ဒေါ်စု၊ စကားပြော လောသွားလေသလား

ဒေါ်စု၊ စကားပြော လောသွားလေသလား

အခုရက်ပိုင်းအတွင်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ငြင်းခုံမှုအများဆုံး စကားလုံးကတော့ အစိုးရ မဖွဲ့နိုင်တဲ့ တစ်သီးပုဂ္ဂလ အမတ်တွေကို မဲမပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက် ကယားပြည်နယ် ရှားတောမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာပါ။

ဘယ်လို အကြောင်း ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဒီလိုစကားမျိုး ပြောခဲ့တာပါလဲ၊ ဒီစကားလုံး ဘယ်အထိ ဂယက် ရိုက်ခတ်သွားပါသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ စကားလုံး အပြည့်အစုံက ခုလိုပါ။ “ အခုဆိုရင် တချို့တွေက တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ကြပါတယ်။ တစ်သီးပုဂ္ဂလဆိုတာ အစိုးရဖွဲ့လို့ မရပါဘူး။

တစ်သီးပုဂ္ဂလတွေဟာ အစိုးရဖွဲ့လို့ မရတာကြောင့်မို့ တစ်သီးပုဂ္ဂလတွေအတွက် မဲပေမယ့်အစား အစိုးရဖွဲ့မယ့် ပါတီတွေကိုပဲ မဲပေးစေချင်ပါတယ်။ ဒါမှ ကိုယ့်ရဲ့မဲတွေက တန်ဖိုး ရှိမှာပါ။ ကိုယ့်ရဲ့မဲတွေကို တန်ဖိုးရှိအောင် လုပ်ကြပါ” ဆိုပြီးတော့ ဖြစ်ပါတယ်။

ပထမ စဉ်းစားရမှာက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကယားပြည်နယ် ရှားတောလို နေရာမျိုးမှာ ဘာကြောင့် အဲဒီစကား ပြောရသလဲ ဆိုတာပါ။ အဖြစ်နိုင်ဆုံးကတော့ အဲဒီနေရာမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ဝန်ကြီး ဦးအောင်မင်းတို့ ရွေးကောက်ပွဲဝင်မယ့်နေရာ ဖြစ်နေ လို့ပါပဲ။ ဝန်ကြီးနှစ်ပါးဟာ ပြည်ခိုင်ဖြိုးပါတီဝင်အနေနဲ့ အဲဒီနေရာတွေမှာ ရွေးကောက်ပွဲဝင်လို့ မရတာကြောင့် တစ်သီးပုဂ္ဂလအဖြစ် စာရင်းသွင်း ဝင်ပြိုင်ဖို့ ဖြစ်လာတာပါ။

ဝန်ကြီးနှစ်ပါးကို ပြည်ခိုင်ဖြိုး အမတ်လောင်းအဖြစ် ခွင့်မပြု ပယ်ချခဲ့သူဟာ အဲဒီကာလက ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဋ္ဌ လည်းဖြစ်၊ အမတ်လောင်း ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ လည်းဖြစ် ၊အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ သူရဦးရွှေမန်းပါ။ နောက်ပိုင်း အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း သူရဦးရွှေမန်းကို အစိုးရအဖွဲ့နဲ့ တပ်မတော် ပူးပေါင်းပြီး ပြည်ခိုင်ဖြိုးခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားခဲ့ပါတယ်။ ပြောရရင် ပြည်ထောင်စု ဝန်ကြီးနှစ်ပါးနဲ့ သူရဦးရွှေမန်းဟာ ရန်ဘက်တွေသဖွယ် ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ သူရဦးရွှေမန်းနဲ့ အလွန်ခင်မင် ရင်းနှီးသူပါ။

ဒါကြောင့် လည်း ရှားတောမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ကို ရည်ရွယ်ပြီး တစ်သီးပုဂ္ဂလ အမတ်လောင်းတွေကို မဲပေးဖို့ မသင့်တဲ့အကြောင်းပြောဆိုခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါက မှန်းဆချက်ပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ဟာ ဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်း တို့ကိုပဲ ရည်ရွယ်သလားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

ဒါကြောင့် အဲဒီ ပြောဆိုချက်ဟာ လာမယ့် ရွေးကောက်ပွဲကြီးကို ဝင်ပြိုင်ကြမယ့် အယောက် ၃၀၀ ကျော်သော တစ်သီးပုဂ္ဂလ အမတ်လောင်းတွေကို ရည်ရွယ်သလို ဖြစ်သွားစေပါတယ်။ ဒါကြောင့်လည်း ပြောကြ၊ ဆိုကြ၊ ငြင်းကြ၊ ခုံကြ အဆင့်ကို ရောက်လာတာပါ။

ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် ပြောစကား အမှားမပါပါဘူး။ မှန်ပါတယ်။ တစ်သီး ပုဂ္ဂလတွေဟာ လွှတ်တော်ထဲမှာ အစိုးရဖွဲ့လို့ မရနိုင်ပါဘူး။ ဒါပေမယ့်လည်း လွှတ်တော်ထဲမှာ အစိုးရမဖွဲ့နိုင် တာဟာ တစ်သီးပုဂ္ဂလ အမတ်တွေချည်းပဲ သက်သက်တော့ မဟုတ်ပါဘူး။ လက်ရှိ အမတ်လောင်း တင်သွင်းမှု အခြေအနေ၊ ပေါ်ထွက်လာနိုင်တဲ့ ခန့်မှန်း ရွေးကောက်ပွဲရလဒ်ကို တွက်ဆကြည့် ရင်ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်းမှာ သမ္မတတစ်ယောက် တင်၊ အစိုးရ ဖွဲ့နိုင်မယ့်သူ ဆိုတာဟာ အင်န်အယ်လ်ဒီ ဒါမှမဟုတ် တပ်မတော်သား အမတ်တွေနဲ့ ပြည်ခိုင်ဖြိုး ပေါင်းထားတဲ့ အုပ်စု စုစုပေါင်း ၂ ခုပဲ ရှိပါတယ်။

အစိုးရဖွဲ့နိုင်တဲ့ ပါတီတွေကိုသာ မဲထည့်သင့်တယ် ဆိုရင် အင်န်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးပါတီကိုပဲ ရွေးချယ် မဲထည့်၊ ကျန်ပါတီတွေအားလုံး၊ တိုင်းရင်း သား ပါတီတွေအားလုံးနဲ့ တစ်သီးပုဂ္ဂလတွေ အားလုံးကို မဲမထည့်နဲ့လို့ ပြောလိုက်ရာလည်း ရောက်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲတစ်ခုမှာ ဒီလိုမျိုးကတော့ ပြောဆိုဖို့ မသင့်တော်ပါ ဘူး။

ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ အမတ်တစ်ယောက် လွှတ်တော်ထဲ ရောက်သွားရင် လုပ်ရမယ့် အလုပ်သုံးခု ရှိပါတယ်။ ပထမတစ်ခုက တိုင်းပြည် အထွတ်အထိပ် သမ္မတတစ်ယောက် ကိုရွေးချယ်ရာမှာ မဲပေးခွင့်ရှိမှာ ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ဥပဒေပြုရေး ဖြစ်ပါတယ်။ တတိယ တစ်ခုကတော့ ပြည်သူတွေနဲ့ သက်ဆိုင်တာတွေကို မေးခွန်းမေးမြန်းခွင့်၊ အဆို တင်နိုင်ခွင့်တွေပဲဖြစ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောသလို အစိုးရဖွဲ့ရေး တစ်ခုတည်း မဟုတ်ပါဘူး။ မှန်ပါတယ်။ အင်န်အယ်လ်ဒီ ဒါမှမဟုတ် ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ပူးပေါင်းထားတဲ့ အုပ်စုသာဆိုရင် လွှတ်တော်ထဲမှာ သူတို့ပါတီက ကြိုက်ရာ တစ်ယောက်ယောက်ကို ဒုသမ္မတ အဖြစ် တင်မြှောက် နိုင်ပါလိမ့်မယ်။ တခြားပါတီတွေနဲ့ တစ်သီးပုဂ္ဂလတွေကတော့ မလွယ်ပါဘူး။ ဒါပေမယ့်လည်း အဲဒီ အမတ်တွေအားလုံးဟာ ဒုသမ္မတ၊ သမ္မတတွေကိုတော့ ရွေးချယ်မဲပေးခွင့် ရှိမှာ ဖြစ်ပါတယ်။ ဒီအတွက် တစ်သီးပုဂ္ဂလ အမတ်ဖြစ်စေ၊ တခြားပါတီ တစ်ခုခုက အမတ်ကို ဖြစ်စေ၊ ပြည်သူတွေ ပေးလိုက်တဲ့မဲ တန်ဖိုးလျော့နည်း သွားစေမှာ မဟုတ်ပါဘူး။ သူ့ တန်ဖိုးနဲ့ သူ ရှိနေမှာပါ။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်၊ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရချင်ဇော စတာတွေကြောင့် စကားပြောလောသွားတာ ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။ ရွေးကောက်ပွဲတစ်ခုမှာ တခြားပါတီ ဒါမှမဟုတ် တစ်သီးပုဂ္ဂလ အမတ်တွေရဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေကို ဝေဖန် ထောက်ပြနိုင်ပါတယ်။ ကိုယ့်ပါတီရဲ့ မူဝါဒပိုင်း ဆိုင်ရာ အားသာချက်တွေကို ပြောပြီး ကိုယ့်ပါတီကိုပဲ မဲပေးဖို့ စည်းရုံး လှုံ့ဆော်နိုင်ပါတယ်။ မူဝါဒသဘော မဆောင်တဲ့ အစိုးရ မဖွဲ့နိုင်ရုံနဲ့ ပုဂ္ဂလိက အမတ်လောင်းတွေကို မဲမပေးဖို့၊ ပါတီငယ်၊ ပါတီလတ်တွေကို မဲမပေးဖို့ ပြောဆိုတာမျိုးကတော့ သင့်တော်မှု မရှိပါကြောင်း သုံးသပ် တင်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required