'၀' ဒီမိုကရက်တစ်ပါတီ၏ မူဝါဒ သဘောထား

'၀' ဒီမိုကရက်တစ်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၆ ။   ။ 'ဝ' ဒီမိုကရက်တစ်ပါတီ  ဗဟိုကော်မတီဝင် ဦးကျင်ဝမ်းက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၆  ရက်နေ့ ညပိုင်းကရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင် ပြည်သူအပေါင်းတို့ခင်ဗျာ-

ကျွန်တော်ကတော့ 'ဝ' ဒီမိုကရက်တစ်ပါတီမှ ဗဟိုကော်မတီဝင် ဦးကျင်ဝမ်းဖြစ်ပါတယ်။ မင်္ဂလာအပေါင်းနှင့် ခညောင်းကြပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သဂါရဝပြုအပ် ပါတယ်။

ကျွန်တော်တို့  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် ချီတက်ရာတွင် ဘက်စုံမှ အောင်မြင်မှုအသီးအပွင့် များကို အထိုက်အလျောက်ရရှိခံစားနေကြရပြီဖြစ်ပါတယ်။

ဤအောင်မြင် မှုရလဒ်သည် မဲဆန္ဒရှင်ပြည်သူတွေရဲ့  စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရရှိသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။ များမကြာတော့သည့် အချိန်ကာလတွင် ပွင့်လင်းမြင်သာပြီး တရားမျှတမှု ရှိမည့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ကျင်းပပြုလုပ် ကြရမှာ ဖြစ်ပါတယ်။

ဒီရွေးချယ်တင်မြှောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများက မိမိတို့အတွက် ပြည်သူ့အကျိုးကို စေတနာမှန်ဖြင့် သယ်ပိုးဆောင်ရွက်နိုင် မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ဖို့ အလွန်မှအရေးကြီးပါတယ်။

ဒါမှ ကျွန်တော်တို့ မျှော်မှန်းထားသည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးအား ဆက်လက်တည်ဆောက်သွားနိုင်ကြ မှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ အနာဂတ် ကံကြမ္မာကောင်းအတွက် မိမိတို့အသဲနှလုံးကြားက တန်ဖိုးမဖြတ်နိုင်တဲ့ ဆန္ဒမဲတစ်ပြားဟာ အဆုံး အဖြတ် ဖြစ်ပါတယ်လို့  အသိပေးတင်ပြလိုပါတယ်။

ဒီအတွက် ဆန္ဒမဲပေးတဲ့နေရာမှာ မှန်မှန်ကန်ကန် သေချာတွေးခေါ်စဉ်းစားပြီး လွတ်လပ်စွာဆန္ဒမဲပေးကြဖို့  ဖြစ်ပါတယ်။ ဒါမှ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး ရဲ့အောင်မြင် မှုနဲ့အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်မှန်းကြတဲ့ အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာတည်သရွေ့ ဆက်လက်တည်ဆောက် ထိန်းသိမ်းသွားနိုင်ကြမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ 'ဝ' ဒီမိုကရက်တစ်ပါတီဟာ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေလိုအပ်ချက်နဲ့အညီ 'ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ရှိ တိုင်းရင်းသားညီအစ်ကိုများရဲ့ အတည်ပြုဆုံးဖြတ်ချက်ဖြင့် တည်ထောင်ခဲ့သော နိုင်ငံတော်အကျိုးပြုပါတီဖြစ်ပါတယ်။

'ဝ' ဒီမိုကရက်တစ်ပါတီဟု ဆိုပေမယ့်လည်း 'ဝ' တိုင်းရင်းသားတစ်မျိုး တည်းဖြင့် ဖွဲ့စည်းတည်ထောင်ထားခြင်း မဟုတ်ဘဲ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းရှိ တိုင်းရင်းသားညီအစ်ကိုများရဲ့ စည်းလုံးညီညွတ်မှုဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပါတီဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကြီးတွင် ကျွန်တော်တို့ ပါတီရဲ့ လွှတ်တော် အမတ်(၆) ဦးဟာ ဒေသခံပြည်သူများ၏ စည်းလုံးညီညွတ်မှု ကြောင့် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး ကြီးမားသောအောင်မြင်မှု ကို ရရှိခဲ့ပါတယ်။

ရွေးကောက်တင်မြှောက်ခြင်းခံရသော ကျွန်တော်တို့ရဲ့ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ထဲတွင် သော်လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်သော်လည်းကောင်း၊ တာဝန်ကျေပွန်စွာဖြင့် ဆောင်ရွက်ခဲ့ကြသည်ကို ဒေသခံပြည်သူများအနေဖြင့် သိရှိပြီး ဖြစ်ပါတယ်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီဟာ 'ဝ' တိုင်းရင်း သားအများစုရှိတဲ့ မဲဆန္ဒနယ်(၁၁) နေရာကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ပါတီရဲ့ ကိုယ်စားလှယ်များ အနိုင်ရရှိ ပါက လွှတ်တော် ထဲတွင် တိုင်းရင်းသားများ ရသင့်ရထိုက်သည့် အခွင့်အရေးရရှိအောင်နဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ဆက်လက်ကြိုးစားဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း တင်ပြလိုပါ တယ်။

အထူးတင်ပြလိုသည်မှာ'ဝ' ဒီမိုကရက်တစ်ပါတီရဲ့ အချုပ်သဘောထား ဖြစ်တဲ့ နယ်မြေအေးချမ်းသာယာရေး၊ အဘက်ဘက်မှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုင်းရင်းသားညီအစ်ကိုများအချင်းချင်း ချစ်ခင်လေးစား ညီညွတ်ရေးစသည့် အကျိုးကျေးဇူးများကို ရရှိခံစားကြပြီ ဖြစ်ပါတယ်။။ ဖော်ပြပါ ပါတီရဲ့ သဘောထားများကို'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုများကလည်း နားလည် သဘောပေါက်လက်ခံကြပြီး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြလို့ အဘက်ဘက်မှာ အောင်မြင်မှု များစွာရရှိနေကြ ပြီဖြစ်ကြောင်း ဖော်ပြလိုပါတယ်။ နယ်မြေအေးချမ်းပြီး လမ်းပန်း ဆက်သွယ်ရေးကောင်းမွန် တိုးတက်လာခြင်းနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍမှာလည်း နယ်မြေဒေသနဲ့အညီ တိုးတက်ပြောင်းလဲ လာပြီဖြစ်ကြောင်း ထပ်လောင်းတင်ပြလိုပါတယ်။

ကောင်းမွန်တိုးတက်လာတဲ့ အခြေအနေများနဲ့အတူ ပါတီရဲ့လုပ်ငန်းစဉ် ယန္တရားများကိုလည်း အချိန်နဲ့တစ်ပြေးညီ အလျင်မီအောင် ဆောင်ရွက် နိုင်ခဲ့တယ်။ တစ်နည်းအားဖြင့်အောင်မြင်မှုရဲ့ အကြောင်းရင်း ကို ဖော်ပြမယ် ဆိုရင်တော့ ပါတီရဲ့ဦးဆောင်မှုဖြင့် ပြည်သူများရဲ့ ကူညီအားပေးမှု၊ ဝန်ထမ်း များတို့ရဲ့ ကြိုးပမ်းမှု၊ တာဝန်ကျေမှုတို့နဲ့အတူ 'ဝ' ဒီမိုကရက်တစ်ပါတီရဲ့ ရင်းနှီးတဲ့မိတ်ဆွေများ ကထောက်ပံ့ထည့် ဝင်ငွေဖြင့် လည်ပတ်လို့သာ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဖော်ပြပါပုဂ္ဂိုလ်များတို့ရဲ့ လုပ်အား၊ ငွေအားအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုဖော်ပြအပ်ပါတယ်။

ကျွန်တော်တို့ 'ဝ' ဒီမိုကရက်တစ်ပါတီဟာ နိုင်ငံတော်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို အလုပ်အကျွေးပြုဖို့ သန္တွိဋ္ဌာန် ချမှတ်သည့်အလျောက် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ဟာ ရှေ့ဦးစွာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဟု ခံယူပါတယ်။

ကျွန်တော်တို့ရဲ့ပါတီဟာ 'ဝ' ကိုယ်ပိုင်အုပ်ခုုပ်ခွင့်ရတိုင်း ငြိမ်းချမ်းရေး တည်မြဲအောင် ဆောင်ရွက်ပေးခဲ့တယ်။ နယ်မြေအေးချမ်းလို့ ဘက်စုံတိုးတက်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဘက်စုံတိုးတက်လာ သည်နှင့်အညီ တိုင်းရင်းသားညီတစ်ကိုမျာ ပိုပြီးသွေးစည်းညီညွတ်လာကြတဲ့ အကျိုးကျေးဇူး များကို ရရှိခံစားနေကြပြီဖြစ်ပါတယ်။

ဒီတော့ ပါတီရဲ့ရည်မှန်းချက်များကို တင်ပြရမယ်ဆိုရင် 'ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအတွက် ထာဝရတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်ဖြစ်ပါတယ်။ ပါတီရဲ့ ရည်မှန်းချက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသားညီအစ်ကိုအားလုံး စည်းလုံးညီညွတ်စွာနဲ့ မှန်ကန်သောအသိ၊ လက်တွေ့ ကျသောလုပ်ဆောင် ချက်များနဲ့သာ အကောင် ထည်ဖော်နိုင်မယ်လို့ယုံကြည်ပါတယ်။ ယုံကြည်တဲ့ အတိုင်း ပါတီရဲ့ရည်မှန်းချက်ကို သန္တွိဋ္ဌာန်ချထားပါတယ်။

(၁) တည်ငြိမ်အေးချမ်းမှုရှိပြီး ပို၍ပို၍ ဖွံ့ဖြိုးတိုးတက်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ဆောင်ရွက်သွားမယ်။

(၂) နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားညီအစ်ကိုအားလုံးတို့နဲ့အတူ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားလျက် မိမိတို့ရဲ့  မွေးရာပါ တာဝန်အဖြစ် အလေးအနက်ခံယူကျင့်သုံးသွားမယ်။

(၃) ပါတီရဲ့ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များ လုံးဝအောင်မြင် တဲ့အထိ ကြိုးပမ်းဖော်ဆောင်သွားပါမယ်။

လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား- ပါတီရဲ့မူဝါဒများ

ကို ရှင်းလင်းတင်ပြရမည်ဆိုရင်-

(၁) ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ပို၍ပို၍ခိုင်မာဖွံ့ဖြိုးတိုးတက်ရေး။

(၂) တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာရေး။

(၃) ဒို့တာဝန်အရေးသုံးပါးကို အစဉ်တစိုက် မြဲမြံစွာခံယူ စောင့်ထိန်းရေး။

(၄) မှန်ကန်သော အသိတရားဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ထွန်းကားပြန့်ပွားရေး။

(၅) မူဝါဒနှင့် လမ်းစဉ်တူသော အခြားပါတီများနဲ့ မဟာမိတ်အဖြစ် လက်တွဲဆောင်ရွက်ရေး။

(၆) ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး။

(၇) ပြည်သူတို့၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနယ်ပယ်အသီးသီး၌ ဖွံ့ဖြိုးတိုးတက်စေရေဒအတွက် ဘက်စုံမှ အားပေးကူညီရေး။ ပါတီရဲ့ လုပ်ငန်းစဉ်များနှင့် သဘောတရားများကို ဆက်လက်တင်ပြရမယ်ဆိုရင်-

(၁) 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ တိုင်းရင်းသားလူမျိုး များအားလုံး စည်းလုံးညီညွတ်စွာနေထိုင်ရေး။

(၂) ထာဝရတည်ငြိမ်အေးချမ်းမှုရှိသော နယ်မြေအဖြစ် တည်တံ့ခိုင်မြဲရေး။

(၃) 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ တိုင်းရင်းသားပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေး။

(၄) တိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကိုလေးစားပြီး တိုးတက်အောင် အားပေးကူညီသွားရေး။

(၅) တောင်သူလယ်သမား၊ အလုပ်သမားတို့ရဲ့အခွင့်အရေး၊ အခြေခံ ရပိုင်ခွင့်များတို့ကို တရားဥပဒေနှင့်အညီ ခံစားခွင့်အပြည့်အဝရရှိရေး။

(၆) တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များရဲ့ စီးပွားရေး၊ ဖွံ့ဖြိုး တိုးတက်မှုအတွက် လွတ်လပ်စွာဆောင်ရွက်နိုင်တဲ့ ဈေးကွက်၊ စီးပွားရေးမူဝါဒများ ဖော်ဆောင်သွားရေး။

(၇) သက်ကြီးရွယ်အိုများ၊ မိဘမဲ့များ၊ မသန်စွမ်းသူများနဲ့ ခိုကိုးရာမဲ့ အမျိုးသမီးများအား ကူညီစောင့်ရှောက်ရေး။

(၈) ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့်လျှပ်စစ်မီးရရှိအောင် ကူညီစောင့်ရှောက်ရေး။

(၉) ဒေသအတွင်းနေထိုင်သော တိုင်းရင်းသားအားလုံး၏ အခြေခံ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအပြည့်အဝရရှိအောင် ကူညီ စောင့်ရှောက်ရေး။

(၁၀) တိုင်းရင်းသားမိဘပြည်သူများ၏ ရင်သွေးငယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုတပ်မတော်သားများနှင့်အတူ နိုင်ငံ တော်အား ကာကွယ်စောင့်ရှောက်ရေးတို့ဖြစ်ပါတယ်။

နိဂုံးခုုပ်အနေဖြင့် -

ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးရဲ့ ဒုတိယ အကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ပြီးဆုံးနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံရဲ့ ရှေ့ရေးကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့အခွင့်အရေးရရှိလာပြီ ဖြစ်ပါတယ်။

ဒါကြောင့် လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲကြီးမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့နှလုံးသား ကြားက တန်ဖိုးရှိလှတဲ့ ဆန္ဒမဲတစ်ပြားကို လူမှန်နေရာမှန် အဖြစ် ဆက်လက်ပြီး 'ဝ' ဒီမိုကရက်တစ်ပါတီကိုသာ ထောက်ခံမဲပေးကြပါစို့လို့တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်...။

"ဝ"ဒီမိုကရက်တစ်ပါတီ

 ၁။

 ပါတီအမည်

 -

 "ဝ"ဒီမိုကရက်တစ်ပါတီ

 ၂။

 ပါတီအမည်(English)

 -

 Wa Democratic Party

 ၃။

 ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်နေ့

 -

 ၉.၄.၂၀၁၀

 ၄။

 လာရောက်လျှောက်ထားစဉ်ပါတိအင်အား

 -

 ၁၅ ဦး

 ၅။

 ပါတီလျှောက်ထားစဉ်ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်

 -

 ဦးခွန်ထွန်းလူအောင်(ခ)ဦးထွန်းလူ၊ ဦစိုင်ပေါင်နပ်

 ၆။

 ပါတီတည်ထောင်ခွင့်ပြုသည့်နေ့

 -

 ၂၈.၄၂၀၁၀

 ၇။

 ပါတီမှတ်ပုံတင်လျှောက်ထားသည့်နေ့

 -

 ၂၅.၅.၂၀၁၀

 ၈။

 ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့

 -

 ၂.၆.၂၀၁၀

 ၉။

 ခွင့်ပြုသည့်ပါတီအမှတ်စဉ်

 -

 အမှတ်စဉ်(၂၉)

 ၁၀။

 ခွင့်ပြုသည့်ပါတီအလံ

 -

 

 

 ၁၁။

 

 ခွင့်ပြုသည့်ပါတီတံဆိပ်

 -

 

 ၁၂။

 ပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်စာရင်း

 -

 ဦးခွန်ထွန်းလူ(ခ) ဦးထွန်းလူ၊ဦးစိုင်ပေါင်နပ်(ထွေ/မှုး)

 ၁၃။

 ပါတီနယ်မြေ

 -

 ရှမ်းပြည်နယ်အတွင်း

 ၁၄။

 ပါတီရုံးချုပ်တည်နေရာ

 -

 အမှတ်(ဇ-၄/၇)၊ သိန်းနီလမ်း၊ ရပ်ကွက်(၈)၊ လာရှိုးမြို့နယ်။

 ၁၅။

 ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်

 -

 ၀၈၂-၂၃၅၁၈၊ ၀၈၂-၂၃၈၆၁

 ၁၆။

 ပါတီ၏မှုဝါဒများ

 -

 PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly