နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ဘဝဖြစ်စဉ် ဇာတ်ကား ဆွိဒင်နှင့် အမေရိကန်တွင် ပြသမည်

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ဘဝဖြစ်စဉ် ဇာတ်ကား ဆွိဒင်နှင့် အမေရိကန်တွင် ပြသမည်

ရန်ကုန်၊ စက်တင်ဘာ ၂၁။ ။ ရုပ်ရှင်၊ သရုပ်ဆောင် တစ်ဦးဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ဘဝအကြောင်းကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် NED (National Endowment For Democracy) အဖွဲ့အစည်းမှ လာရောက် ရိုက်ကူးထားသည့် ဖြစ်ရပ်မှန် ဇာတ်ကားကို ဆွိဒင်နိုင်ငံ နှင့် အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ တို့တွင် ပြသသွားမည် ဖြစ်ကြောင်း ဦးကျော်သူမှ မဇ္ဈိမကို ပြောသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဦးကျော်သူ၏ ဘဝအကြောင်းကို ဝါရှင်တန်ဒီစီ အခြေစိုက် NED အဖွဲ့အစည်းက ပြီးခဲ့သည့် နှစ်နှစ်ခန့်ကတည်းက လာရောက် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဦးကျော်သူ၏ ငယ်ဘဝ၊ ကျောင်းသားဘဝ၊ ရုပ်ရှင်မင်းသားမှ လူမှုရေးဘဝသို့ ရောက်ရှိလာသည့်အကြောင်း အဆင့်ဆင့်ကို ရိုက်ကူးထားခြင်း ဖြစ်သည်။

ဦးကျော်သူက "ကျွန်တော့် ဘဝဖြစ်စဉ် အကြောင်း ရိုက်ချင်တယ်လို့ သူတို့က လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လာကမ်းလှမ်းတယ်။ ကျွန်တော်ဆိုးခဲ့ မိုက်ခဲ့တာတွေ အပြင် မင်းသား ဘဝကနေ ပရဟိတ လုပ်ဖြစ်သွားတဲ့အကြောင်းတွေကို သူတို့က အဓိကရိုက်တာပေါ့။ ကျွန်တော်ရဲ့ True Story ပေါ့" ဟု ပြောသည်။

Walking A Fine Line ဟု အမည် ပေးထားသည့် ဦးကျော်သူ၏ ဘဝ ဖြစ်စဉ် ဇာတ်ကားကို ဆွိဒင်နိုင်ငံ Stockholm တွင် စက်တင်ဘာ ၂၄ရက် နှင့် ၂၅ရက်တွင် ပြသသွားမည် ဖြစ်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် စက်တင်ဘာ ၂၉ရက် နှင့် ၃၀ရက်တို့တွင် ပြသ သွားမည် ဖြစ်သည်။ ရုပ်ရှင်ပြသခြင်းအပြင် ဦးကျော်သူ နှင့် အမေးအဖြေ ကဏ္ဍလည်း ပါဝင်မည် ဖြစ်သည်။

အဆိုပါ ဇာတ်ကားကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် အခမဲ့ ပြသရန် စီစဉ်ထားပြီး မြန်မာနိုင်ငံတွင်လည်း ရွေးကောက်ပွဲ အပြီးတွင် ပြသရန် စီစဉ်ထားကြောင်း ဦးကျော်သူက ဆိုသည်။

"မြန်မာနိုင်ငံမှာတော့ ရွေးကောက်ပွဲ ပြီးလောက်မှ ပြဖြစ်မယ် ထင်တယ်။ နိုင်ငံတကာမှာ ကိုယ့်အကြောင်းကို ပြတာတော့ ပြတာပေါ့ အဓိကက ပရဟိတ လုပ်တဲ့သူတွေ ဒီလို လွယ်လွယ်ကူကူနဲ့ လုပ်လို့မရဘူး အခက်အခဲတွေ ရင်ဆိုင်နေရတယ် ဒါတွေကို အဓိကပေါ့။ ဒီ ဇာတ်ကားတစ်ကားမှာ ပရဟိတသမားတွေကို ကိုယ်ချင်းစာစိတ် ဖြစ်လာမယ်။ ပရဟိတသမားတွေက နိုင်ငံတော်ကို ဘယ်လောက် အကျိုးပြုလဲ ကူးညီပေးတာ ပံ့ပိုးပေးတာကို ပေါ်လွင်မယ့် ဇာတ်ကားတစ်ကားပေါ့" ဟု ဦးကျော်သူက ထပ်မံ ပြောပြသည်။

ထိုဇာတ်ကားကို ဆွိဒင်နိုင်ငံ နှင့် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတို့တွင် ပြသရန်အတွက် ဦးကျော်သူကိုယ်တိုင် စက်တင်ဘာ ၂၁ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည် ဖြစ်ပြီး အောက်တိုဘာ ၈ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly