ပြည်သူ့ဒီမိုကရေစီပါတီ ၏ မူဝါဒ သဘောထား

ပြည်သူ့ဒီမိုကရေစီပါတီ ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၀ ။          ။ ပြည်သူ့ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးအောင်မြင့်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၀ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ချစ်ခင်လေး စားအပ်ပါသော ပြည်သူပြည်သားဆွေမျိုုးသားချင်းများခင်ဗျား ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာစွာရှိကြပါစေကြောင်း ဦးစွာ ပထမ ဆုမွန်ကောင်းတောင်းရင်း ဆန္ဒပြုအပ်ပါတယ်။

ရှေးဦးစွာ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ။ကျွန်တော့်နာမည်ကတော့ အောင်မြင့်ဖြစ်ပါတယ်။ ပြည်သူ့ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်နေပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော် တင်ပြလိုတာကတော့ ပြည်သူ့ဒီမိုကရေစီပါတီအလံနှင့် အမှတ်တံဆိပ်ရဲ့ရည်ရွယ်ချက်နှင့်အနက်အဓိပူ္ပာယ်ကို တင်ပြပေးမှာဖြစ်ပါတယ်။ ပါတီ အလံရဲ့ အောက်ခံအရောင်ဖြစ်တဲ့ အနီရောင် ဟာ ရဲရင့်ခြင်း၊ ပြတ်သားခြင်းဆိုတဲ့အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ အပြာရောင်ကတော့ တည် ှကြည်ခြင်း၊ အေးချမ်းခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ ကြယ်ဖြူကြီး တစ်လုံး မှာပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးကို ကိုယ်စားပြုပြီး ကြယ်ဖြူအသေးငါးလုံးကတော့ အလုပ်သမား၊ လယ်သမား၊ အသိပညာရှင်၊ အတတ်ပညာရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်များက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးကို ဝန်းရံထားတဲ့သဘောကို ဖော်ဆောင်ပါတယ်။

ကျွန်တော်တို့အလံရဲ့ အောက်နားမှာရှိနေတဲ့ သင်္ကေတကတော့ အရွယ်တူ ကြယ်ဖြူ ၁၄ လုံးရဲ့ အလယ်မှာ တူ-တံစဉ်-စက်သွားတို့ပါရှိ ပြီး သူ့ရဲ့အဓိပ္ပာယ်ကတော့ တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုအတွင်း မှာရှိကြတဲ့ လယ်သမား၊ အလုပ်သမား၊ စက်မှုလုပ်ငန်းလုပ်ကိုင်နေသူများကို အခြေခံပြီး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။

ပြည်သူ့အရေး၊ ဒို့အရေး

ပြည်သူ့အသံ၊ ဒို့အသံ

ပြည်သူ့ဆန္ဒ၊ ဒို့ဆန္ဒ ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ပြည်သူ ပြည်သားများ၏ အကျိုးစီးပွားများကိုရှေးရှု၍ အတတ်နိုင်ဆုံး ကျောသားရင်သားမခွဲခြားဘဲ ဆောင်ရွက်ပေးသွားဖြစ်ပါတယ်။ ဆက်လက်ပြီး ပါတီ ရဲ့မူဝါဒများကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

အမျိုးသားရေးမူဝါဒအနေနဲ့ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံး ချစ်ကြည်သွေးစည်းမှုဖြင့် စစ်မှန်သော စည်းလုံးညီညွတ်မှုကို အခြေခံကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးကို အတူတကွ တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကာကွယ်သွားမှာဖြစ်ပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နိုင်ငံရေးမူဝါဒအနေနဲ့ စစ်မှန်ပြီးစည်းလုံးညီညွတ်မှုရှိတဲ့ ပါတီစုံဒီမို ကရေစီစနစ်ကို ကျင့်သုံးသွားမှာဖြစ်ပါတယ်။စီးပွားရေးမူဝါဒအနေနဲ့ လွတ်လပ်၍မျှတသော ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးပြီးလူတစ်စု၏ လက်ဝါးကြီးအုပ် ချယ်လှယ်မှုကို တွန်းလှန် ပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံခြားရေးမူဝါဒအနေနဲ့ ပြောရမယ်ဆိုရင် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားမှာဖြစ်ပြီး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး၊ တစ်ဦး၏အချုပ်အခြာအာဏာနှင့် နယ်မြေ ပိုင်ဆိုင်မှုကို တစ်ဦးက အပြန်အလှန်လေးစား အသိအမှတ်ပြုရေး၊ တစ်ဦး၏နယ်မြေကိုတစ်ဦးက မကျုးကျော်ရေး၊ တစ်ဦး၏ပြည်တွင်းရေးကိုတစ်ဦးက ဝင်ရောက်မစွက်ဖက်ရေး၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ ဘန်ဒေါင်းမူကြီး ငါးချက်နှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကာကွယ်ရေးမူဝါဒအနေနဲ့ တပ်မတော်ဟာ နိုင်ငံတော်၏အချုပ်အခြာ အာဏာကို ထိပါးလာမယ့် ပြည်တွင်း/ပြည်ပ ရန်သူများရဲ့ အန္တရာယ်မှ ကာကွယ်ရန်ဖွဲ့စည်းပုံအခြေခံနှင့်အညီ ကာကွယ်ရေးအတွက် အဓိကကျသော ခေတ်မီတပ်မတော်အဖြစ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

တောင်သူလယ်သမားရေးဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ ကျွန်တော်တို့ ပါတီအနေနှင့်လယ်ယာမြေပိုင်ဆိုင်မှုကို အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပြီး လယ်သမားများ၏လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။

အလုပ်သမားရေးမူဝါဒအနေနဲ့  ပြည်တွင်းအလုပ်သမားများ၏အခွင့် အရေးကို ကမ္ဘာ့အလုပ်သမားများ၏ အခွင့်အရေးများနှင့် တန်းတူရရှိအောင် အခြေခံထားဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အလုပ်သမား များ၏ တစ်ရက်လုပ်အားခကို နိုင်ငံတကာစံနှုန်းနှင့်အညီ ရရှိနိုင်အောင် ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။

ဘာသာရေးဆိုင်ရာမူဝါဒအနေနဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုကို ပြည်သူပြည်သားတို့ ၏ အခွင့်အရေးတစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်။

ပညာရေးဆိုင်ရာ မူဝါဒအနေနဲ့ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သောပညာရေးစနစ်အဖြစ် ဖြစ်ပေါ်စေရေးအတွက် ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဆိုင်ရာမူဝါဒအနေနဲ့ တစ်မျိုးသားလုံး၏ သက်ရှည်ကျန်းမာရေးအတွက် လူသားမျိုးနွယ်စုများကို ကောင်းကျိုးပေးသော ကမ္ဘာ့နိုင်ငံ အသီးသီးတွင် တိုးတက်ထွန်းကားေနေသော ဆေးပညာရပ်များ အားလုံးကို ကမ္ဘာ့ အဆင့်မီ ရင်ပေါင်တန်းနိုင်စေရန်အတွက် ပညာသင်ကြားနိုင်ရေး၊ ကုသပေးနိုင်ရေးတို့ကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ယဉ်ကျေးမှုဆိုင်ရာမူဝါဒအနေနဲ့ကတော့ အမျိုးသားယဉ်ကျေးမှုစရိုက်လကူ္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကာ အမျိုးဂုဏ်၊ဇာတိဂုဏ်များကို ပျက်ပြားစေမည့် ယဉ်ကျေးမှုများအား ပြင်းပြင်းထန်ထန်တိုက်ဖျက်သွားမည့်အပြင် မြန်မာ့ဒီမိုကရေစီစနစ်နှင့်ကိုက်ညီသော မြန်မာ့ ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ်ကို ဖော်ဆောင်သွားမှာဖြစ်ပါတယ်။

ဆက်လက်ပြီး ကျွန်တော်တို့ ပြည်သူ့ဒီမိုကရေစီပါတီရဲ့ ဖော်ဆောင်သွား မည့်လုပ်ငန်းစဉ်များကို တင်ပြပေးမှာဖြစ်ပါတယ်။

အမျိုးသားရေးလုပ်ငန်းစဉ်အနေနဲ့  ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားမျိုးနွယ်စုအားလုံး ချစ်ကြည်သွေးစည်းမှုဖြင့် စစ်မှန်သောစည်းလုံးညီညွတ်မှု ကိုဖော်ဆောင် ပြီးပြည်ထောင်စု အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ရှေးရှု၍ဆောင်ရွက်သွားမယ့်လုပ်ငန်း စဉ်များကတော့-

ပြည်ထောင်စုကြီးအတွင်းမှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားမျိုးနွယ်စုအသီးသီး စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ လယ်ယာမြေများ၊ စီးပွားရေးလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းခြင်းမှ ကာကွယ်ပေးသွား မှာဖြစ်ပြီး ဒေသအသီးသီးမှထွက်ရှိတဲ့ သယံဇာပစ္စည်းများမှရရှိသော ဝင်ငွေများနဲ့ တိုင်းရင်း သားမျိုးနွယ်စုအသီးသီးနေထိုင်ရာဒေသများကို တိုးတက်ရေးအတွက် လည်းကောင်း၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသွားမည့် အပြင် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်သွားမှာဖြစ်ပါတယ်။

တပ်မတော်၏အခန်းကဏ္ဍအနေနဲ့တင်ပြရမယ်ဆိုရင် တပ်မတော်ဟာတိုင်းပြည်ရဲ့တစ်ခုတည်းသော ကာကွယ်ရေးဌာနဖြစ်ပြီး ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏ ပြည်တွင်း /ပြည်ပအန္တရာယ် များကို ကာကွယ်ရန်အတွက် အင်အားတောင့်တင်းပြီး အမှန်တကယ်စွမ်းရည်ပြည့်ဝသော ခေတ်မီတိုးတက်သည့် နိုင်ငံတော်၏တစ်ခုတည်းသော တပ်မတော်ဖြစ်အောင် တည်ဆောက် မည့်အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရပ်တည်ကာ မည်သည့်နိုင်ငံရေးပါတီကိုမှ ကျောထောက်နောက်ခံံမပြုရေးကို ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းရင်းသား မျိုးနွယ်စုအားလုံးက တပ်မတော်အတွင်းသို့ ဝင်ရောက်လိုပါက တပ်မတော်၏စည်းကမ်းဥပဒေများနှင့်အညီ ဝင်ရောက်နိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်အသီးသီးမှာရှိကြတဲ့ လွှတ်တော် ကိုယ်စားလှယ်များသည်လည်း မိမိ တို့ ဝင်ရောက်အရွေးခံ ကိုယ်စားပြုခဲ့သည့် ပါတီအရေးထက် မိမိတို့ ကိုယ်စားပြုခဲ့သည့် မဲဆန္ဒနယ်မြေအတွင်းရှိ ပြည်သူတို့ရဲ့ဆန္ဒကို ဦးစားပေး ဆောင်ရွက်နိုင်အောင် ဆောင်ရွက်သွားကြပါလို့ တိုက်တွန်း လိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အသီးသီးသည် မိမိတို့ကိုယ်စားပြုခဲ့တဲ့ မဲဆန္ဒနယ်အတွင်းရှိ ပြည်သူပြည်သားတို့၏ လူမှုစီးပွားရေးဘဝ၊ လူမှုနိုင်ငံရေးဘဝများကို တိုးတက်ကောင်းမွန်စေအောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြုပြင်ရေး၊ ခေတ်ကာလနှင့်မကိုက်ညီတော့သော ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်နိုင်ရေး၊ အသစ်တင်သွင်းနိုင်ရေး စတဲ့လိုအပ်ချက်များကို လွှတ်တော်အသီးသီးသို့ တင်သွင်းနိုင်ရေး ဆောင်ရွက် သွားကြပါလို့ တိုက်တွန်းအကြံပြုအပ်ပါတယ်။

 နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာသုံးရပ်ဖြစ်သော ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊ တရားစီရင်ရေးစတဲ့ ကဏ္ဍအသီးသီးမှာ အမှန်တရားအတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန် ထိန်းကျောင်း ခြင်းများ ရှိရမှာဖြစ်ပြီး ဥပဒေမဲ့ ဖိအားပေးဆောင်ရွက်ခြင်းများကို ရှောင်ရှားနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ အမျိုးသားအကျိုးစီးပွားကို အခြေခံ ဆောင်ရွက်မယ့် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကဏ္ဍကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ဆက်လက်ပြီး ကျွန်တော်တို့ပါတီအနေနဲ့ ''အာဏာသည် ပြည်သူမှ ဆင်းသက်ရမည်''ဆိုတဲ့ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ပြည်သူကပေးခဲ့ သော ဆန္ဒမဲများအမှန်ဖြစ်စေရေးကို အဓိကထားဆောင်ရွက် သွားမှာဖြစ် ပြီး ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟဆိုတဲ့ အဂတိတရားကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူပြည်သား ဆွေမျိုးသားချင်းများ ခင်ဗျား-

ကျွန်တော့်အနေနှင့် နိဂုံးချုပ်တင်ပြရမယ်ဆိုလျှင် တောင်သူလယ်သမား များ၊ အလုပ်သမားများ၊ စက်မှုစီးပွားရေးလုပ်ငန်းရှင်များအားလုံးတို့ရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူ လယ်သမားများ ၏ လယ်ယာမြေများကို နိုင်ငံပိုင်သိမ်းခြင်းမှကာကွယ်ရန် အဓိကထားဆောင်ရွက်သွားမှာဖြစ်သလို အလုပ်သမားများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရေးတို့ကို အခြေခံပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုများကို ဥပဒေဖြင့် အကာအကွယ်ပေး ဆောင်ရွက်သွားကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တောင်သူလယ် သမား၊ အလုပ်သမား၊ စီးပွားရေးလုပ်ငန်းရှင်များရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်များကို အပြည့်အဝရရှိရေးအတွက်အဓိကထား ကြိုးစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ တောင်သူလယ်သမားများကို လွတ်လပ်စွာ စိုက်ပျိုးခွင့်၊ ပြည်တွင်းတွင် လွတ်လပ်စွာသယ်ယူရောင်းချခွင့်၊ ပြည်ပသို့တင်ပို့ရောင်းချရာလည်း ဥပဒေနှင့်အညီတင်ပို့ရောင်းချနိုင်ရေးတို့အတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကာ အလုပ်သမားများရဲ့လူမှုဖူလုံရေးခံစားခွင့်များ ပိုမိုရရှိရေးတို့အတွက် လည်း ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူပြည်သားဆွေမျိုးသားချင်းများခင်ဗျား-

ကျွန်တော်အထက်ကတင်ပြခဲ့တဲ့ လုပ်ငန်းစဉ်များအားလုံးကို အဓိကထား ကြိုးစားအကောင်အထည်ဖော်သွားပါမယ်လို့ ကျွန်တော်အောင်မြင့်မှ ကတိပြုအပ်ပါတယ်။

အထက်ပါလုပ်ငန်းစဉ်များအားလုံးကို ဆောင်ရွက်နိုင်အောင် ပြည်သူပြည်သား ဆွေမျိုးသားချင်းများက ပြည်သူ့ဒီမိုကရေစီပါတီကို မဲပေးကြပါရန်ချစ်ခင်လေးစားစွာဖြင့် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျား။ အားလုံးကျန်းမာချမ်းသာကြပါစေ။

ပြည်သူ့ဒီမိုကရေစီပါတီ

 ၁။  ပါတီအမည်  -  ပြည်သူ့ဒီမိုကရေစီပါတီ
 ၂။  ပါတီအမည်(English)  -  People Democracy Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၃.၆.၂၀၁၁
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၆ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဒေါက်တာသန်းထိုက်ဦး၊ ဦးအောင်မြင့်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၀.၇.၂၀၁၁
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၃.၈.၂၀၁၁
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၃.၉.၂၀၁၁
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၄၃)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဒေါက်တာသန်းထိုက်ဦး ၊ ဦးအောင်မြင့်(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၃၉/ခ)၊ ရေသန့်ရပ်၊တံခွန်တိုင်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၉-၄၃၁၇၆၀၈၀၊ ၀၂-၅၁၅၄၉၀၂၊

 ၀၉-၄၃၀၁၁၄၅၆(ဦးသန်းထိုက်ဦး)၊

 ၀၉-၄၃၀၆၀၉၁၀(ဦးအောင်မြင့်နှင့်)

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly