အမ်တီဗီ၏ ဥရောပ တေးဂီတဆုပေးပွဲ ဆန်ခါတင်စာရင်းတွင် ဆုကိုးဆုဖြင့် တေလာဆွဇ် ဦးဆောင်နေ

အမ်တီဗီ၏ ဥရောပ တေးဂီတဆုပေးပွဲ ဆန်ခါတင်စာရင်းတွင် ဆုကိုးဆုဖြင့် တေလာဆွဇ် ဦးဆောင်နေ

ကန်ထရီးအဆိုတော် တေလာဆွဇ်သည် အမ်တီဗီ၏ ဥရောပ တေးဂီတ (EMA) ဆုပေးပွဲ ဆန်ခါတင်စာရင်းတွင် စုစုပေါင်း ဆုကိုးဆု စံချိန်တင်ရရှိကာ ဆန်ခါတင်စာရင်းတွင်  ဦးဆောင်လျက် ရှိသည်။

တေလာဆွဇ်၏  1989 တေးသီချင်း အယ်လ်ဘမ်ထဲမှ Bad Blood တေးသီချင်းသည် အကောင်းဆုံး တေးသီချင်းဆု၊ အကောင်းဆုံး ဗီဒီယိုဆုနှင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှု ဆု သုံးဆု ရွေးချယ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ထို့အပြင် တေလာဆွဇ်သည် Best Pop၊ Act ၊ Best Live Act ၊ Best Female ၊ Biggest Fans နှင့် Best Look ဆုများအတွက်လည်း ရွေးချယ်သတ်မှတ်ခြင်း ခံထားရသည်။

တေလာဆွဇ်၏ နောက်တွင် ဂျပ်စတင်ဘီဘာသည် ဆန်ခါတင်စာရင်း၌ ဆုရွေးချယ် သတ်မှတ် ခံထားရမှု အများဆုံးဖြင့် ရှိနေပြီး ဂျပ်စတင်သည် Best Pop ၊ Biggest Fans နှင့် Best Look ဆုတို့ အတွက် တေလာနှင့်အပြိုင် ရင်ဆိုင်ရမည် ဖြစ်သည်။

အက်ဒ်ရှာရန်သည်လည်း စုစုပေါင်း ဆုသုံးဆုအတွက် ရွေးချယ်သတ်မှတ်ခြင်း ခံထားရ ကြောင်းနှင့် ၎င်း၏ ဒုတိယမြောက် တေးသီချင်း အယ်လ်ဘမ် X သည် အချပ်ရေ  ၁၀ သန်းကျော် ရောင်းချခဲ့ရပြီး Best Male ၊ Best Live Act နှင့် Best World Stage ဆုတို့အတွက် ဆန်ခါတင်စာရင်း တွင် ပါဝင်နေသည်။

One Direction အဖွဲ့နှင့် အယ်လ်လီဂလိုဒင်းတို့သည် ဆုနှစ်ဆုအတွက် ရွေးချယ်သတ်မှတ် ခြင်း ခံထားရပြီး ချာလီအိပ်ချ် စီအိပ်ချ် ၊ ဂျက်ဆီဝါ ၊ ရီတာအိုရာ ၊ မက်ခ်ရိုဆန်၊ ဒစ်ဇီရာစကဲလ်နှင့် ဂျက်စ်ဂလိုင်နီ တို့သည်လည်း ဆုတစ်ဆုစီအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်နေသည်။ မိုင်လေ ဆိုင်းရပ်စ်နှင့် နစ်ကီမင်နတို့သည် Best Female ဆုအတွက် ရွေးချယ်သတ်မှတ်ခြင်း ခံထားရသည်။

၂၀၁၅ ခုနှစ် အမ်တီဗီ ဥရောပ တေးဂီတ ဆုပေးပွဲကို အောက်တိုဘာ ၂၅ ရက်တွင်  အီတလီ နိုင်ငံ မီလန်မြို့ရှိ  Mediolanum Forum တွင် ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly