မန်ယူကို နည်းပြခဲ့သည့် ၂၆ နှစ်အတွင်း ကမ္ဘာ့အဆင့်ရှိ ကစားသမား လေးဦးသာ ရှိခဲ့ဟု ဖာဂူဆန် ဆို

မန်ယူကို နည်းပြခဲ့သည့် ၂၆ နှစ်အတွင်း ကမ္ဘာ့အဆင့်ရှိ ကစားသမား လေးဦးသာ ရှိခဲ့ဟု ဖာဂူဆန် ဆို

မန်ယူအသင်း၏ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က မန်ယူကိုနည်းပြခဲ့သည့် ၂၆ နှစ်တာကာလအတွင်း ကမ္ဘာ့အဆင့်ရှိ ကစားသမားလေးဦးသာ ရှိခဲ့သည်ဟု ၎င်း၏စာအုပ်အသစ် 'Leading' တွင် ရေးသားခဲ့သည်။

အဆိုပါကစားသမား လေးဦးမှာ စီရော်နယ်ဒို၊ အဲရစ်ကန်တိုနာ၊ ပေါလ်စခိုးနှင့် ရွိုင်ယန်ဂစ်တို့ ဖြစ်ကြသည်။ ထိုကစားသမားလေးဦးထဲတွင်မှ စီရော်နယ်ဒိုသည် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ ကစားသမားဖြစ်ကြောင်း ဖာဂူဆန်က ထုတ်ဖော်ရေးသားခဲ့သည်။ ထို့အပြင် ဖာဂူဆန်၏ စာအုပ်၌ လက်ရှိဘောလုံးကမ္ဘာတွင် စီရော်နယ်ဒိုနှင့် မက်ဆီတို့ နှစ်ဦးသာ ကမ္ဘာ့အဆင့်ရှိသည့် ကစားသမားများ ဖြစ်ကြောင်း ရေးသားထားသည်။

'မန်ယူကို နည်းပြခဲ့တဲ့ ၂၆ နှစ်တာကာလအတွင်းမှာ ကျွန်တော့်အတွက် အကောင်းဆုံးကစားပေးခဲ့ကြတဲ့ ထိပ်တန်းကစားသမားတွေနဲ့ အကောင်းဆုံးကစားသမားတွေကို ဝေဖန်နှိမ့်ချလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်နည်းပြခဲ့ဖူးတဲ့ အထဲမှာ ကမ္ဘာ့အဆင့်ကစားသမားက လေးဦးပဲ ရှိခဲ့ပါတယ်။ သူတို့တွေကတော့ စီရော်နယ်ဒို၊ ကန်တိုနာ၊ ပေါလ်စခိုးနဲ့ ဂစ်တို့ပါပဲ' ဟု ဖာဂူဆန်က ပြောသည်။

ဖာဂူဆန်၏ ကမ္ဘာ့အဆင့်ကစားသမားလေးဦးစာရင်းတွင် အင်္ဂလန်၏ထိပ်တန်းကစားသမားများဖြစ်သော ရွန်နီ၊ ဒေးဗစ်ဘက်ခမ်နှင့် ဖာဒီနန်တို့ ပါဝင်ခြင်း မရှိခဲ့ကြပေ။ ဖာဂူဆန်က ရွိုင်ကိန်း၊ စတိဗ်ဘရုစ်နှင့်၊ ဘရိုင်ယန်ရော့ဘ်ဆင်တို့သည် ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာရန် ကိုယ့်ကိုကိုယ်ပြုပြင်နိုင်စွမ်းရှိပြီး အထူးကြိုးစားသူများဖြစ်ကြောင်း ပြောသည်။

'ရွိုင်ကိန်း၊ စတိဗ်ဘရုစ်နဲ့၊ ဘရိုင်ယန်ရော့ဘ်ဆင်တို့ဟာ ကိုယ့်ကိုကိုယ် အကြီးအကျယ်ပြောင်းလဲနိုင်ခဲ့တဲ့ သူတွေပါ။ သူတို့ဟာ ထိပ်တန်းကစားသမားကောင်းတွေမဟုတ်သလို မာနကြီးပြီး တကိုယ်ကောင်း ဆန်သူတွေလည်း မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့သုံးဦးစလုံးဟာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာဖို့ ပြင်းထန်တဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားအားထုတ်မှု ရှိသူတွေ ဖြစ်ကြပါတယ်' ဟု ဖာဂူဆန်က ပြောဆိုခဲ့ သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required