ခမီအမျိုုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၏ မူဝါဒ သဘောထား

ခမီအမျိုုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၈ ။         ။ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းဋ္ဌေးက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၈  ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

''မင်္ဂလာပါခင်ဗျား-''

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကို မိဘပြည်သူများခင်ဗျား-ကျွန်တော်ကတော့ ''ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ''မှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးသန်းဋ္ဌေးဦးဖြစ် ပါတယ်။မဲဆန္ဒရှင်တိုင်းရင်းသားမိဘပြည်သူအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သ အပ်ပါတယ်ခင်ဗျား။

ပါတီဖွဲ့စည်းတည်ထောင်ခြင်းနှင့် ရည်ရွယ်ချက်

ကျွန်တော်တို့  ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မျိုးနွယ်စုငယ် ပါတီတစ်ခုဖြစ်ပါတယ်။ တိုင်းရင်းသား လူနည်းစုမျိုးနွယ်စုငယ်များ အခြားသော တိုင်းရင်းသားများနဲ့အတူ တန်းတူ ညီတူ တရားမျှတ လွတ်လပ်ခံစားခွင့်ရရှိရေးကို ဆောင်ရွက်မည့် ပါတီဖြစ်ပြီးတော့ ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများရဲ့ အကျိုးစီးပွားကိုလက်တွဲပူးပေါင်း အကောင်အထည်ဖော်ရန်အတွက် အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံပြီး ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့လို မျိုးနွယ်စုငယ်တိုင်းရင်းသားများဟာ ကျေးလက်ဒေသ၊ နယ်စပ်ဒေသတောထဲ တောင်ထဲတွေမှာ နေထိုင်ကြပြီး တောင်သူလုပ်ငန်းတွေ့နဲ့ အသက်မွေးဝမ်းကျောင်းပြုတာများပါတယ်။ အများစု ကဆင်းရဲကြပါတယ်။ ပညာရေးနိမ့်ကျပါတယ်။ ပညာမသင်နိုင်တဲ့ လူဦးရေများပြီး လယ်ယာ၊ တောင်ယာလုပ်ငန်းတွေနဲ့ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်ကြရပါတယ။် ဒါ့ကြောင့် ကျွန်တော်တို့ပါတီ အနေနဲ့ ကျေးလက်ဒေသ၊ ကျေးလက်လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများကိုအထူးအလေးထား ဦးစားပေးဆောင်ရွက်မည့် ပါတီလည်းဖြစ်ပါတယ်။

ကျွန်တော်တိူ့  ခမီတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များဖြစ်တဲ့ စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေ အထိပျံ့နှံ့နေထိုင်လျက်ရှိကြပါတယ်။

ရခိုင်ပြည်နယ်ရှိ မိမိတို့ ခမီလူမျိုးစုတစ်စုအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ခမီမျိုးနွယ်စု တွေရဲ့ လူမှုဘဝ၊ လူသားအရင်းအမြစ်များ အခြားသောပြည်ထောင်စုဖွား တိုင်းရင်းသား နောင်တော် /ညီတော်များနဲ့အတူ တစ်ပြေးညီဖွံ့ဖြိုးလာစေရေး ဆောင်ရွက်နိုင်ရန်အလို့ငှာ ''ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ''ကို ဖွဲ့စည်းရခြင်းလည်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒီကနေ့အခြေအနေအချိန် အခါ အရ မိမိတို့ ခမီတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ National Indinity  လို့ခေါ်တဲ့ (အမျိုးသားရေးသွင်ပြင်လက္ခဏာများ) မပျောက်ပျက်စေဖို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဖွဲ့စည်းရခြင်း လည်းဖြစ် ပါတယ်။ ကျွန်တော်တို့ ''ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ''ရုံးချုပ်ကတော့ အမှတ်(၁၁၄) ဆင်ကူးလမ်း အကွက်(၁) ရပ်ကွက် စစ်တွေမြို့ရခိုင်ပြည်နယ်မှာ ဖွင့်လှစ်ထားရှိပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူအပေါင်းတို့ခင်ဗျား -

ပါတီမူဝါဒ(၄)ချက်

ကျွန်တော်တို့  ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ မူဝါဒသဘော ထားကတော့ -

(၁) ကမ္ဘာ့နိုင်ငံများအလယ်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ထာဝရခိုင်မာစွာရပ်တည်ရေးအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်။

(၂) စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် / ဖက်ဒရယ်ပြည်ထောင်စုစနစ် ပီပြင်စွာ ဖော်ဆောင်ရာ၌ တိုင်းရင်းသားအချင်းချင်း လက်တွဲဆောင်ရွက်ရန်။

(၃) ခမီမျိုးနွယ်စုတို့၏ ကာယ၊ ဉာဏ၊ စာရိတူ္တ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်ပြီး အခြားသော မျိုးနွယ်စုများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးကူညီသွားရန်။

(၄) မိမိတို့ဓလေ့ထုံးစံ ရိုးရာယဉ်ကျေးမှုနှင့် အမျိုးသားရေးလကူ္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ခေတ်နှင့်လျော်ညီစွာတီထွင်လေ့ကျင့်ပြုစုပျိုးထောင်မှုများဆောင်ရွက်သွား          ရန် .....တို့ဖြစ်ပါတယ်။

ကျွန်တော်တို့ ''ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ''ရဲ့ မူဝါဒ၊သဘောထား (၄) ချက်ကို လေ့လာကြည့်ပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအား ကမ္ဘာ့နိုင်ငံများအလယ်မှာ ငြိမ်းချမ်းသာယာ စည်ပင်ဝပြောသော ပါတီစုံဒီမိုကရေစီနိုင်ငံတော်ကြီး/ဖက်ဒရယ်ပြည်ထောင်စု ကြီးဖြစ်လိုတယ်ဆိုတာကို နားလည်သဘောပေါက်မှာဖြစ်ပါတယ်။ ဒါ့အပြင်ကျွန်တော်တို့ပါတီအနေနဲ့ ''ပြည်ထောင်စု မပြိုကွဲရေး''၊ ''တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး'' ၊ ''အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး''ဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ထားတယ်၊ မျိုးနွယ်စုငယ် ပါတီဖြစ်ပါတယ်။

ဆက်လက်ပြီး ကျွန်တော်တို့ ''ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ''ရဲ့ မူဝါဒသဘောထားများအပေါ် အကောင်အထည်ဖော်လုပ်ဆောင်သွား မည့် ရှေ့လုပ်ငန်းစဉ် အခြေခံမူများကတော့-

(၁) တိုင်းရင်းသားလူမျိုးများအားလုံးသည် ပြည်ထောင်စုသမူ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဖြစ်သော တိုင်းရင်း သားစည်းလုံးညီညွတ်မှုအားဖြင့် ကမ္ဘာ့အလယ်တွင် ခိုင်မာစွာရပ်တည် သွားနိုင်ရေးဆောင်ရွက်ရန်။

(၂) ပါတီစုံဒီမိုကရေစီဖော်ဆောင်ရာတွင် တိုင်းရင်းသားအချင်းချင်းတန်းတူရည်တူရှိမှု၊ အပြန်အလှန်လေးစားမှု ပုဂ္ဂိုလ်ရေးပိုင်ခွင့် နှင့် လွတ်လပ်ခွင့်များကို အခြေခံ၍ဆောင်ရွက်ရန်။

(၃) မိမိတို့လူမျိုးစုများနှင့် အခြားတိုင်းရင်းသားလူမျိုးးစုများ၏ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အားသွန်ခွန်စိုက်ဆောင်ရွက်ရန်။

(၄) ပထဝီဒေသကွဲပြားမှုအရ လူမျိုးအမည်နာမ အမျိုးမျိုးကွဲပြားနေသော မိမိတို့လူမျိုးစုများအား တစုတစည်းတည်းဖြစ်အောင် ဆောင်ရွက်သွားရန်။

(၅) မိမိတို့မျိုးနွယ်စု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ပါက အခြားသောတိုင်းရင်းသား လူမျိုးများနှင့်ဖြစ်စေ၊ အခြားသော တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်ရန်.... ဖြစ်ပါတယ်။

စောစောက ကျွန်တော်တို့ ''ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ'' ပေါ်ပေါက်လာရခြင်းနဲ့ ပါတီရဲ့မှုဝါဒကို အကျဉ်းချုပ် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုဆက်လက်ပြီး ပါတီအလံတော်နဲ့ ပါတီတံဆိပ်(Logo) ကို တင်ပြသွားမယ်ဖြစ်ပါတယ်။

ကျွန်တော်တို့  ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအလံကတော့ မိဘပြည်သူများမြင်တွေ့တဲ့အတိုင်း အစိမ်းရောင်၊ အဖြူရောင်၊ အပြာရောင်တို့ကိုအချိုးညီစွာ အရောင်သုံးမျိုးဖြင့် အလျားလိုက် ကန့်လန့်ဖြတ်ရောစပ်ထားပြီး အထက်ကွက်မှာ အပြာရောင်၊ အလယ်ကွက်မှာ အဖြူရောင်နဲ့ အောက်ခြေမှာတော့ အစိမ်းရောင်ဖြစ်ပါတယ်။ ပါတီအလံတော်ရဲ့ အထက်ကွက်အပြာရောင် လက်ဝဲဘက်ထောင့်မှာ ကျွန်တော်တို့ ခမီဘာသာစကားနဲ့'' မခီအာ့ဆိန်'' လို့ ခေါ်တဲ့ အနီရောင်မိုးသောက်ကြယ်ပြောင်တစ်လုံး ပါပါတယ်။

အလံတော်ရဲ့ အပြာရောင်အဓိပ္ပာယ်ဟာ မိုးကောင်းကင်ကိုရည်ညွှန်းပြီးအေးချမ်းခြင်း၊ တည်ငြိမ်ခြင်းသဘောကို ဆောင်ပါတယ်။ မိုးသောက်ကြယ် ပြောင်အနီရောင်ကတော့ ရဲရင့်တက်ကြွပြတ်သားခြင်းကို အဓိပ္ပာယ်ဆောင်ပါတယ်။ အလံတော်ရဲ့ အဖြူရောင်ကတော့ စိတ်ဓာတ်ဖြူစင်ခြင်းကို ညွှန်း ဆိုပြီး ဖြူစင်ရိုးသားဖြောင့်မတ်ခြင်းကို အဓိပ္ပာယ်ဆောင်ပါတယ်။ အလံတော်ရဲ့ အောက်ခြေအစိမ်းရောင်ကတော့ ကမ္ဘာ့မြေကြီးကို ညွှန်းဆိုပြီး စိမ်းလန်းစိုပြည် တည်ငြိမ်သန့်ရှင်းခြင်း အဓိပ္ပာယ်ဆောင်ပါတယ်။

ပါတီ၏အထိမ်းအမှတ်တံဆိပ်

ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အထိမ်းအမှတ်(Logo) တံဆိပ်ကတော့ ကျွန်တော်တို့ ခမီဘာသာစကားနဲ့ ''ဝ, မယက်''ခေါ်ပြီး မြန်မာလိုတော့ ''ငှက်ဝါ''ဖြစ်ပါတယ်။ နောက်ခံ အပြာရောင်နဲ့ သစ်ကိုင်းပေါ်မှာနားနေတဲ့ ငှက်ဝါပုံကို ဖော်ထားပြီး တည်ကြည်ခြင်း၊ အေးချမ်းခြင်း အဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်။ ပါတီဆောင်ပုဒ်ကတော့ ''စုပေါင်းဆွေးနွေး၊ တစ်ဦးချင်းတာဝန် ယူ'' ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသောရခိုင်ပြည်နယ်ရှိ မဲဆန္ဒရှင် မိဘပြည်သူများနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘပြည်သူအပေါင်းတို့ ခင်ဗျား-

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ကျွန်တော်တို့ ''ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ''အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်လေးမြို့နယ်အတွင်း မှာပြည်သူ့လွှတ်တော် နှစ်နေရာနဲ့ ပြည်နယ်လွှတ်တော် သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမှာ ဖြစ်ပါတယ်။

အရွေးခံမယ့် မြို့နယ်တွေနဲ့ကိုယ်စားလှယ်တွေကတော့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် အမျိုးသမီးကိုယ်စားလှယ် ဒေါ်လှစောရီ၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွီးမောင်၊ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးရွှေဘော်စိန်၊ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်နဲ့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျွန်တော်ဦးသန်းဌေးတို့ပဲ ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူများနဲ့  ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားညီအစ်ကို မဲဆန္ဒရှင်အပေါင်း တို့ခင်ဗျား -

ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်မှာ ရှေးပဝေသဏီကတည်းက မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ သမိုင်းရှည်ကြာ အတူတကွနေထိုင်လာခဲ့ကြတဲ့ တိုင်းရင်းသားများဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်သူ/သားများ ငြိမ်းချမ်းသာယာစည်ပင်ဝဖြိုးစေဖို့အတွက် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ခွင့် ရှိတဲ့ အချိန်အခါဖြစ်တယ်လို့လည်း ကျွန်တော်တို့ပါတီက ယုံကြည်ပါတယ်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိရေးဟာ အလွန်အရေးကြီးလှပါတယ်။

ကျွန်တော်တို့ ပါတီအနေနဲ့ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး ပြည်နယ်အကျိုးပြု၊  နိုင်ငံ့အကျိုးပြုလုပ်ငန်းတွေမှာ တစ်ထောင့်တစ်နေရာ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုး စေဖို့အတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့ များနဲ့ ကျွန်တော်တို့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေဖြင့် လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ချင်ပါတယ်။ ကျွန်တော်တို့ပါတီဟာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ပါတီငယ်တစ်ခုဖြစ်သည့်အားလျော်

စွာ ရခိုင်ပြည်နယ်ရဲ့ အကျိုးစီးပွား၊ ပြည်ထောင်စု အကျိုးစီးပွားများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခွင့်ရရှိရေးအတွက် ကျွန်တော်တို့ ပါတီဝင်ပြိုင် မယ့် မဲဆန္ဒနယ်တွေမှာ ငှက်ဝါအမှတ်တံဆိပ်ဖြစ်တဲ့ ''ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ''ကို ဆန္ဒမဲပေးကြပါ၊ အားပေးကြပါလို့ မေတ္တာ ရပ်ခံ တိုက်တွန်းနှိုးဆော်ပြန်ကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား-။

ကျွန်တော်တို့ရခိုင်ပြည်နယ်သူ/ သားများနဲ့ တကွ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကို မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ခမီအမျိုးသာားဖွံ့ဖြိုးတိုးတက်ရေးပါတီ

 ၁။  ပါတီအမည်  -  ခမီအမျိုးသာားဖွံ့ဖြိုးတိုးတက်ရေးပါတီ
 ၂။  ပါတီအမည်(English)  -  Kha Me National Development Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၇.၅.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၂၂ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးဘိုးထွန်း၊ ဦးလေသာကျော်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၅.၅.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၁.၆.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၉.၇.၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၃၇)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးစိန်လှကျော်၊ ဦးလေသာကျော်(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ရခိုင်ပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အိမ်အမှတ်(၁၁၄)အကွက်(၁)၊ဆင်ကူးလမ်း ရပ်ကွက်၊ စစ်တွေမြို့နယ်၊ရခိုင်ပြည်နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၂၁၀၅၃၁၆၆၊ ၀၄၃-၂၃၃၄၄၊ ၀၄၃-၂၃၀၈၈၊ ၀၉-၄၂၅၃၀၁၈၀၄(ဦးသာဘန်းအောင်)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly