ရွှေ့ပြောင်းလုပ်သား မဲနှင့် စစ်တပ်ကြိုတင်မဲ ကိစ္စများ ကယားလူမျိုးစုဒီမိုကရေစီပါတီ စိုးရိမ်

ရွှေ့ပြောင်းလုပ်သား မဲနှင့် စစ်တပ်ကြိုတင်မဲ ကိစ္စများ ကယားလူမျိုးစုဒီမိုကရေစီပါတီ စိုးရိမ်

ရန်ကုန်၊ စက်တင်ဘာ ၂၂ ။ ။ ကယားပြည်နယ်အတွင်း ရွှေ့ပြောင်းလုပ်သား မဲနှင့် စစ်တပ်ကြိုတင်မဲများကို ရွေးကောက်ပွဲ ကော်မရှင်က မည်သို့ကိုင်တွယ်မည် မသိသဖြင့် ဒေသခံ ကယားလူမျိုးစုဒီမိုကရေစီပါတီက စိုးရိမ်မကင်း ဖြစ်မိကြောင်း မဇ္ဈိမကို ပြောကြားသည်။

ကယားပြည်နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမားများစွာ ရှိနေပြီး  ၎င်းတို့အလုပ်ရှိရာ နေရာတွင် မဲထည့်ရမည် ဆိုသော်လည်း ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုနည်းဖြင့် လုပ်ကိုင်သွားမည်ကို ယခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရဟု ကယားလူမျိုးစုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစောဒယ်နီယယ်က ပြောသည်။

''ခုချိန်မှာ ကျွန်တော်တို့နယ်ထဲကို စစ်တပ်တွေ အများကြီးလာတယ်။ ရွှေ့ပြောင်းသွားလာနေတဲ့ စစ်တပ်မှာ သူတို့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအရ ၂ ရက်အလိုမှာ နာမည်စာရင်းပေးပြီး မဲပေးနိုင်တယ် ဆိုတဲ့ ဥပဒေက ရှိနေတော့ ကျွန်တော်တို့မှာ အခက်တွေ့နေတယ်။ ဆိုလိုတာက မဲတွေ သူတို့ဘက် အခွင့်သာနေတဲ့သဘော ရှိတယ်'' ဟု ကယားပြည်နယ်မှ စစ်တပ်ကြိုတင်မဲ ကိစ္စနှင့် ပတ်သက်၍ ၎င်းက ပြောကြားသည်။

သက်ဆိုင်ရာလုပ်ငန်းရှင်က တာဝန်ခံပေးလျှင် ရွှေ့ပြောင်းလုပ်သားများ မဲပေးနိုင်ရန် စီစဉ်ပေး ထားပြီး ရွေးကောက်ပွဲကော်မရှင်က စစ်တပ်မဲစာရင်းကို ထုတ်ပြန်ပေးထားကာ သက်ဆိုင်ရာမြို့နယ် ရပ်ကွက်များတွင် ကြေညာထားပြီး ဖြစ်သည်ဟု ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းခမ်းဝင်းက မဇ္ဈိမကို ပြောသည်။

''တောထဲရှေ့တန်းမှာ ရှိနေသူတွေကတော့ ကြိုတင်မဲပေါ့၊ ပုံစံ(၅) နဲ့ ဖြည့်ရမယ်။ တပ်နဲ့ နီးစပ်ရာ ရပ်ကျေးကော်မရှင်ရုံးမှာ ကပ်ထားပြီးပါပြီ။ ကြိုတင်မဲနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း လုပ်ထားပါတယ်။ ရှေ့တန်းရောက်နေတဲ့သူတွေ ဘယ်နှစ်ရက်အလိုမှာ ကြိုတင်မဲပေးရမယ်ဆိုတာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပေးပါမယ်'' ဟု ၎င်းက ပြောကြားသည်။

ကြိုတင်မဲ ပေးရမည့် စစ်တပ်လူဦးရေ စာရင်းရရှိထားပြီး ထိုစာရင်းအတိုင်း သက်ဆိုင်ရာ တပ်မှူးထံ ကြိုတင်မဲပေးသူ ဖြည့်ရမည့်ပုံစံများ အချိန်မီ ပေးပို့ထားပြီးကြောင်း၊ ကိုယ်စားလှယ်လောင်း မဲပြားများ ရိုက်နေပြီး ထွက်လာလျှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးသည့် ရက်တွင် တပ်ရင်း၊ တပ်ဖွဲ့များထံ ပေးအပ်သွားမည်ဟု ဦးစိုင်းခမ်းဝင်းက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့ အရွေးခံမည့် ဘော်လခဲ၊ ရှားတောမြို့နယ် တို့တွင် ရွှေ့ပြောင်းလုပ်သားများစွာရှိပြီး ၎င်းတို့နှစ်ဦးမှာ တစ်သီးပုဂ္ဂလ ဆိုသော်လည်း ယခင် ကြံ့ခိုင်ရေးပါတီ မှ ဖြစ်ကြပြီး ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လည်း ဝင်ပြိုင်သောကြောင့် ပါတီ တစ်ခုတည်းက နယ်မြေ တစ်ခုတွင် နှစ်ဦး ယှဉ်ပြိုင်သကဲ့သို့ ဖြစ်နေရာ ကျန်ပါတီများ အခက်အခဲ ဖြစ်ရသည်ဟု ဦးစောဒယ်နီယယ်က ဆိုသည်။

မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ သက်ဆိုင်ရာ တပ်ဖွဲ့၌ တာဝန်အရှိဆုံးပုဂ္ဂိုလ်က စီစဉ်ပေးသည့်နေရာ၌ ကြိုတင်ဆန္ဒမဲလက်မှတ်များတွင် မိမိတို့ ဆန္ဒပြုလိုသည့်အတိုင်း ရေးသွင်းကာ ယင်းကြိုတင်ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာစာအိတ်၌ ထည့်သွင်း၍ လုံခြုံစွာပိတ်ပြီး ထိုတာဝန်ရှိပုဂ္ဂိုလ်ထံသို့ ချက်ချင်းပြန်လည်ပေးအပ်ရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly