ဖေ့စ်ဘွတ်မှာ ရေးလို့ တရားစွဲခံရတာ ဦးလှဆွေက ပထမဦးဆုံးသူ မဟုတ်ပါ

ဖေ့စ်ဘွတ်မှာ ရေးလို့ တရားစွဲခံရတာ ဦးလှဆွေက ပထမဦးဆုံးသူ မဟုတ်ပါ

ကိုမျိုးသန့်ရေ

အခုရက်ပိုင်း မီဒီယာလောကအတွက် ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေကို အလဲဗင်း မီဒီယာကနေ တရားမမှုနဲ့ နစ်နာကြေး ကျပ်ငွေ သိန်း ၆,၀၀၀ ရလိုကြောင်း တရားစွဲတယ်ဆိုတဲ့ သတင်းပါ။ တရားစွဲတာကို ရန်ကုန်တိုင်း တရား ရုံးကလည်း လက်ခံလိုက်ပြီလို့ ဆိုပါတယ်။ ဒီသတင်းကို အလဲဗင်းသတင်းစာက ဖော်ပြလို့ အများက သိကြရတာပါ။ အလဲဗင်း သတင်းဖော်ပြချက်မှာ ဦးလှဆွေက Facebook မှာ ဘာရေးလို့ သူတို့မီဒီယာ ထိခိုက်ရကြောင်း ဖော်ပြမထားပါဘူး။ တရားမမှု ဖြစ်တာကြောင့် နှစ်ဘက်စလုံးဟာ ကိုယ်စားလှယ်တွေကနေ တစ်ဆင့် ရင်ဆိုင်နိုင်ကြပါတယ်။ ကိုယ်တိုင် တရားရုံး သွားရင်ဆိုင်စရာ မလိုပါဘူး။ တရားမမှု ဆိုတာကြောင့် အဆင့်တစ်ဆင့်ထဲမှာတင် နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ အဆင့်ဆင့် တက်ရင်တော့ နှစ်တွေ အများကြီးလည်း ကြာနိုင်ပါ တယ်။ ဒီအကြောင်း နောက်တော့ ကျွန်တော် သိသလောက် ရှင်းပြပါ့မယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ မှာ ခုလို ဖော်ပြထားပါတယ်။ “Eleven Media Group ကအမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေကို တရားစွဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးလာသူများအတွက် ဒီကနေပဲ စုစည်းပြီး ဖြေလိုက်ပါတယ်။

၁။ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ဘာလုပ်ဖို့ ရှိသလဲဆိုတာနဲ့ ပတ်သက်ပြီး လူပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ပဲဖြစ်ဖြစ် မိမိရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ဥပဒေရဲ့ အကာအကွယ်ကို ရယူခွင့် ရှိပါတယ်။ ဒါ့ကြောင့် ပြန်ကြားရေးက ဘာမှ ဆောင်ရွက်ဖို့ မရှိပါဘူး။ ဒါဟာ ကာယကံရှင်များ အကြားနဲ့ တရားရုံးမှာသာ ဖြေရှင်းရမယ့် ကိစ္စပဲ ဖြစ်ပါတယ်။

၂။ ဒီဖြစ်စဉ်ရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး ဒီတရားစွဲမှုဟာ Facebook မှာ ရေးသားချက်အပေါ် အင်တာနက်/ဆက်သွယ်ရေးဆိုင်ရာ ဥပဒေနဲ့ မဟုတ်ဘဲ ပြစ်မှုကြောင်း တရားမကြောင်းအရ တရားစွဲမယ်လို့ သတိပေးပြီး ဆက်လက် တရားစွဲခဲ့တဲ့ ပထမဆုံး အမှုဖြစ် မယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် Facebook ပေါ်ကနေ မိမိဂုဏ်သတင်းနဲ့ သိက္ခာကို ထိခိုက် အောင် ရေးသားခံနေရတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အနေနဲ့ Eleven Media Group လိုပဲ ဥပဒေရဲ့ အကာအကွယ်ကို ရယူနိုင်ဖို့ အခွင့်အရေး ရှိလာပြီလို့ မြင်ပါတယ်။ တစ်ဘက်ကလည်း Facebook မှာ ရေးသားနေတဲ့ နယ်ပယ်အသီးသီး က ပုဂ္ဂိုလ်များအနေနဲ့ မိမိတို့ ရေးသားချက်များအပေါ် ဥပဒေအရ အငြင်းပွားစရာ မဖြစ်အောင် သတိထားရမယ်လို့ ယူဆပါတယ်” လို့ဆို ပါတယ်။

ကျွန်တော်ကတော့ ဦးရဲထွဋ် ပြောတာ တစ်ချက်လွဲနေတာ သတိထားမိပါတယ်။ ဖေ့စ်ဘွတ်မှာ ရေးလို့ တရားစွဲခံရသူဟာ ဦးလှဆွေဟာ ပထမဦးဆုံးလူ မဟုတ်ပါဘူး။ ကျွန်တော် သိသလောက် အဲလိုပဲ ဖေ့စ်ဘွတ်မှာ ပို့စ်တင်ရေးလို့ နာမည်ကြီး ဒါရိုက်တာ မိုက်တီးကို အလဲဗင်းမီဒီယာက ပုဒ်မ ၅၀၀ ပြစ်မှုကြောင်းနဲ့ တရားစွဲခဲ့ပါတယ်။ ဒါရိုက်တာ ကိုမိုက်တီးဟာ အမှုကို တစ်နှစ်ကျော် ရင်ဆိုင် လိုက်ရပါတယ်။ အမှုဖြစ်ပြီး တစ်နှစ်ကျော် အကြာမှာ ကျွန်တော်နဲ့ လာတိုင်ပင်ပါသေးတယ်။ အလဲဗင်းက အမှုတွေကို ဘယ်လို ရင်ဆိုင်သလဲပေါ့။

ကျွန်တော်ကတော့ ကျွန်တော် ရင်ဆိုင်ရတဲ့ အမှုတွေကို ရှင်းပြလိုက်ပါတယ်။ တချို့ အမှုတွေကိုဆို စာနယ်ဇင်းသဘောအရ လွတ်လပ်စွာ ရေးသားတာ ဖြစ်တယ်၊ ဆောင်းပါးပါ အချက်အလက်ထဲမှာလည်း နစ်နာကြောင်း တရားစွဲစရာ ဘာအကြောင်းမှ မရှိဘူးဆိုပြီး တင်လျှောက်တဲ့ တရားရုံးကပဲ ပလပ်(ပယ်ချ) လိုက်တာ ဖြစ်ပါတယ်။ အဲဒါမျိုးဆို ကျွန်တော် တရား ရင်မဆိုင်ရပါဘူး။ တချို့အမှုကတော့ တရားစွဲ သူဟာ တကယ်နစ်နာသူ မဟုတ်ဘူး၊ ဒါကြောင့် တရားစွဲခွင့် မရှိဘူးဆိုပြီး ပလပ် လိုက်တာလည်း ရှိပါတယ်။ ဥပမာ မြန်မာပို့စ် ဂလိုဘယ်လ်မှာ ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ကိုဆိုရင် အလဲဗင်း ဒါရိုက်တာ အဖွဲ့က တာဝန်ပေး လို့ဆိုပြီး သတင်းထောက် ဟိန်းမင်းလတ်က တရားစွဲတာမျိုးပါ။ ဟိန်းမင်းလတ်ဟာ ဝန်ထမ်း တစ်ယောက်ပဲ ဖြစ်တယ်၊ တကယ် နစ်နာသူ မဟုတ်ဘူးဆိုပြီး အမှုကို ပလပ် ပေးလိုက် တာပါ။ ကိုမိုက်တီး အမှုမှာလည်း အဲဒီအတိုင်းပါပဲ။ အလဲဗင်း ဒါရိုက်တာ အဖွဲ့က တာဝန်ပေးတဲ့ ဝန်ထမ်းတစ်ယောက်က တရားစွဲတာပါ။ တစ်နှစ်ကျော်အကြာမှာ အလဲဗင်းဘက်က သူတို့ဖာ သာ သူတို့ ရုပ်သိမ်းသွားတာပါ။

ကိုမျိုးသန့်ရေ

အဲဒါမျိုးဆို ကိုမိုက်တီးဘက်က နစ်နာကြောင်း တရားမမှုနဲ့ ပြန်စွဲလို့ ရပါတယ်။ ဒါပေ မယ့် သူက အလုပ်များသူ နာမည်ကြီး ဒါရိုက်တာ မဟုတ်လား။ ဘာမှ ပြန်မလုပ်ခဲ့ပါဘူးလို့ ပြောပါတယ်။ နောက် တစ်ယောက်ကတော့ ၈၈ မျိုးဆက် အဖွဲ့ခေါင်းဆောင် တစ်ယောက် ဖြစ်သူ ကိုဂျင်မီပါ။ ကိုဂျင်မီဟာ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ပို့စ်လေးတွေ ရေးတင်နေ သူပါ။ တစ်ကြိမ်မှာတော့ ကိုဂျင်မီရေးတင်တဲ့ ပို့စ်တစ်ခုဟာ သူတို့ကို ထိခိုက်နစ်နာစေတယ်၊ တောင်းပန် ဖြေရှင်းပါ၊ မဖြေရှင်းရင် တရားစွဲရပါမယ်ဆိုပြီး အလဲဗင်းရဲ့ ရှေ့နေက ကိုဂျင်မီဆီ နို့တစ်စာ ပို့ပါတယ်။ ကိုဂျင်မီရဲ့ ပြောပြချက်အရ သူက ဒါကို ဖြေရှင်းစရာ မလိုလို့ ပြန်မရှင်းဘဲ အေးအေးဆေးဆေး နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ထပ် ရှေ့နေဆီကနေ စာတစ် စောင် ထပ်ရောက်လာတော့ စနစ်တကျ စာရေးသား တုန့်ပြန်ဖြေရှင်း လိုက်တယ်လို့ ဆိုပါ တယ်။ အလဲဗင်းဘက်က တရားစွဲမယ် ဆိုတာမျိုး ထပ်မပြောတော့ပါဘူး။

ဒါတွေက ကျွန်တော် သိထားသလောက်ပါ။ ဖေ့ဘွတ်မှာ ရေးလို့ တရားစွဲခံတယ် ဆိုတာမျိုး အလဲဗင်းက စွဲတာတွေရော၊ အခြားလူတွေ စွဲတာတွေပါ ရှိကောင်း ရှိနိုင်ပါသေး တယ်။ ကျွန်တော် သိသလောက် ကတော့ အဲဒီအချက်တွေ ရှိနေတာကြောင့် ဦးရဲထွဋ် ပြောသ လို ဖေ့ဘွတ်မှာ ရေးလို့ တရားစွဲခံရတာ ဦးလှဆွေ ပထမဦးဆုံးသူ မဟုတ်သလို အလဲဗင်းက စွဲတဲ့ ပထမဦးဆုံးအမှုလည်း မဟုတ် ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဖေ့ဘွတ် အကြောင်း၊ ကျွန်တော်တို့ဆီက တရားစီရင်ရေး စနစ်အကြောင်း လေ့လာနေပါတယ်။ အတော် လေးလည်း သိလာနေပါပြီ။ နောင် အလျဉ်းသင့်ရင် အသေးစိတ် ရှင်းပြဦးမယ်နော်။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required