိတဲ့လူထုက အများစုက မနက်မိုးလင်းမိုးချုပ် အလုပ် သွား နေရတယ်၊ အလုပ်လုပ်နေရတာ၊ မဲစာရင်းသွားကြည့်လို့ အချိန်ဆိုတာ သူတို့မှာ ပြဿနာ ရှိတယ်။

သွားကြည့်ပြီး နောက်တစ်နေ့ ပြန်လာရဦးမယ်၊ ပြန်ပြင်ရမယ်ဆိုရင် ပိုဆိုးတယ်။ တော်ရုံတန်ရုံ လူက သွားဖို့ဆိုတာ တော်တော်ခက်တယ်။ ဆိုတော့ ကျွန်တော်ပြောချင်တာ ဒီမဲစာရင်းတွေ မမှန်မ ကန်ဖြစ်နေတဲ့ ကိစ္စက သံသယဖြစ်စရာကို ရှိတယ်။

မှားမှားယွင်းယွင်းတွေတော့ ဖြစ်နေပြီးပေ့ါလေ။ အဓိက တာဝန်ရှိတဲ့လူက ဘယ်သူဖြစ်မလဲ၊ အဲဒီ လူတွေအနေနဲ့ကော ဘာလုပ်သင့်လဲ၊ နိုင်ငံရေးပါတီအနေနဲ့ကော ဘယ်လို လုပ်သင့်သလဲ။

ကျွန်တော့်အနေနဲ့ ကျွန်တော် ယူဆတာကတော့ ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေ ဖြစ် တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတာ ခိုင်မာတယ်။ ကျွန်တော်တို့ လက်ထဲမှာလည်း နိုင်ငံသား စိစစ်ရေးကတ် ရှိတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ မဲကို ပေးကို ပေးရမယ်။ မဲပေးနိုင်တဲ့ အခွင့် အရေး ရကို ရရမယ်။ အဲဒါမဟုတ်ဘဲနဲ့ ဟိုဟာ ဒီဟာ၊ အကုန်လျှောက်ပြီးတော့ ကပ်ရင် တော်တော် ပြဿနာရှိတယ်။

ဒါ မဲညစ်နိုင်တယ်လို့ ယူဆစရာရှိတဲ့ အကြောင်းအရာ တစ်ချက်ပေ့ါ။ နောက် မဲဆွယ်စည်းရုံးတဲ့ အခါမှာ ဘယ်လိုမျိုး နည်းလမ်းတွေကိုကော ထပ်တွေ့ရသေးလဲ၊ မဲလိမ်နိုင်ခြေရှိတဲ့ နည်းလမ်း၊ မဲခိုးနိုင် ခြေရှိတဲ့ နည်းလမ်း၊ ဒါမှမဟုတ် မသမာတဲ့ နည်းလမ်းပေ့ါ။

ဟိုတစ်နေ့က ကျွန်တော်တို့ ကိုယ်စားလှယ် တစ်ယောက်ပေ့ါနော်၊ ကျွန်တော်တို့ ကိုယ်စား လှယ် တစ်ယောက်က ကရင်ပြည်နယ်မှာ မဲဆွယ်တယ်။ လှိုင်းဘွဲ့မှာ အဲဒီမြို့နယ်က ရဲမှူးနဲ့ ဒီ SB ရဲ့လူတွေက ခွင့်ပြုချက်မရှိလို့ လာပြီးတော့ တားတယ်။ အတင်းတားတယ် ရှင်းပြလို့လည်း မရ။ အဲလို အခြေအနေမျိုး ဖြစ်တယ်။ ရှင်းပြလို့လည်း မရဘူး။ နောက်ဆုံး ဒီ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ကို အကြောင်းကြားမှ လာရှင်းပြတော့မှ ပြန်ပြီး တောင်းပန်တယ်။

ဆိုတော့ ဒီကိစ္စက အခုနလို အာဏာပိုင်တွေက နှောက်ယှက်တဲ့ သဘောဖြစ်တယ်။ ဒါ ကျွန် တော်တို့ ကိုယ်စားလှယ်နော်၊ နိုင်ငံရေးပါတီရဲ့ ပြည်ထောင်စု ကိုယ်စားလှယ်တွေ တရားဝင် မဲဆွယ်ပွဲ လုပ်တဲ့ကိစ္စကို ဒေသဆိုင်ရာ ရဲအရာရှိတွေနဲ့ ဒေသဆိုင်ရာ ဒီထောက်လှမ်းရေးတွေက လာပြီးတားတာ ဆီးတာ လုပ်တယ်။ ဆိုတော့ သာမန်ပြည်သူတွေ ဆိုလို့ရှိရင် ပြဿနာရှိတယ်။ ကျွန်တော်တို့ လူမျိုး တွေက ရုံးကနားလောက်သွားချင်တဲ့ လူမျိုး မဟုတ်ဘူး။ ရုံးကနား ဆိုရင်တောင်မှ ဟိုဝေးဝေးကနေ နေချင်တဲ့ လူမျိုးတွေ၊ အဲလိုပုဂ္ဂိုလ်မျိုးတွေက အဲဒါမျိုးတွေ ပြောတယ် ဆိုတယ်၊ တားတယ် ဆီးတယ် ဆိုရင် သာမန်ပြည်သူတွေက ဘယ်လို မြင်သွားမလဲ။ သူတို့ လန့်သွားနိုင်တယ် ကြောက်သွားနိုင် တယ်။ သူတို့ မပတ်သက်ချင်ဘူး၊ အေးအေးဆေးဆေး နေချင်တဲ့သဘော ဖြစ်ရင်ဖြစ်မယ်။

ဒါ ကျွန်တော် ကြုံရတဲ့ အဖြစ်အဲဒါ။ ကျွန်တော်တို့ အနေတော့ ကန့်ကွက် ထားပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်ကိုယ်တိုင် ဒီကိစ္စနဲ့ပတ်သက်လို့ ကန့်ကွက်ထားတယ်။ သူတို့ကလည်း ပြန်တောင်းပန်ပါတယ်။ ဒါက ပြန်တောင်းပန်တယ်၊ စကားပြောတယ်ဆိုတာ ရုံးထဲမှာ ဖြစ်တယ်။ လူသိ ထင်ကြားဖြစ်တာ မဲဆွယ်တဲ့အချိန်မှာ လာတားတာ ဆီးတာ ဖြစ်တာဆိုတော့နော်။ အဲဒီကိုယ်စားလှယ် တွေ မဲဆွယ်တဲ့ ကိစ္စကိုတောင်မှ လာတားတာဆီးတာဆိုတော့ တစ်စုံတစ်ရာ အာဏာရှိတဲ့ ပုဂ္ဂိုလ် တွေက တစ်စုံတစ်ရာ အကန့်အသတ် အနှောက်အယှက်လုပ်တဲ့ သဘောဖြစ်တယ်။

ဒါ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုကို အနှောက်အယှက် ဖြစ်စေတဲ့ အချက် နှစ်ချက် ပေ့ါ။ မှန်းကြည့်ရရင် ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ် လို့ ပြောနိုင်မလား။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်လို့ အာမခံဖို့ ခက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်အခုန ပြောသလိုပဲ  အခုရွေးကောက်ပွဲက လွှတ်တော်ထဲမှာရှိတဲ့ အမတ်နေရာတွေ အားလုံးရဲ့ လေးပုံသုံးလို့လည်း တွက်ပေးရမယ်။ အဲဒီကတည်းက မမျှတတော့ဘူး။ အိုကေ အဲဒီ လေးပုံ သုံးပုံ ဆိုတဲ့ ပြိုင်တဲ့နေရာမှာလည်းပဲ ကျွန်တော်အဓိက ပြောချင်တာကတော့ ပိုပြီးပွင့်လင်းတဲ့ ပိုပြီးမြင်သာ ထင်သာရှိတဲ့ နိုင်ငံရေး အခြေနေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတော့ ဖြစ်လိမ့်မယ်။ ဘယ်လောက်ထိ လွတ်လပ်မယ် မလွတ်လပ်ဘူးဆိုတာက အခုနလို အနှောက်အယှက်မျိုးတွေ တွေ့ နေရတယ်။ အခုနလို့ မဲစစ် ကိစ္စမျိုးတွေလို တွေ့နေရတယ်။

ဆိုတဲ့အခါကျတော့ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်ဘာမှ အာမခံနိုင်ဘူး။ ကျွန်တော့်မှာ အာမ ခံနိုင်တဲ့ အနေအထား မရှိဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးဖို့အ တွက် အာမခံရမှာလား၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အာမခံရမှာ ဖြစ်တယ်။ လက်ရှိ အစိုးရက အာမခံရမှာ ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှ အာမခံလို့ မရဘူး၊ ကျွန်တော်တို့ ပြောလို့ရတာကတော့ ၉၀ တုန်းကဆို မီဒီယာတွေ မရှိဘူး၊ အခုမီဒီယာတွေ ရှိသား၊ ၉၀ တုန်းက ဆိုလို့ လေ့လာစောင့်ကြည့်တဲ့ လူတွေ ခွင့်မပြုဘူး၊ အခု ခွင့်ပြုလာတယ်။ ဆိုတဲ့အခါကျတော့ ပိုပြီးတော့ ထင်သာမြင်သာရှိတဲ့ အခြေအနေ၊ ပိုပြီး ပွင့်လင်းတဲ့ အခြေအနေအောက်မှာ ဒီရွေးကောက်ပွဲက ကျင်းပတာ ဖြစ်တယ်။ ကဲ ဒါဆိုရင်တော့ လွတ်လပ်လားလို့ မေးရင်၊ ဒါဆိုရင်တော့ မျှတလားလို့ အာမခံလားလို့ မေးရင် ကျွန်တော် ဘယ်ဖြေနိုင်မလဲ။

ကျွန်တော် နည်းနည်းလေး ပြန်ကောက်ရအောင်၊ ဆိုတဲ့အခါကျတော့ ဦးအောင်မိုးဇော်တို့ လွှတ်တော်ထဲ ရောက်သွားပြီး ပြည်သူလူထုကို ဘာတွေများ ကတိကဝတ် ပေးပြီးတော့ ပြည်သူလူထု အတွက် ဘာများ ပေးနိုင်မလဲ။

ကျွန်တော်တို့ ပါတီအနေနဲ့ ကျွန်တော်တို့ ပေးနိုင်တာကတော့ ကျွန်တော်တို့ ဝင်ပြိုင်တဲ့ ဒေသ တွေက ပြည်သူလူထု ခံစားနေရတဲ့ ဒုက္ခအခက်အခဲ သူတို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဒီလွှတ် တော်ထဲမှာ ထိထိရောက်ရောက်ဖြစ်အောင် ကျွန်တော်တို့ ဆွေးနွေးပေးမယ်။ တင်ပြပေးမယ်။ ဒါတွေ ကို မဖြစ်ဖြစ်အောင် ပြောဆိုမယ်။ ဒါကိုပဲ ကျွန်တော် အာမခံတယ်။ ဆိုတာက ကျွန်တော်တို့ လူထုရဲ့ အသံကို လွတ်တော်ထဲမှာ ညံဖို့ပေ့ါနော်၊ ဒီလူထုရဲ့အသံ လွှတ်တော်ထဲကို ရောက်ဖို့ ထိထိရောက် ရောက် ရောက်ဖို့ ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်မယ်။ ကျွန်တော် ဒီကတိက လွဲလို့ ကျွန်တော် ဘာမှ မပေးနိုင်ဘူး။

ဦးအောင်မိုးဇော်တို့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်သွားပြီးဆိုရင် လွှတ်တော် အခင်း အကျင်းက ဘာများ ဖြစ်လာနိုင်မလဲ။

ကျွန်တော့် အထင်ကတော့ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ များများစားစား နိုင်လိမ့်မယ်၊ ဒီမိုကရေစီ အင်အားစုတွေ များများစားစား နိုင်မယ်ဆိုရင် ဒီအင်အားစု တွေနဲ့ ပူးပေါင်းပြီးတော့ ဒီလိုကိစ္စမျိုးတွေ လုပ်မယ်ဆိုရင် အရင်ကနဲ့စာရင် ပိုပြီးတော့ ထိရောက်လိမ့်  မယ်လို့ ကျွန်တော် ယုံတယ်။

နောက်ဆုံး မေးခွန်းတစ်ခုပါပဲ၊ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဒီပြည်သူလူထုတွေနဲ့လည်း တွေ့နေပြီ၊ ရွေးကောက်ပွဲဝင်ဖို့လည်း ပြင်နေပြီပေ့ါလေ၊ ၂၁ နေရာဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ ဒီ ကိုယ့်ပါတီဝင် ကိုယ်စားလှယ်တွေကို မဲပေးမယ့် မဲဆန္ဒရှင်တွေကို ဘာများ ပြောချင်လဲ ခင်ဗျာ။

ကျွန်တော် အဓိက မေတ္တာရပ်ခံချင်တာပေ့ါနော်။ လူထုရဲ့အသံတွေ လွှတ်တော်ထဲမှာ ညံဖို့ လွှတ်တော်ထဲမှာ လျှံထွက်နိုင်ဖို့ကို ကျွန်တော်တို့ လူ့ဘောင်အတွင်း ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စား လှယ်လောင်းတွေကို မဲပေးကြပါစို့ လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုတယ်။ နှိုးဆော်လိုတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly