Amazing City ပရိုဂရမ်တွင် မွန်နှင့် ကရင်တိုင်းရင်းသူအဖြစ် မြင်ရမည့် အလှမယ် မိုးစက်ဝိုင်

Amazing City ပရိုဂရမ်တွင် မွန်နှင့် ကရင်တိုင်းရင်းသူအဖြစ် မြင်ရမည့် အလှမယ် မိုးစက်ဝိုင်

ရန်ကုန် ၊ စက်တင်ဘာ ၁၉ ။          ။ Myanmar Media 7 က စီစဉ်ပြီး မြဝတီ ရုပ်မြင်သံကြားတွင် အပတ်စဉ် ထုတ်လွှင့် ပြသနေသည့် Amazing City ပရိုဂရမ်အတွက် အလှမယ် မိုးစက်ဝိုင်နှင့် ဒါရိုက်တာ အောင်မြတ်တို့သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့သို့ သွားရောက် ရိုက်ကူးထားသည်။

Amazing City ပရိုဂရမ်အတွက် ကရင်နှင့် မွန်ပြည်နယ်တို့တွင် ရှိသည့် တိမ်မြုပ် ပျောက်ကွယ်နေသော  အရာများ၊ ထိုပြည်နယ်များ၏ ရိုးရာဓလေ့များ၊ အလှအပများကို ပရိသတ်များလေ့လာသိရှိ ခံစားနိုင်ရန် ရိုက်ကူးထားခြင်းဖြစ်သည်။

ထိုပရိုဂရမ်ကို ဒါရိုက်တာ အောင်မြတ်က နိုင်ငံတကာ အဆင့်မီ ရိုက်ကူး ပုံဖော်လျက်ရှိပြီး အလှမယ် မိုးစက်ဝိုင်က အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ထားသည်။ ဒါရိုက်တာ အောင်မြတ်က "ကျွန်တော်တို့ စက်တင်ဘာ ၁၄ ရက်နေ့က စသွားတယ်။ ၁၈ ရက်နေ့က ပြန်ရောက်တယ်။ ဒီတစ်ခေါက်ကတော့ မိုးကလည်း အရမ်းရွာတဲ့အတွက် အဆင်ပြေသလို ရိုက်ခဲ့ရတယ်။ မိုးစက်ဝိုင် ကိုတော့ မွန်တိုင်းရင်းသူ အဖြစ်ရော ကရင်တိုင်းရင်းသူ အဖြစ်ပါ မြင်တွေ့ကြရမှာပါ" ဟု ပြောသည်။

ထို အစီအစဉ်သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးစုအားလုံး၏ ရိုးရာ ဓလေ့စရိုက်များ၊ ကိုးကွယ် ယုံကြည်မှုများ၊ ဒေသဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့် ချစ်စရာ လူနေမှု ဘဝများကို ပွဲတော် ရာသီများ အလိုက် စီစဉ် ရိုက်ကူးလျက်ရှိသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် စတုန်းမြို့တွင် Amazing Cities (Season 2) အဖြစ် သွားရောက် ရိုက်ကူးခဲ့ပြီး ယခင်အစီအစဉ်ကဲ့သို့ ခရီးသွားပုံစံမျိုး ရိုက်ကူးထားခြင်း မဟုတ်ဘဲ ဇာတ်လမ်း Story ပုံစံမျိုး ရိုက်ကူး ထားပြသထားပြီး ဖြစ်သည်။

Amazing City ပရိုဂရမ်အတွက် မွန်ပြည်နယ်သို့ သွားရောက် မရိုက်ကူးခင်က ရန်ကုန်မြို့တွင် အလှမယ် မိုးစက်ဝိုင်နှင့်အတူ ထိုင်းမင်းသမီး ကရာဗီ က အားဖြည့်ပါဝင် သရုပ်ဆောင်ကာ ရန်ကုန်မြို့ရှိ အထင်ကရ နေရာ များ၌ ရိုက်ကူးခဲ့သေးသည်။

မွန်နှင့် ကရင်ပြည်နယ်တို့တွင် သွားရောက် ရိုက်ကူးခဲ့သည့် Amazing Cities (Season 2) ပရိုဂရမ်ကို မြဝတီ ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၃၀ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ည ၆ နာရီ သတင်းအပြီး ပုံမှန် ထုတ်လွှင့်ပြသမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly