မဲရောင်းစားခြင်းက အနာဂတ်ကို ရောင်းစားခြင်းနဲ့တူဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မဲရောင်းစားခြင်းက အနာဂတ်ကို ရောင်းစားခြင်းနဲ့တူဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နေပြည်တော်၊ စက်တင်ဘာ ၂၀ ။ ။ ပြည်သူများအနေဖြင့် မဲမရောင်းစားရန် နှင့် မဲရောင်းစားခြင်းက အနာဂတ်ကို ရောင်းစားခြင်းနှင့် တူကြောင်း ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ပြီး တပ်မတော်သားအများစု နေထိုင်သည့် နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် မဲဆွယ်စည်းရုံးရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

"သေသေချာချာ စွဲပြီးမှတ်ထားရမှာက မဲတိုင်း တစ်ခုချင်း၊ တစ်ခုချင်းက အင်မတန်မှ တန်ဖိုးရှိပါတယ်။ အဲ့ဒီ့မဲတွေကို မဖြုန်းပါနဲ့။ အဲ့ဒီ့မဲတွေကို မရောင်းစားပါနဲ့။ ပေးသမျှကိုယူပါ မဲကိုတော့ မပေးပါနဲ့လို့ ပြောချင်ပါတယ်။ တကယ်တော့ မဲကို ရောင်းစားတာဟာ ကိုယ့်ရဲ့ အနာဂတ်ကို ရောင်းစားတာနဲ့ တူတူပဲ။ ကိုယ့်ရဲ့အနာဂတ်ကို ဘယ်သူ့လက်ထဲမှ ထည့်ပြီး မရောင်းစားနဲ့။ ဘယ်တော့မှ မရောင်းစားနဲ့"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ယှဉ်ပြိုင်အနိုင်ရပြီး အစိုးရဖွဲ့နိုင်လျင် အဖွဲ့ချုပ် ကိုယ်စားလှယ်များ ပြည်သူ့အကျိုးမည်မျှထမ်းဆောင်နိုင်မည်လဲ ဆိုသည်ကို တာဝန်ယူသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းဆုကြည်က ပြောကြားခဲ့သည်။

“အရးကြီးတာက ကိုယ်စားလှယ် တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ အရည်အချင်းမဟုတ်ပါဘူး။ ဒီကိုယ်စားလှယ်တွေနဲ့ စုပေါင်းပြီးဖွဲ့မယ့် အစိုးရဟာ ပြည်သူ့အကျိုးကို ဘယ်လောက်ထမ်းဆောင်နိုင်မလဲ ဆိုတာ အဲ့ဒါ အဓိကဖြစ်ပါတယ်။ ဒီဟာနဲ့ ပါတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ယူပါတယ်။ ကျွန်မတို့ ကိုယ်စားလှယ်တွေအတွက် ကျွန်မတို့ တာဝန်ယူတယ်။ ကျွန်မတို့ကို ပြည်သူကနေပြီးတော့ မဲပေးမယ်ဆိုရင် ပြည်သူ့ရဲ့ ထောက်ခံမှုနဲ့ ကျွန်မတို့ အစိုးရဖွဲ့နိုင်မယ်ဆိုရင် ပြည်သူတွေရဲ့ အတွက်ပါ ကျွန်မတို့ တာဝန်ယူပါတယ်"ဟု ၎င်းက ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာတွင် မဲဆွယ်စည်းရုံးရာ၌ ပြောကြားခဲ့သည်။

သို့သော် ပြည်သူများအနေဖြင့် မည်သည့်အစိုးရကိုမျှ အားလုံးပုံ၍ မအပ်ကြရန်လည်း ၎င်းက တိုက်တွန်းလိုက်သည်။

“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်ရင်လည်း ပုံပြီးတော့ မအပ်ထားပါနဲ့ ဘယ်တော့မှ မမေ့နဲ့ ဒီမိုကရေစီစနစ်ဟာဆိုရင် အဓိကသြဇာဟာ ပြည်သူ့လက်ထဲမှာရှိတယ်။ အာဏာဟာပြည်သူ့လက်ထဲမှာရှိတယ်။ အဲ့ဒါကို ဘယ်သူ့ကိုမှ ထာဝရပုံပြီးတော့ မအပ်သင့်ဘူး။ ရွေးကောက်ပွဲ တစ်ခုနဲ့တစ်ခုကြား တစ်ခဏသာ ဒီအာဏာကို ပေးပြီးတော့ စမ်းကြည့်တဲ့ သဘောပဲ ရှိပါတယ်"ဟု ဒေါ်အောင်ဆန်းဆုကြည်က မဲဆန္ဒ ရှင်များကို သတိပေးစကားဆိုခဲ့သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကစ၍ တက်လာမည့် အစိုးရသည် ပြည်သူအာဏာအပ်နှင်းလိုက်သည့် သဘောရှိကြောင်း၊ ယင်းအစိုးရကို ပြည်သူများမှ သုံးသပ်ရန်လိုကြောင်းနှင့် NLD အစိုးရဖြစ်လျင် ပြည်သူများ၏ သုံးသပ်ပိုင်ခွင့်ကို အပြည့်အဝပေးမည်ဟုလည်း ကတိပြုခဲ့သည်။

စက်တင်ဘာ ၂၀ရက်က ဒေါ်အောင်ဆန်းစုကြည် စည်းရုံးဟောပြောခဲ့သည့် ဇေယျာသီရိမြို့နယ်သည် တပ်မတော်သား အများစု အခြေချ နေထိုင်သည့်မြို့နယ်ဖြစ်ပြီး ဗိုလ်ချုပ်ကြီး လှဌေးဝင်း ယှဉ်ပြိုင်မည့် မြို့နယ်လည်းဖြစ်သည်။ ဇေယျာသီရိမြို့နယ်တွင် မဲဆန္ဒရှင်ဦးရေ ခြောက်သောင်းခွဲကျော်ရှိပြီး တစ်သောင်းရှစ်ထောင်မှာ တပ်မတော်သားမိသားစုဝင်များဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဟောပွဲအပြီး ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး နောက်တနေ့တွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှူးမြို့နယ်သို့ မဲဆွယ်စည်းရုံးဟောပြောမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required