အမှားများနေတဲ့ မဲစာရင်းကို မဲဆန္ဒရှင်အချို့ သံသယ ဝင်နေကြ

အမှားများနေတဲ့ မဲစာရင်းကို မဲဆန္ဒရှင်အချို့ သံသယ ဝင်နေကြ

ရန်ကုန်၊ စက်တင်ဘာ ၂၂။               ။ မြန်မာ့ နိုင်ငံရေးဟာ ဒီနှစ်ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲကြောင့် သက်ဝင်လှုပ်ရှားလာနေတဲ့အချိန်မှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးမျိုးဆက် လူငယ် နိုင်ငံရေးသမားတွေကြောင့် တိုင်းပြည် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ပိုမြင့်လာနိုင်မယ်လို့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ တိုင်းပြည်မှာ လုပ်တတ်ကိုင်တတ်တဲ့ လူငယ် လူလတ်ပိုင်း နိုင်ငံရေး သမား တွေမရှိလို့ နောက်သက်တမ်းကို ဆက်လက်တာဝန်ယူဖို့ စဉ်းစားနေတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မကြာခင်မှာ ကျင်းပတော့မယ် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ လူငယ် နိုင်ငံရေး သမားတွေ ပြင်ဆင်နေပါပြီ။ တိုးတက်တဲ့ အမြင်ရှိတဲ့ လူငယ်တွေ နိုင်ငံ့အရေး စိတ်ဝင်စားလာတာ ကောင်းတဲ့အလား အလာပါ။ ဒါပေမယ့် ခက်နေတဲ့အပိုင်းက ဝင်အရွေးခံမယ့်သူတွေ မဟုတ်ပါဘူး ရွေးပေး မဲပေးရမယ့်သူတွေရဲ့ စာရင်းတွေပါ နှစ် ခေါက်မြောက်တဲ့အထိ အမှားမှားအယွင်းယွင်း ဖြစ်နေတဲ့ မဲစာရင်းတွေကို မန္တလေးမြို့က လူငယ် ကဗျာဆရာ ရတုသစ် က အစကတည်းက အယုံအကြည်မရှိတာ မဲနဲ့ပတ်သက်ပြီး စိတ်ပျက်သွားအောင် လုပ်နေတယ်လို့မြင်ပါတယ်တဲ့

မဲပေးခွင့်ရလို့ပေါ့ သွားကြည့်ကြတယ်။ သွားကြည့်တော့ မဲစာရင်းတွေက မှားနေတယ်။ တစ်ချို့ဆိုရင် မိဘနာမည် မှားတယ်။ အဖေမှားရင်မှား အမေမှားရင်မှား အဲ့လို တစ်မျိုးစီ ကတော့ မှားနေကြတယ်။ အဲဒါမှန်ပြန်တော့လည်း မွေးသက္ခရာဇ်တွေက မှားနေတယ်။ အမှားတွေနဲ့ ချည်း တွေ့နေရတယ်။ ပထမတစ်ကြိမ်လည်းမဟုတ်။ အခု ဒုတိယအကြိမ်လည်း မှားပြန်ပြီ။ ဒီလိုမှားနေတော့ ဘယ်လိုဖြစ်သွားလည်းဆိုတော့ လူတွေရဲ့ စိတ်ထဲမှာ အစတည်းက အယုံအကြည်မရှိဘူး။ ဒီလိုတွေ ထပ်ဖြစ်တော့ ပိုမယုံကြည်တော့ဘူး။ မဲနဲ့ ပတ်သက်ပြီး စိတ်ပျက်သွားအောင် သူတို့က လုပ်နေတယ်လို့ပဲ မြင်တယ်။

 

ပြည်ရိပ်မွန်(၆)ရပ်ကွက်က ကိုကျော်စွာကတော့ သမာရိုးကျ မှားတယ်လို့ မထင်ဘူးတဲ့။

အဲဒီအပေါ်မှာ ကျွန်တော်တို့ကဘယ်လိုမြင်လည်းဆိုတော့ ဒီမမှား အောင် လုပ်ဖို့က သူတို့လုပ်လို့ရတယ်။ လုပ်ချင်တယ်ဆိုရင်ပေါ့။ အဲအပေါ်မှာ သေချာ အာရုံစိုက်ပြီးတော့ပဲ မလုပ်ဖြစ်တာလား။ ဘယ်လိုဖြစ်တာလည်း၊ ဘယ်လိုမျိုး တွေကြောင့်လည်းတော့ မသိဘူး။ မှားတယ်ဆိုတာ ကျွန်တော်တို့က သမရိုးကျ မှားတယ်လို့တော့ မထင်ဘူးဗျ။ တစ်ခုခုတော့ လွဲနေတယ်လို့တော့ ထင်တယ် ကျွန်တော်တို့ အသိတွေထဲမှာလည်း ပါတယ်။ တစ်ချို့ဆိုရင် အိမ်လုံးကျွတ် တစ်ယောက်မှ မပါလာဘူးတို့ ဘာတို့ စာရင်းတွေထဲမှာ ရှိတယ်ဗျ။ အဲလူတွေကလည်း ရန်ကုန်မှာနေပြီး ရန်ကုန်မှာပဲ စီးပွားရေးလုပ်နေတဲ့ လူတွေပဲ။ အဲလိုမျိုးတွေပေါ့ နော်။ အခုမဲစာရင်းတွေ မှားနေတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော့ရဲ့ အမြင်ကတော့ ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခုပေါ့ ဖြစ်စဉ်တစ်ခုလို့တော့ ထင်တယ်ခင်ဗျ။

 

ရွေးကောက်ပွဲကော်မရှင်က ၃၀ရာခိုင်နှုန်းပဲ တာဝန်ယူနိုင်မယ်ဆိုတာကတော့ ပြည်သူတွေ အကြောင်း ပြချက်ရှင်းလင်းချက်မပေးဘဲ အရူးကွက်နင်းနေတာလို့ပဲ ရတုသစ်က မြင်ပါသတဲ့။

၃၀ရာခိုင်နှုန်းပဲ အာမခံနိုင်မယ် ဆိုတာကတော့ ရှေ့ကိုတစ်လှမ်း ဘယ်လိုခေါ်မလဲ၊ ရူးချင်ယောင်ဆောင်ပြီး ပြောသွားတယ်လို့ပဲ မြင်တယ်။ လက်လွှတ် စပါယ်ဆိုတာထက် ဒီလိုပြောထားတယ်။ ဒီလိုပြောထားရက်နဲ့ မှားတဲ့အပေါ်မှာ လူတွေက စောဒကတက်လာရင် သူတို့အနေနဲ့က အရူးကွက်နင်းဖို့ပဲ။ စကားတွေကို လက်လွှတ်စပါယ် ပြောတာတက် သေချာ ပြည်သူတွေကို အရူးကွက် နင်းပြီးတော့  လုပ်နေတယ်လို့ပဲ ကိုယ်ကတော့ မြင်တယ်။ အဲဒီလိုပဲ သုံးသပ်ချင်တယ်။

အခုနကပြောသလိုပဲ အဖက်ဖက်ကနေ ပတ်ပြီးတော့မှ ရှုတ်အောင် လုပ်ထားတာ။ ကိုယ့်နာမည် ကိုယ်ပြန်ရှာရတာတောင် ခေါင်းမူးနေပြီဗျ။ အဲလိုလုပ်ထားတာ သူတို့က။ အဲဒါတွေအပေါ် မှာ သဘောမကျဘူး အခုသူတို့ လုပ်နေတဲ့အပေါ်မှာ။ တတိယအကြိမ် ထပ်လုပ်လည်း မှားဦးမှာပဲ။

 

လူငယ်တစ်ဦးဖြစ်တဲ့ ကိုကျော်စွာကတော့ ဥပေက္ခာပြုထားသလို လစ်လျူရှုထား သလိုမျိုး မြင်တယ်တဲ့။

မြန်မာနိုင်ငံ အနေအထား တစ်ခုအနေနဲ့က တောပေါ့နော်။ နယ်ရွာတွေမှာနေပြီး ရန်ကုန်မြို့မှာ အလုပ် လာလုပ်နေတဲ့လူတွေပေါ့။ မြန်မာနိုင်ငံမှာ တော်တော်များများ ရှိပါတယ်။ ပြီးတော့ ပြည်ပရောက်နေတဲ့ လူတွေလည်း တော်တော်များများ ရှိပါတယ်။ ပြီးတော့ ရခိုင်ဘက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စလေးတွေနဲ့လည်း လူဦးရေ တိတိကျကျ ကောက်လို့မရတာတွေ ကျွန်တော်တို့ နားလည်ပေးလို့ရတယ်။ ဒါပေမယ့် တာဝန်ယူမှုအပိုင်း မှာ ပြည်သူလူထုနဲ့ ကော်မရှင်ရုံးဆိုလည်း ကော်မရှင်ရုံးပေါ့နော်။

တစ်ယောက် ၅၀ - ၅၀ တာဝန်ယူမယ် ဆိုရင်တော့ သင့်မြတ်မယ်ထင်တယ် အခုဟာက မကောင်းတတ်လို့လား။ တာဝန်မယူဘူး ဖြစ်မှာဆိုးလို့လား။ အဲလိုဖြစ်မျာစိုးလို့ သူတို့က ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူတယ်ဆိုတာ သူတို့က တရားဝင်ကြီး ပြောထားတယ် ဆိုတာတော့ သဘာဝမကျဘူးဗျ။ ဘယ်ဥစ္စာပဲ လုပ်လုပ်ပေါ့ဗျာ။ ဒီဥစ္စာဆိုရင် နိုင်ငံအတွက် တော်တော် အရေးပါတဲ့ ကိစ္စဗျာ။ ခပ်သေးသေး ပေါ့ဆဆ လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ အဲလိုကိစ္စမှာ သူတို့က ၃၀ ရာခိုင် နှုန်း ဗျာ ၂၅ ရာခိုင်နှုန်း ကျော်ကျော်လောက်ပဲ ရှိတယ်ဗျာ။ အဲ့လောက်ပဲ တာဝန်ယူမယ်ဆိုတာက ဘယ်လို ပြောမလည်း သူတို့ဘက်က ဥပေက္ခာပြု ထားသလိုပေါ့။ လှစ်လျူရှုထားသလိုမျိုး ကျွန်တော်မြင်တယ်ဗျ လောလောဆယ် အနေအထားမှာတော့ မဲစာရင်းမှားပြီဆိုရင် သူတို့က အကောင်းဆုံး အနေအထားမှာ ရှိတယ်။

 

ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ မဲဆန္ဒရှင် ပြည်သူတွေ မဲစာရင်းများ စစ်ဆေးရန် တောက်လျှောက် တိုက်တွန်းနှိုးဆော် နေတာကိုက မရိုးသားတဲ့သဘော ယူဆစရာရှိပါတယ် “ငါတို့ဘက်က တာဝန်ကျေ သားပဲ။ မဲစာရင်း မပါရင် မင်းတို့တာဝန်” လို့ မဲဆန္ဒရှင်စာရင်း မှားယွင်းမှုကို ပြည်သူများဘက်ကို ပြန်ပြီး အပြစ်တင် နေသလိုပါ မဲစာရင်း မှန်ကန်ရေးအတွက် ဘယ်သူ့မှာတာဝန်ရှိသလဲ အမှန်တကယ်က မဲစာရင်း မှန်ကန်ရေးဟာရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာသာ လုံးဝတာဝန်ရှိတယ်မဟုတ်ပါလား ခင်ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required