ရွေးကောက်ပွဲက အခြေခံလူတန်းစားတွေရဲ့ ဘဝကို ပြောင်းလဲနိုင်မလား

ရွေးကောက်ပွဲက အခြေခံလူတန်းစားတွေရဲ့ ဘဝကို ပြောင်းလဲနိုင်မလား

ရွေးကောက်ပွဲအတွက် အရေးပါတဲ့ မဲစာရင်း၊ ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီများနဲ့အဆုံးအဖြတ် ပေးရမည့် ပြည်သူများအတွက် အားရဖွယ်မရှိတဲ့ မဲစာရင်း လွဲချော်မှု၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန် မခံမှုတို့က မဲပေးပိုင်ခွင့် ဆုံးရှုံးနိုင်မှုများကို ညွှန်ပြနေတာပဲဖြစ်ပါတယ်

သန်းနှင့်ချီတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများ မဲပေးခွင့် ရရှိရေးမှာ ရာခိုင်နှုန်းနှင့် အချိုးချလျှင် အားရဖွယ်ရာ လုံးဝမရှိဘဲ အဲဒီမဲတွေ ဘယ်လိုဖြစ်လာမလဲ ပြည်ပရောက် မြန်မာနိုင်ငံသားများ မဲပေးလိုပေမယ့် သက်ဆိုင်ရာ သံရုံးများရဲ့ လှုံ့ဆော် အသိပေးမှု အားနည်းတာ မဲပေးလိုသူတွေ အတွက်လည်း လုပ်ဆောင်ရမယ့်အဆင့်တွေ ရှုပ်ထွေးပြီး ကြိုးနီစနစ် ဆန်နေတာ။

မဲပေးလိုပေမယ့် သံရုံးကတောင်းဆိုတဲ့ အချက်တွေကြောင့် မိမိနှင့် မိမိမိသားစုတွေရဲ့ လုံခြုံရေးကို စိုးရိမ်ရခြင်း၊ မိမိပေးလိုတဲ့ မဲအတိုင်း အမှန်တကယ် ရောက်ရှိမှုအပေါ် သံသယဝင်ခြင်းတို့က အဓိက အတားအဆီးများ ဖြစ်နေကြတယ်မဟုတ်ပါလား တာမွေမြို့နယ်က လမ်းဘေးဈေးသည် ကိုအညားသား ရဲ့အမြင်ကဘယ်ပါတီပဲနိုင်နိုင် ပြည်သူတွေအတွက် ကောင်းကျိုးချမ်းသာ ဖန်တီးပေနိုင်ဖို့ပဲ လိုအပ်ပါတယ်တဲ့။

ကိုအညာသား။          ။ပြည်သူတွေရဲ့အပေါ်မှာ ဘာကောင်းကျိုးတွေ ဘယ်လို ဖန်တီးပေးနိုင်မလည်း ဆိုတာတော့ လိုအပ်တာပေါ့။ ဘယ်ပါတီမှ နိုင်ရမယ်။ဘယ်ပါတီတော့ ရှုံးရမယ်ဆိုတဲ့ စိတ်တော့ ကျွန်တော့ စိတ်ထဲမှာ မရှိပါဘူး။ သူတို့ တက်လာတဲ့ပါတီဟာ ကိုယ့်ပြည်သူအတွက် ကောင်းအောင် ပြည်သူပြည်သား တွေ အတွက် ကောင်းကျိုး ချမ်းသာကို သူဘယ်လိုဖန်တီးပေးနိုင်မလည်း ဘယ်လောက်အထိလုပ်ဆောင် ပေးနိုင်မလည်းဆိုတာတော့ တက်လာတဲ့ ပါတီရဲ့ အဆုံးအဖြတ်ပါပဲ။

လူ့လောကမှာတော့ ဘယ်သူမျိုးမဆိုပေါ့ ကိုယ့်မိသားစု ညီညွတ်စွာ မျှတအောင် လုပ်ပေးနိုင်ဖို့ဆိုတာ လူတိုင်း စိတ်တိုင်းကျအောင် လုပ်ပေးနိုင်ဖို့တော့ မလါယ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် ဖြစ်ချင်တာထက် လုပ်သင့်တာကိုတော့ လုပ်ပေးရမှာပေါ့။ ဒါပေမယ့် ဘယ်လို ကောင်းကျိုးတွေ လုပ်ပေး မယ်ဆိုတာကတော့ ပြည်သူတွေအနေနဲ့ စောင့်ကြည့်ရမယ့် လူသားချည်းပါပဲ။ အကုန်လုံးပေါ့လေ။ ပြည်သူ တွေကတော့ ဆိုးလည်းပဲ ခံရမှာပဲ။ ကောင်းလည်းပဲ စံရမှာပဲ။

 

ရွေးကောက်ပွဲ တခု ကျင်းပတော့မယ်ဆိုရင် အဲဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ မလွဲမသွေေ ပါ်လာကြမှာပါ။ ပါဝင်ပြီး ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်မှုကို ခံယူကြမယ့် သူတို့တတွေနဲ့ ဆန္ဒမဲပေးကြမဲ့ ပြည်သူတွေအကြား လုံလောက်တဲ့ ထိတွေ့ဆက်ဆံမှု အချိန်ကာလတခု ရှိရပါလိမ့်မယ်။

ဒါကလည်း တရားမျှတမှု ရှိတယ်ဆိုခြင်းရဲ့ လက္ခဏာတခု ဖြစ်ပါလိမ့်မယ်။ ဒီလိုမှသာ သူတို့ဟာဘယ်သူ ဘယ်ဝါဖြစ်ပါတယ်၊ ဘယ်လို အရည်အသွေးတွေ ရှိကြပါတယ်၊ တိုင်းပြည်အရေး ကိစ္စတွေအတွက် သူတို့ရဲ့ အမြင်သဘောထား အယူအဆတွေက ဘယ်လိုဘယ်ဝါ ရှိတယ်ဆိုတာကို မဲဆန္ဒရှင်တွေကို အသိပေးနိုင်မှ ရွေးချယ်ရမယ့် ပြည်သူလူထုမှာ အကဲဖြတ် နိုင်တော့မပေါ့။ ရွေးကောက်ပွဲက သာမန်ပြည်သူတွေအတွက် အကျိုးသက်ရောက်မှု ရှိမယ်လို့ ပုဇွန်တောင်က လမ်းဘေးဈေးသည် ကိုလှဝင်းက မြင်ပါတယ်။

ကိုလှဝင်း ။      ။ရွေးကောက်ပွဲက သာမန် ပြည်သူတွေအတွက် အကျိုးသက်ရောက်မှု အရှိဆုံးပေါ့။ စီးပွားရေးတွေ လုပ်ငန်း အခွင့်အလန်းတွေ သွားရေး လာရေး ဖွံ့ဖြိုးရေးတွေ အတွက် အထောက်အကူ ပြုနိုင်တာပေါ့ဗျာ။ အရောင်းအဝယ်တွေ အဆင်ပြေအောင် လုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်အောင် လက်လုပ် လက်စား ဘ၀ တွေလည်း အဆင်ပြေအောင် အဲဒါတွေကိုတောင်းဆိုချင်ပါတယ်။ အခုလက်ရှိအနေအထား အရတော့ စီးပွား ရေးက ကုန်ဈေးနှုန်းတွေကကြီး လုပ်ကိုင်စားသောက်ရတာ ပိုလျံမှုမရှိတဲ့အတွက် ကျပ်တည်းတာပေါ့ဗျာ။

စစ်အစိုးရလက်ထက်မှာ ထိပ်တန်း ဗိုလ်ချုပ်ကြီး တဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် ခံခဲ့ရတဲ့ ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကောင်မရှင်က ဦးစီးကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်နိုင်ပါ့မလား ဆိုတဲ့ ဝေဖန်သုံးသပ် မေးခွန်းထုတ်မှုတွေက ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ပိုပြီး ကျယ်ကျယ် လောင်လောင် ပေါ်ထွက် လာနေပါတယ်။ ဘယ်လိုအသံတွေပဲထွက်နေထွက်နေ သာမန်ပြည်သူ တစ်ယောက်ဖြစ်တဲ့ ဦးကျော်လင်းညွန့်ကတော့ ဒီရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ပြီးဆုံးသွားဖို့ ဆုတောင်းပါတယ်။

 

ဦးကျော်လင်းညွန့် ။     ။ကျွန်တော်တို့ သာမန်ပြည်သူ တစ်ယောက်အနေနဲ့ကတော့ ဒီရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ပြီးဆုံးသွားပါစေလို့ မြင်တယ်ဗျ။ ဘယ်လိုကြောင့်လည်း ဆိုတာက ဒီရွေးကောက်ပွဲမှာက ပါတီတစ်ခုခုတော့ နိုင်မှာတော့ သေခြာတယ်လေ။ သူတို့အနိုင်ရမှ ဒီကိစ္စကြီး ရှင်းလင်းသွားမယ်လေ။ ဒီလိုပဲ မြင်ပါတယ်။

အခုအနိုင်ရမယ့်ပါတီကတော့ ကျွန်တော်တို့အခြေခံ လူတန်းစားတွေအတွက် နေရေးထိုင်ရေး ပေါ့နော်။ စီးပွား ရေးတွေပေါ့၊ လုပ်ကိုင်ရှာဖွေရတဲ့အရေး ကိစ္စတွေ၊ လမ်းပန်း ဆက်သွယ်ရေးတွေပေါ့နော် ဒါတွေက အရေးကြီး ဆုံးလို့ ကျွန်တော်မြင်ပါတယ်။ လက်ရှိဘဝကတော့ အလုပ်အကိုင် ရှားပါးတယ်။ ရှာဖွေသလောက် မရဘူး။ နောက် လမ်းတွေ ကျပ်တယ်။ ယဉ်ကြောတွေ ပိတ်ဆို့တယ်။ ဒီလောက်ပဲတွေ့ ထား ရပါတယ်။ အောက် ခြေမှာတော့။

ပြည်သူလူထုက မဲဆန္ဒရှင်ဟာ သူကြိုက်တဲ့သူ လုပ်နေတဲ့ ဟောပြောပွဲတွေ သူနားထောင်မယ်။ နားထောင်ပြီးတော့ သို့မဟုတ် သူတို့အချင်းချင်း သူ့ထင်မြင်ချက် ကိုယ့်ထင်မြင်ချက် အဲဒီသဘောမျိုးနဲ့ သူတို့ခံယူချက်နဲ့ ပြည်သူလူထုက သူဟာ ဒီဟာအတွက် စိတ်ဝင်တစားနဲ့ သူတို့ ကြိုက်တဲ့ အမတ်လောင်းကို လွတ်လွတ်လပ်လပ်ကြီး အော်ဟစ် ကြွေးကြော်ပြီးတော့ ခံယူချက်နဲ့ မဲပေးခွင့် ရှိဖို့သင့်တာပေါ့။ မဲပေးခွင့် ရှိနေသင့်တာပေါ့။ မဲလည်းမဲပေးသင့်တာပေါ့။ အဲဒီလိုမျိုးမှသာ ဒီမိုကရေစီ စနစ်နဲ့ ရွေးတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ယူဆလို့ရမယ်လေ ကိုအညာသားကတော့ ဘယ်ပါတီပဲတက်တက် တိုင်းပြည်ကောင်းအောင်လုပ် ပေးဖို့ပဲလိုပါတယ်တဲ့။

 

ကိုအညာသား။          ။ပြည်သူ တစ်ယောက်အနေနဲ့ ပြောရမှာတော့ ဘယ်ပါတီပဲ တက်လာလာ ဘယ်သူတော့ နိုင်ရပါစေ ဘယ်သူတော့ ရှုံးရပါစေဆိုတဲ့ စိတ်တော့မရှိပါဘူး။ ပြည်သူတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဘယ်သူပဲတက်တက်ကိုယ့်တိုင်းပြည်အတွက် ကောင်းအောင်လုပ်ပေးနိုင်တဲ့အကြံ  အကြံပေးနိုင်တဲ့ ကောင်းတဲ့ နည်းစနစ်တွေကို ကျင့်သုံးနိုင်တဲ့ အကျင့်ကိုတော့ တက်လာတဲ့ပါတီတိုင်းမှာ လိုအပ်တယ်လေ။ ဒါပေမယ့် လူဆိုတာတော့ ကိုယ်တောင်းဆိုတိုင်းလည်း ပြည့်စုံမှာတော့ မဟုတ်ပါဘူး။

နိုင်ငံကံကြမ္မာကို ဖန်တီးခွင့်ရတဲ့ အစိုးရနဲ့ တိုင်းပြည် ခေါင်းဆောင်လုပ်တဲ့ သူတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးကြီးတယ် ဆိုတာကို တချိန်က အာရှတိုက်မှာ စပါးကျည်ဖြစ်ခဲ့ပြီး ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတနိုင်ငံ အဖြစ်ကနေ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ ဘဝ ကိုသက်ဆင်းခဲ့ရပြီး ဆင်းရဲမွဲတေ ဘယ်တိုင်းပြည် သွားသွား လူမလေး ခွေးမခန့် ဆက်ဆံတာတွေ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ကောင်းကောင်း သဘောပေါက်ကြဖို့ လိုပါတယ်။

အရည်အချင်းရှိတဲ့ စွမ်းဆောင်နိုင်ချေရှိမဲ့ သူတွေကို ရွေးချယ်ပေးရမဲ့ ကိုယ့်တာဝန်ကို တာဝန်သိသိလုပ် ပေးရမှာဖြစ်သလို ကိုယ့်ရပ်ကိုယ့်ရွာအကျိုး အမှန်တကယ်လိုလားသူ တယောက်ကို နေရာရရှိအောင်၊ မဲမသမာမှုတွေ မဲလိမ် မဲခိုးတာမျိုးတွေ မလုပ်နိုင်အောင် ကိုယ်တတ်နိုင်တဲ့ ကိုယ်လုပ်ဆောင်နိုင်တဲ့ နေရာ ကနေ စောင့်ကြည့် ဖေါ်ထုတ်ပေးကြဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။

ပြည်သူလူထုက လိုလားသူ အစစ်အမှန်တွေကနေ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးခွင့်ရရှိစေဖို့ ပြည်သူတွေ တဦးချင်းဆီမှာ တာဝန်ရှိနေကြတဲ့အတွက် ဒီတာဝန်ကို မပျက်မကွက် ဆောင်ရွက်ဖို့လိုပါတယ်လို့ ပြောလိုက်ပါရစေခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required