ရခိုင်တွင်ပြိုင်မည့် NLD ပါတီအမတ်လောင်း ၆၆ ဦး စည်းရုံးရေးမဆင်းနိုင်သေး

ရခိုင်တွင်ပြိုင်မည့် NLD ပါတီအမတ်လောင်း ၆၆ ဦး စည်းရုံးရေးမဆင်းနိုင်သေး
Photo မဇ္စျိမ/ DMG

စက်တင်ဘာ ၁၇ ရက် ။        ။ လာမည့်ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် မြို့နယ်အားလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အမတ်လောင်း ၆၆ ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း စစ်တွေခရိုင် ပါတီ ဥက္ကဋ္ဌ ဦးသံဃာကျော်ကပြောကြားသည်။

"မြို့နယ် ၁၇ ခု စလုံးမှာ ဝင်ပြိုင်သွားမယ်။ လွှတ်တော်သုံးရပ်စလုံး မှာပေါ့။ ပြည်နယ်လွှတ်တော် အမှတ် (၁)၊ အမှတ် (၂)၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် တစ်မြို့နယ်မှာ ၄ ယောက် ဝင်ပြိုင်ပါမယ်။ ဒါပေမယ့် မောင်တောမှာ ပြည်နယ် လွှတ်တော်က တစ်ယောက်နဲ့ မြေပုံက ပြည်နယ်လွှတ်တော် တစ်ယောက်တော့ ပယ်ချခံရလို့ မပြိုင်ဘူး။ ဆိုတော့ အားလုံးပေါင်းလိုက်ရင် ၆၆ ဦးဖြစ်ပါတယ်။" ဟု ပြောသည်။

မြို့နယ် ၁၇ မြို့နယ်ရှိ NLD ပါတီရုံးများ၌ "ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ်ပြောင်းလဲဖို့ NLD ပါတီကို မဲပေးစို့" ဟုဆိုသည့် စည်းရုံးရေး ကြော်ကြွေးသံ ဆိုင်းဘုတ် တပ်ဆင်ထားပြီ ဖြစ်ကြောင်း၊ သို့သော်လည်း စည်းရုံးရေးဆင်းရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြထားပြီး စက်တင်ဘာ တတိယအပတ်မှသာ ကျေးရွာများသို့ စည်းရုံးရေး ဆင်းနိုင်မည်ဟု ဦးသံဃာကျော်ကပြောကြား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ၂၀၁၂ ခုနှစ် အဓိကရုဏ်းနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လူထုထောက်ခံမှုလျော့သွားကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် လူထုထောက်ခံမှုကိုရရှိရန် NLD ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာလ နောက်ဆုံးအပတ်တွင် သံတွဲခရိုင်ဘက်သို့ စည်းရုံးရေးဆင်းလာမည်ဖြစ်ကြောင်းနှင့် မြို့နယ်သုံးခုသို့ ခရီးစဉ် ဆွဲထားကြောင်း သံတွဲ NLD ပါတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

NLD ပါတီ၏ မူဝါဒများမှာ ဒီမိုကရေစီထွန်းကားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်စုဖြစ်ထွန်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်ကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် သည်လည်း အပြေင်းအလဲတစ်ခု ဖြစ်ရန် လိုအပ်နေသောကြောင့် NLD ပါတီကို မဲကြရန် ၎င်းကဆက်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်သို့ လာရောက်မည့် ခရီးစဉ်မှာ သူမနေအိမ်အကျည်ချုပ် လွတ်ပြီးနောက်ပိုင်းတွင် ပထမဆုံးခရီးစဉ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် မလာမီ NLD ဗဟိုရွေးကောက်ပွဲအောင်နိုင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ စည်းရုံးရေးလာရောက်မည်ဟု ဦးသံဃာကျော်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကိုယ်မရှင်က လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီများ စက်တင်ဘာလ ၈ ရက်နေ့မှစ၍ စည်းရုံးရေးဆင်းရန် ရက်ပေါင်း ၆၀ ခွင့်ပြုထားသော်လည်း ရခိုင်ပြည်နယ် NLD ပါတီ အနေဖြင့် ဗွီနိုင်းများ၊ လက်ကမ်း စာစောင်များအပါအဝင် ခရီးစဉ်များ ဆွဲနေသေးသဖြင့် စက်တင်ဘာ ၁၈ ရက်နေ့မှသာ စစ်တွေမြို့နယ် မင်းကံ၊ ပိုက်ဆိပ်နှင့် ကျွဲတောကျေးရွာများသို့ စည်းရုံးစဆင်း မည်ဖြစ်ကြောင်း စစ်တွေခရိုင် ပါတီ ဥက္ကဋ္ဌ ဦးသံဃာကျော်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly