တရုတ် - မြန်မာနယ်စပ်က ကချင်စစ်ပြေးဒုက္ခသည် ၄၀၀ ကျော်အတွက် ဆန်အရေးပေါ်လိုအပ်နေ

တရုတ် - မြန်မာနယ်စပ်က ကချင်စစ်ပြေးဒုက္ခသည် ၄၀၀ ကျော်အတွက် ဆန်အရေးပေါ်လိုအပ်နေ
(ဓာတ်ပုံ-အီးပီအေ)

ချင်းမိုင်၊ စက်တင်ဘာ ၁၇ ။         ။ တရုတ် - မြန်မာနယ်စပ်မှ ကချင်စစ်ပေးဒုက္ခသည် ၄၀၀ ကျော်အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေသည်ဟု ဒုက္ခသည်များအား ကူညီနေသော မန်ရှီမြို့နယ် မန်ဟိုင်း နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဆရာ ဦးတန်ဘောင်ဂျွန်းလွမ်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆နှင့် ၃၈ နယ်မြေ မုံကိုးမြို့နယ် ဖောင်းဆိုင်ကျေးရွာဘက်တွင် အစိုးရ စစ်တပ်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တရုတ်နယ်စပ် ဘန်ဝါနှင့် မန်ဟိုင်းကျေးရွာများသို့ ထွက်ပြေးခိုလှုံနေသည့် စစ်ပြေး ဒုက္ခသည်များ ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လမှစတင်ကာ မုံးကိုးမြို့နယ် ဖောင်းဆိုင်ကျေးရွာဘက်မှ စစ်ပြေးဒုက္ခသည် ၃၀၀ ကျော်သည် တရုတ်ဘက်ခြမ်း ဘန်ဝါကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေထိုင်ရသလို၊ မကြာမီ ရက်ပိုင်း ကဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့်လည်း မုံးကိုးမြို့နယ်မှ အိမ်ထောင်စု ၂၀ ခန့်ကလည်း တရုတ်နယ်စပ် မန်ဟိုင်း ကျေးရွာသို့ တိမ်းရှောင်လာသဖြင့် လက်ရှိ စစ်ပြေး ဒုက္ခပေါင်း ၄၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေသည်ဟု စစ်ပြေးဒုက္ခသည်စခန်းမှ တာဝန်ခံလည်းဖြစ်သူ ဆရာ ဦးတန်ဘောင်ဂျွန်းလွမ်းက မဇ္ဈိမကို ပြောသည်။

“ဖောင်းဆန်ဘက်မှာ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲလည်း နေ့တိုင်းလို ဖြစ်နေတော့ မနေနိုင်တော့လို့ စစ်ပြေး ဒုက္ခသည်တွေ တရုတ်ဘက်ခြမ်း ပန်ဝါဘက်ကို ထွက်ပြေးလာတာ။ သုံးလလောက်ရှိနေပြီ။”ဟု ၎င်းက ပြောသည်။

၎င်းက ဆက်လက်၍ “အခက်အခဲက အများကြီးပဲ မနေ့က ၁၂ ရက် စနေနေ့က ဆန် ၉ တန် သွားချေးယူခဲ့တယ်။ ငွေကလည်း မရှိတော့ သွားမပေးနိုင်လို့ ပြန်ပြောထားရတယ်။ ဆီ၊ ဆား၊ ဟင်းတွေလည်း လိုအပ်နေတယ်။ ဒါပေမဲ့ အဓိက အရေးကြီးတာ ဆန်ဖြစ်တယ်ဆိုပြီး ဆန်အရင်ဝယ်လိုက်တယ်။ ဟင်းအတွက်က ဘာမှမရှိဘူး။ စစ်ပြေးဒုက္ခသည်တွေက တောတောင်တွေမှာ လိုက်ရှာပြီး စားသောက်နေ ကြတယ်”ဟု ပြောသည်။

လက်ရှိ တရုတ်နယ်စပ် မန်ဟိုင်းကျေးရွာအတွင်းရှိ ဈေးနှုန်းသက်သာသည့် နေအိမ်များ ငှားရမ်း၍ ခိုလှုံနေကြရသလို၊ လက်ရှိ ဆန်ပြတ်လပ်နေသဖြင့် စက်တင်ဘာလ ၁၂ ရက်က ဆန် ၉ တန်အတွက် တရုတ်ငွေ ၄၂,၀၀၀ကျော် ချေးယူကာ ဝယ်ခဲ့ရပြီး တခြား ဟင်းအတွက် ဆီ နှင့် အဟာရ ဖြစ်စေသော အစားအသောက်များ လိုအပ်နေကာ လက်ရှိ တောတောင်များမှ ရှာဖွေစားသောက်နေကြရသည်ဟု ဆရာ ဦးတန်ဘောင်ဂျွန်းလွမ်းက ပြောသည်။

တရုတ်နိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် မည်သည့် အစိုးရနှင့် အဖွဲ့အစည်းများမှ အကူအညီများ မရရှိသဖြင့် စစ်ပြေးဒုက္ခသည်များအတွက် မူဆယ်မြို့နယ် မုန်မောင်တိုက်နယ်နှင့် တရုတ်နိုင်ငံမှ ဘာသာရေး အဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးနေရသည်ဟုလည်း ဆိုသည်။

မုံကိုးမြို့နယ်အတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသဖြင့် စစ်ပြေးဒုက္ခသည်များ ခိုလှုံမည့် နေရာများ ပြင်ဆင်ထားသည်ဟု KIA တပ်မဟာ ၄ ဒုတိယ တပ်မမှူး ဗိုလ်မှူးကြီး ဇော်ဂမ်က မဇ္ဈိမကိုပြော သည်။

“ဘန်ဆိုင်း-ဖောင်းဆိုင်ဘက်ကနေ အခု ၃ လ။ ၄ လလောက်ရှိပြီ ရွာသားတွေ ထွက်ပြေး တိမ်းရှောင်သွားတာ။ အခုလည်း အစိုးရ စစ်တပ်က အင်အား တိုးလာတယ်ဆိုတော့ တိုက်ပွဲ ဆက်ဖြစ်ဖို့ ရှိတယ်။ ကျနော်တို့လည်း ရွာသားတွေအတွက် ကြိုတင်ပြင်ဆင်နေတယ်။”ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၁၆ ရက်က ရှမ်းပြည်နယ် လားရှိုး၊ ကွတ်ခိုင်၊ နမ်ဖန်ကာဘက်မှ အစိုးရ စစ်အင်အား တိုးမြင့်လာမှု ရှိလာပြီး လက်ရှိ မုံကိုးမြို့နယ်အတွင်း အစိုးရ၏ စစ်တပ်အင်အား ၁၀၀၀ ကျော် လှုပ်ရှားနေသည်ဟု ဗိုလ်မှူးကြီး ဇော်ဂမ်က ပြောသည်။

KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေ မုန်းဒိန်ပါကျေးရွာတွင်လည်း စက်တင်ဘာလ ၁၅ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required