American Idol သီချင်းဆိုပြိုင်ပွဲကို Myanmar Idol အမည်ဖြင့် မြန်မာနိုင်ငံတွင် ပြုလုပ်မည်

American Idol သီချင်းဆိုပြိုင်ပွဲကို Myanmar Idol အမည်ဖြင့် မြန်မာနိုင်ငံတွင် ပြုလုပ်မည်
Myanmar Idol ကျင်းပရန် စာနယ်ဇင်းရှင်းလင်းပွဲကို စက်တင်ဘာလ ၁၇ ရက် နေ့လည် ၂ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel တွင်ကျင်းပစဉ်။ (ဓာတ်ပုံ သက်ကို)

ရန်ကုန် ၊ စက်တင်ဘာ ၁၇ ။           ။ ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် ကျင်းပခဲ့ပြီး အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည့် American Idol သီချင်းဆိုပြိုင်ပွဲကို မြန်မာနိုင်ငံတွင် Myanmar Idol အမည်ဖြင့် ပထမဆုံး အကြိမ် ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် Myanmar Idol ပြုလုပ်မည့် စာနယ်ဇင်း မိတ်ဆက်ပွဲကို စက်တင်ဘာ ၁၇ရက် နေ့လည် ၂နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သီချင်းဆို ပြိုင်ပွဲကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့ ၊ မော်လမြိုင်မြို့ နှင့် ပုသိမ်မြို့တို့တွင် ကျင်းပ သွားမည် ဖြစ်ပြီး အဆိုပါ မြို့ငါးမြို့မှ လက်ရွေးစင် အဆိုရှင်များကို ရွေးချယ်ကာ ရန်ကုန်မြို့ တွင်ပြန်လည် ယှဉ်ပြိုင်စေပြီး အကောင်းဆုံး အဆိုရှင် တစ်ဦးကို ရွေးချယ်မည်ဟု သိရသည်။

မြို့ ငါးမြို့မှ ရွေးချယ်မည့် ပွဲများကို MNTV Channel တွင် ထုတ်လွှင့် ပြသမည် ဖြစ်ပြီး နောက်ဆုံး ယှဉ်ပြိုင်ပွဲများကို လည်း MNTV Channel တွင် တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်ကာ Channel 9 မှလည်း ပြန်လည် ထုတ်လွှင့် ပြသမည် ဖြစ်သည်။

MNTV မှ Executive General Manager ကိုအောင်မျိုးဇော်Andyက "ဒီပွဲ လုပ်ဖို့အတွက်ကို တစ်နှစ်လောက် ကြာပါပြီ။ Fremantle Media ကနေ ကျွန်တော်တို့ရဲ့ TV Station အရည်အချင်းမှီမမှီ ကျွန်တော်တို့ကို စစစ်ပါတယ်။ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြတယ်။ ၂၀၁၄ ဇူလိုင်ကနေ စလုပ်ခဲ့တာ ဒီနှစ် ဇူလိုင်မှာ ကျွန်တော်တို့ confirm ဖြစ်သွားပြီး လုပ်ဖြစ်တာပါ။ ပွဲရဲ့ အဓိကကျတဲ့ Fremantle Media ကလည်း အများကြီး ပံ့ပိုးပေးပါတယ်။ အဓိကကျတဲ့ information တွေ သူတို့ရဲ့ American Idol ကို ဘယ်လို လုပ်ခဲ့တယ် ဆိုတာ ပြောပြပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ" ဟု ပြောသည်။

မြို့ ငါးမြို့မှ လက်ရွေးစင် အဖြစ် ရွေးချယ်ခံရသည့် အဆိုရှင်များကို ရန်ကုန်တွင် စခန်းသွင်း လေ့ကျင့်မည် ဖြစ်ပြီး နောက်ဆုံး ပြိုင်ပွဲအတွက် ၁၀ဦး ရွေးချယ်သွားမည် ဖြစ်ကာ အကောင်းဆုံး အဆိုရှင် တစ်ဦးအဖြစ် ရွေးချယ်ခံရသူကို တေးစီးရီး Album နှင့်အတူ ငွေကျပ် သန်း ၂၀ကို ချီးမြှင့်မည် ဖြစ်သည်။

ပြိုင်ပွဲ တစ်လျှောက်တွင် ဒိုင်လူကြီးများ အဖြစ် အဆိုတော် မေဆွိ၊ ရဲလေး၊ ချမ်းချမ်းတို့က ဆောင်ရွက်မည် ဖြစ်သည်။

ဒိုင်လူကြီးတစ်ဦးဖြစ်သည့် အဆိုတော် ရဲလေးက "ဒီပွဲမှာ ဒိုင်အဖြစ် ပါဝင်ခွင့် ရတဲ့ အတွက် အရမ်းပဲ ဝမ်းသာပြီး ဂုဏ်ယူမိပါတယ်။ ကျွန်တော် တတ်စွမ်းတဲ့ အနုပညာ အရည်အသွေးနဲ့ အကောင်းဆုံး ဒိုင်လူကြီးဖြစ်အောင် ကြိုးစား သွားပါ့မယ်" ဟု ပြောသည်။

သီချင်းဆို ပြိုင်ပွဲကို မန္တလေးမြို့တွင် အောက်တိုဘာ ၂ရက်၌ ပြုလုပ်မည် ဖြစ်ပြီး၊ တောင်ကြီးမြို့တွင် အောက်တိုဘာ ၉ရက်၊ မော်လမြိုင်မြို့တွင် အောက်တိုဘာ ၁၆ရက်၊ ပုသိမ်မြို့တွင် အောက်တိုဘာ ၂၃ရက် နှင့် ရန်ကုန်မြို့တွင် အောက်တိုဘာ ၃၀ရက်တို့၌ ပြုလုပ် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly