အမတ်လောင်း အတည်ပြုရေး ဆုံးဖြတ်ရန် ၃ဦး ကျန်နေသေး

အမတ်လောင်း အတည်ပြုရေး ဆုံးဖြတ်ရန် ၃ဦး ကျန်နေသေး

ရန်ကုန် စက်တင်ဘာ ၁၇။ ။ အမတ်လောင်းအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်က အတည်ပြုဆုံးဖြတ်ပေးရန် ၃ဦးကျန်ရှိ နေသေးသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးဝင်းဦးခိုင်က စက်တင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကိုပြောသည်။

"ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃ အရ အသနားခံစာတင်လာလို့ စိစစ်ပေးတာ မဟုတ်ဘူး။ မှားယွင်းဆုံးဖြတ်မှုရှိမရှိ ကိုကြည့်ပေးတာ။ မဲလက်မှတ်ရိုက်ရမယ့် ကိစ္စတွေလည်းရှိတဲ့အတွက် ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ဆုံဖြတ်ပေးမှာပါ။" ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃တွင် ကော်မရှင်အဖွဲ့ခွဲ အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက် ဆုံးဖြတ်ချက်များ နှင့် ဆက်လျဉ်း၍ ပြည်ထောင်စုကော်မရှင်သည် မိမိဆန္ဒအလျောက် သက်ဆိုင်ရာအမှုတွဲ၊ စာရွက်စာတမ်းများကို တောင်းယူကြည့်ရှု၍ လိုအပ်သလို အဆုံးအဖြတ်ချမှတ်နိုင်သည်။ ယင်းဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု ပြဌာန်းထားသည်။

လက်ရှိဆုံးဖြတ်ရန် ကျန်ရှိနေသည့် အမတ်လောင်းသုံးဦးမှာ ရန်ကုန်တိုင်းလွှတ်တော်၊ သင်္ကန်းကျွန်း မဲဆန္ဒနယ်အမှတ် ၂ မှ ဒေါ်စန်းစန်းမြင့် (အမျိုးသားဒီမိုကရေစီပါတီသစ်)၊ ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လောင်းများ ဖြစ်သည့် ဦးမောင်မောင်ကြီး (တစ်သီးပုဂ္ဂလ) နှင့် ဦးခင်မောင်ချို (တစ်သီးပုဂ္ဂလ) တို့ဖြစ်ကြသည်။

ခရိုင်အဆင့်ရွေးကောက်ပွဲကော်မရှင်များသည် နိုင်ငံရေးပါတီပေါင်း ၉၂ပါတီမှ တင်သွင်းလာသည့် အမတ်လောင်း ၆၅၀၀ ခန့် ကို သြဂုတ် ၁၈ရက်မှ ၃၁ထိ စိစစ်ပြီး၊ ကိုယ်စားလှယ်လောင်း ၈၈ဦးကို ပယ်ချခဲ့သည်။ ယင်း ၈၈ဦးမှာ ကချင်ပြည်နယ် တွင် ၁ဦး၊ ကယားပြည် ၂ဦး၊ ကရင် ၅ဦး၊ စစ်ကိုင်း ၂ဦး၊ ပဲခူး ၉ဦး၊ မကွေး ၂ ဦး၊ မွန် ၄ဦး၊ ရခိုင် ၂၈ဦး၊ ရန်ကုန် ၂၄ဦးနှင့် ရှမ်း ၁၁ ဦး တို့ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားသည့် မဲဆွယ်စည်းရုံးရေးကာလမှာ စက်တင်ဘာ ၈ရက်မှ နိုဝင်ဘာ ၆ ရက်ထိ ရက်ပေါင်း ၆၀ ဖြစ်ပြီး၊ စက်တင်ဘာ ၁၇ သည် ၁၀ ရက်မြောက်နေ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly