ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာတွေ အပြစ်ရှိသလား

ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာတွေ အပြစ်ရှိသလား

အခုရက်ပိုင်းအတွင်း လှုပ်လှုပ်ခတ်ခတ်လည်းဖြစ်၊ ရန်ကုန်နေ အများပြည်သူတွေနဲ့လည်း သက်ဆိုင်တဲ့ သတင်းတစ်ပုဒ်ကတော့ ဘတ်စ်ကားလိုင်းတွေ သပိတ်မှောက်တဲ့ သတင်း ဖြစ်ပါတယ်။ လတ်တလော အကြောင်းရင်းကတော့ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုနဲ့ ပတ်သက်ပြီး နဂို ဒဏ်ကြေး ကျပ် ၁,၅၀၀ သတ်မှတ်ထားတာကနေ ကျပ် ၃ သောင်းအထိ တိုးမြှင့်လိုက်တာမို့၊ စည်းကမ်းချိုးဖောက် မိတဲ့ ဒရိုင်ဘာ၊ စပယ်ယာတွေအနေနဲ့ ဒီဒဏ်ကြေးဆောင်ဖို့ မတတ်နိုင်ဘူး၊ ဒါကြောင့် သပိတ်မှောက်ရ တာလို့ ဆိုပါတယ်။ ပြဿနာက အများပြည်သူနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်နေတာမို့ စာနယ်ဇင်း သတင်းမီ ဒီယာတွေမှာရော လူမှုကွန်ရက် စာမျက်နှာတွေမှာပါ ဒီအကြောင်း ပြောဆိုဝေဖန်မှုတွေ လျှံထွက်သွား ခဲ့ပါတယ်။ အားလုံးနီးပါးသော လူတွေက ဘတ်စ်ကား စပယ်ယာတွေ၊ ဒရိုင်ဘာတွေကို အပြစ်တင်ကြ တာပါပဲ။ စည်းကမ်းလိုက်နာပြီး ကား မမောင်းတတ်ကြဘူးလား၊ အခုလို သပိတ်မှောက်တော့ ကျောင်းသားတွေ ပြည်သူတွေ ဒုက္ခရောက်ရတာ မသိဘူးလား ဆိုပြီးတော့ပါ။ ပြောရရင် သပိတ် မှောက် ဘတ်စ်ကားလိုင်းက အလုပ်သမားတွေဟာ ပြည်သူတွေရဲ့ ထောက်ခံမှု မရကြဘူး ဆိုတာပါ။ ဘတ်စ်ကား ဒရိုင်ဘာတွေ၊ စပယ်ယာတွေကပဲ မှားနေသလား၊ ဒီ ပြဿနာ ဘာကြောင့် ဖြစ်ရသလဲ အရင်းခံ အကြောင်းတရားတွေကို မရှာဖွေသင့်ဘူးလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ဘတ်စ်ကား ဒရိုင်ဘာနဲ့ စပယ်ယာတွေ သပိတ်မှောက်ရတဲ့ လတ်တလော အကြောင်းကနေစ ပြီး စဉ်းစားကြည့်ကြရအောင်ပါ။ စည်းကမ်းချိုးဖောက်မှုအတွက် ဒဏ်ကြေးကို ကျပ် ၁,၅၀၀ ကနေ ၃ သောင်းအထိ တိုးမြှင့်လိုက်လို့ အဲဒီငွေပမာဏဟာ များလွန်းနေတယ်။ တစ်ခုခုဖြစ်တာနဲ့ သူတို့လို ဒရိုင်ဘာတွေ၊ စပယ်ယာတွေ အဲလောက်ငွေ မတတ်နိုင်ဘူးဆိုပြီး စဖြစ်ကြတာပါ။ ကောင်းပါပြီ။ ဒါဆိုရင် ဒရိုင်ဘာ စပယ်ယာတွေဟာ ယာဉ်ကြောပိတ်ဆို့မှုတွေ များနေတဲ့ ရန်ကုန်မြို့ထဲမှာ၊ စည်းကမ်းမလိုက်နာတဲ့ ယာဉ်တွေများတဲ့ ရန်ကုန်မှာ၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့လို့ဆိုတဲ့ ယာဉ်ထိန်းရဲတွေ အဂတိလိုက်စားမှုများတဲ့ ရန်ကုန်မှာ ဘတ်စ်ကား ဒရိုင်ဘာတွေ စည်းကမ်းရှိရှိ၊ စနစ်တကျ ကားမောင်းလို့ မဖြစ်နိုင်ဘူးလား ဆိုတာပါ။ အဖြေကတော့ ဖြစ်နိုင်ပါတယ် ဆိုပြီးတော့ပါ။ ဒါပေမယ့် အဲလိုစည်းကမ်း လုံးဝ မချိုးဖေါက်ဘဲ စနစ်တကျ ရိုးရိုးသားသား မောင်းမယ်ဆိုရင် တစ်နေ့ တာ မောင်းရမယ့် ခေါက်ရေ ပြည့်မှာလား၊ တစ်ခေါက်စီအတွက် ယာဉ်ပိုင်ရှင် အုံနာကိုပေးရမယ့် ခေါက်ကြေးငွေ ကျော်လွန်အောင် ရမှာလားဆိုတာ မေးခွန်းထုတ်စရာပါ။ ပြောရရင် အဲလို လှေထိုးကြီး ရိုးရိုး စည်းကမ်းနဲ့ မောင်းနေလို့ကတော့ အုံနာကြေး အပြင်၊ ကိုယ့်မိသားစု အတွက်ပါ ရှာရတဲ့ငွေ ပြည့်မီမှာ မဟုတ်လို့ပါပဲ။

မေးခွန်းကို နောက်တစ်မျိုးပြောင်းပြီး မေးကြည့်ကြရအောင်ပါ။ ဘတ်စ်ကား ဒရိုင်ဘာတွေ စပယ်ယာတွေ ဘာကြောင့် ကြိမ်ဖန်များစွာ စည်းကမ်း ချိုးဖောက်နေကြသလဲ ဆိုတာပါ။ တစ်ယောက် လည်း မဟုတ် နှစ်ယောက်လည်း မဟုတ်၊ ဘတ်စ်ကားပေါ် တက်မောင်းတဲ့ ဒရိုင်ဘာ အားလုံးနီးပါး အခုလို ဘာကြောင့်ဖြစ်ကုန်သလဲ မေးခွန်းထုတ်ဖို့ လိုပါတယ်။ ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာတွေ ဆိုတာ နဂိုကတည်းက စည်းကမ်းချိုးဖောက်ဖို့ မွေးဖွားလာသူတွေလား၊ စရိုက်ကြမ်းတမ်း သူတွေလား၊ စည်းကမ်းချိုးဖောက်ပြီးနောက် ငွေတွေရ၊ အဆင်ပြေ၊ မိသားစု တင့်တောင့် တင့်တယ် ထားနိုင်ကြ သူတွေလား ဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

လက်ရှိ ရန်ကုန်မှာ ဘတ်စ်ကားလိုင်းတွေနဲ့ ပတ်သက်ရင် နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ ယာဉ်လိုင်းက ကားအားလုံး ပိုင်ရှင်တစ်ယောက်တည်းက ပိုင်တာဖြစ်ပြီး ကျန်တစ်မျိုးကတော့ ပုဂ္ဂလိက တစ်ဦးချင်းစီ ပိုင်ဆိုင်ကြတာပါ။ နဂိုတုန်းကတော့ ယာဉ်လိုင်းက ကားအားလုံးပိုင်တဲ့ ကုမ္ပဏီ ဟာ ဘတ်စ်ကား ဒရိုင်ဘာတွေနဲ့ စပယ်ယာတွေကို လခစားစနစ်နဲ့ ခန့်ထား အလုပ်လုပ် စေပါတယ်။ ဥပမာ ရွှေဧည့်သည် ယာဉ်လိုင်း။ ပုဂ္ဂလိက တစ်ဦးချင်း ပိုင်တွေကတော့ ရှင်းပါတယ်။ တစ်နေ့ ငါ့ကို ဘယ်လောက်ပေးဆိုပြီး ဘတ်စ်ကား ဒရိုင်ဘာနဲ့ စပယ်ယာလက်ထဲ အပ်လိုက်တာမျိုးပါ။ အခု နောက် ပိုင်းတော့ ကားအများကြီး ပိုင်ထားတဲ့ ကုမ္ပဏီကြီးတွေကတောင် ဘတ်စ်ကား ဒရိုင်ဘာနဲ့ စပယ်ယာ တွေကို တစ်ဦးချင်း တစ်နေ့ ငွေဘယ်လောက်အပ်ဆိုတဲ့ စနစ် ကျင့်သုံးလာနေကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြဿနာက ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာတွေက အုံနာတွေကို တစ်နေ့တာ ရှာပေးရမယ့် ငွေကြေးပမာဏပါ။ အလွန်များတဲ့ ပမာဏပါ။ သဲကြီးမဲကြီး သရဲမရဲစီး၊ စည်းကမ်းတွေ အကုန်ချိုးဖောက်ပြီး ကိုယ့်အချင်းချင်း ပြိုင်မောင်း၊ ခရီးသည် ပြိုင်ပြီး လုတင် လုပ်ပါမှ အုံနာကြေးကြေ၊ ကိုယ့်မိသားစုအတွက် နည်းနည်းပါးပါး ကျန်မယ့် အနေအထားမျိုးပါ။ လှေထိုးကြီးရိုးရိုး လုပ်နေ၊ မောင်းနေလို့ကတော့ အုံနာဖိုး အကြွေးတင်ပြီး မိန်းမကို ဟိုအိမ်သွားပေါင်ရမယ့် ကိန်းတောင် ဆိုက် သွားနိုင်ပါတယ်။ ကောင်းပါပြီ။ ဒီလောက် ဖိစီးမှုများတဲ့ အလုပ်ကို မလုပ်နဲ့ပေါ့လို့ ပြောစရာ ရှိပါတယ်။ ကိုယ်မလုပ်ရင် အဲဒီအလုပ်ကို တခြားသူ တစ်ယောက်ယောက် ဝင်လုပ်သွားမှာ အသေအချာပါ။ အလုပ်ရတစ်ချက် မရတစ်ချက် ဘတ်စ်ကား စပယ်ယာ ဒရိုင်ဘာတွေကလည်း ရန်ကုန်မှာ အများကြီး ပါ။ ဒါကြောင့် မိသားစု စားဝတ်နေရေး ကြိတ်ပြီး လုပ်နေကြတာပါ။ လူအများစုကြီးကတော့ သူတို့တွေ မယဉ်ကျေး၊ စည်းကမ်းချိုးဖောက်တာပဲ မြင်ပြီး ဘာကြောင့် အဲလိုဖြစ်ရတယ်၊ ဘာကြောင့် ငွေကို မရမက ရှာရတယ်၊ နောက်ကွယ်မှာ စနစ်က ဘယ်လိုဖြစ်နေတယ် အဖြေမရှာကြသူတွေက များပါတယ်။

ဖြစ်သင့်တာကတော့ ဘတ်စ်ကားလိုင်းတွေ အားလုံးမှာ ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာ တွေကို လခစားစနစ်နဲ့ ခန့်ထား လုပ်ကိုင်စေဖို့ပါ။ သင့်တော်တဲ့ လခစား စနစ်အောက်မှာ ဘယ်ဒရိုင် ဘာ၊ စပယ်ယာကမှ အလကားနေရင်း စည်းကမ်းဖောက်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲလိုလုပ်ရင် ဘတ်စ်ကားပေါ်မှာ ငွေကောက်တဲ့သူတွေ ငွေခိုးမယ်၊ အဲဒီစနစ် အလုပ်မဖြစ်ဘူးလို့ ဘတ်စ်ကား ပိုင်ရှင် တွေက ဆင်ခြေ တက်ကြပါတယ်။ ဒါက သူတို့ကိစ္စပါ။ လခစား စနစ်ဖြစ်အောင်၊ ဘတ်စ်ကားခ ရငွေ အခိုးမခံရအောင် စနစ်တည်ဆောက် ထိန်းသိမ်းရမယ့် တာဝန်ဟာ သူတို့တာဝန်ပါ။ အဲဒီ တာဝန် မယူ ချင်တဲ့အခါ အလွန်လွယ်ကူတဲ့ အခုလိုနည်းမျိုးနဲ့ တစ်နေ့ ငွေဘယ်လောက် ရှာလာပါဆိုပြီး ဒရိုင်ဘာနဲ့ စပယ်ယာကို မနိုင်ရင်ကာ ငွေရှာခိုင်းတဲ့ စနစ် ကျင့်သုံးတော့တာပါပဲ။

အစွယ်လိုသူက မိဖုရား၊ အသွားစေခိုင်းသူက မင်းဧကရာဇ်၊ လေးပစ်သူက ဘုရား ကျွန်တော်မျိုး ဆိုပြီး သောနုတ္တိုရ် မုဆိုးပြောသလို ယာဉ်လိုင်းတွေကို စနစ်ကျအောင် တည်ဆောက် ထိန်းသိမ်းကြပ်မတ်ရမယ့် အာဏာပိုင်တွေကလည်း သူတို့အလုပ် သူတို့မလုပ်၊ လောဘဇော တက် နေတဲ့ ဘတ်စ်ကားလိုင်း ပိုင်ရှင်တွေ၊ ပုဂ္ဂလိက ဘတ်စ်ကား ပိုင်သူတွေကို စနစ်ကျတဲ့ လုပ်ငန်းဘောင် ထဲ ရောက်လာအောင် မဆွဲသွင်းဘဲ နောက်ဆုံး နင်းပြားဘဝ ပိုင်ရှင် ဘတ်စ်ကား ဒရိုင်ဘာတွေ၊ စပယ်ယာတွေကိုပဲ အပြစ်တင်နေမယ် ဆိုရင်ဖြင့် ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မယ် မဟုတ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required