လေဆိပ်က ပြဿနာ ပြေလည်သည်အထိ ဖြေရှင်းပေးပါ

လေဆိပ်က ပြဿနာ ပြေလည်သည်အထိ ဖြေရှင်းပေးပါ

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကစ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည် တွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တဲ့ တက္ကစီသမားတွေနဲ့ ပစ္စည်းအတင်းသယ်၊ အတင်းငွေတောင်း သူတွေကို သက်ဆိုင်ရာတွေက တားဆီးထိန်းသိမ်း အရေးယူမှုတွေ ဆောင် ရွက်နေပါပြီ။ ပြောရရင် ဒီကိစ္စ ဖြစ်ပျက်နေတာ အလွန်ကြာပါပြီ။ လေဆိပ်က ဒီစိတ်ပျက်စရာ အဖြစ်မျိုးကို နိုင်ငံခြားသား ခရီးသည်တွေရော၊ မြန်မာနိုင်ငံသားတွေပါ နေ့စဉ် ခံနေရတာပါ။ အခု အရေးယူတယ်ဆိုတာ အလွန်နောက်ကျနေပြီလို့တောင် ပြောနိုင်ပါတယ်။ ပြဿနာက ဘယ်လို ပြသနာမျိုးလဲ၊ ဒီပြဿနာ အရေးကြီးသလား၊ သက်ဆိုင်ရာက အဲဒီပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ် ဖြေရှင်းနေသလဲ၊ ပြဿနာပြေလည်အောင် ဘယ်လို ဖြေရှင်းရင် သင့်တော်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြဿနာက ဒီလိုပါ။ လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ လေဆိပ်ဝင်ပေါက် ခွဲခြားထားပြီး အပြည်ပြည်ဆိုင်ရာ အတွက်ရော၊ ပြည်တွင်းအတွက်ပါ အသုံးပြုနေတာပါ။ နိုင်ငံတကာ ကနေ မြန်မာနိုင်ငံထဲ ဝင်ရောက်မယ့်သူတွေ လေဆိပ်ထဲရောက်တာနဲ့ အရင်ဆုံး ကြုံရမယ့် ပြဿနာက ကွန်ဘေယာကနေ ထွက်လာမယ့် ကိုယ့်ပစ္စည်းထုတ်ကို အတင်းအကြပ် ဝိုင်းပြီး ကူညီ သယ်ပေးမယ့် သူပါ။ ရန်ကုန်လေဆိပ်အကြောင်း သိပ်မသိသေးတဲ့သူ အတွက်ဆိုရင်တော့ ကူညီ သလိုလို ဝိုင်းသယ်ပေးတဲ့သူနောက် လိုက်သွား၊ တက္ကစီ ဒါမှမဟုတ် ကိုယ်ပိုင်ကားပေါ်ကို ရောက်ပြီဆိုတာနဲ့ အဲဒီ ကူသယ်ပေးရတဲ့သူက မတန်မရာ ငွေတောင်းတော့တာပါပဲ။ မပေး ရင်လည်း ပစ္စည်းက သယ်ပေးပြီးသားဆိုတော့ စကားများ ရန်ဖြစ်ကြမှာမို့ တောင်းသလောက် မဟုတ်တာတောင် မတန်တဆတော့ပေး ကြရတာပါပဲ။ ဒီလိုအဖြစ်အပျက်မျိုး ပိုပြီး အဖြစ်များ တာက ပြည်တွင်းလေကြောင်း ဆိုက်ရောက် နေရာမှာပါ။

ယာယီ အဆောက်အအုံ ဖြစ်တဲ့အတွက် ပစ္စည်းတွေကိုလည်း လေယာဉ်ပေါ်ကနေ ချပြီးပြီးချင်း အဆောင်ထဲမှာ သင့်သလို ချထားလိုက် တာပါပဲ။ အဲဒီနေရာ လူတချို့ ဝင်ထွက်ခွင့်ရနေတာမို့ ကိုယ့်ပစ္စည်းကို ကူသယ်သလိုလို လုပ်ပြီး ငွေတောင်းတာမျိုးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြဿနာကတော့ လေဆိပ် တာဝန်ရှိသူတွေ ဝင်ရှင်း လိုက်ရင် လွယ်လွယ်ကူကူ ပြေလည်သွားမယ့် ကိစ္စမျိုးပဲ ဖြစ်ပါတယ်။

နောက်ပြဿနာကတော့ ဒီထက် ပိုဆိုးပါတယ်။ နှစ်ကာလ ကြာရှည်နေတဲ့ ပြဿနာလို့ ဆိုရင်လည်း မမှားပါဘူး။ လေဆိပ်ကနေ မြို့ထဲအသွား တက္ကစီငှားရတဲ့ ပြဿနာပါ။ လက်ရှိ ရန်ကုန်လေဆိပ် မှာနိုင်ငံတကာ မှာလို မီတာနဲ့ အတိအကျပြေးဆွဲတဲ့ မီတာတက္ကစီတွေ မရှိပါဘူး။ ခရီးသည်နဲ့ ကားဆရာ ညှိနှိုင်းစီးလို့ရတဲ့ အငှားကားတွေပဲ ရှိပါတယ်။ ဒီနေရာမှာလည်း လေဆိပ် ထဲမှာ တခြားပြင်ပက တက္ကစီတွေ ဝင်ပြေးဆွဲခွင့် မရှိပြန်ပါဘူး။ လေဆိပ်အာဏာပိုင်တွေ ခွင့်ပြု ထားတဲ့ တက္ကစီတချို့လောက်ပဲ ရပ်နား ပြေးဆွဲခွင့် ရှိပါတယ်။ ပြဿနာက အဲဒီမှာ စတာပါ။ အဲဒီ ကားတွေဟာ လေဆိပ်ကနေ သူတို့ပဲ ပြေးဆွဲခွင့် ရထားတဲ့အတွက် ဈေးနှုန်းကို မတန်တဆ တောင်းလေ့ ရှိကြပါတယ်။ ဥပမာအားဖြင့် မြို့ထဲဆူးလေ တစ်ဝိုက်ကနေ လေဆိပ်ကိုငှားရင် ကျပ် ၅,၀၀၀ လောက်ပေးရင် ရမယ့်ခရီးကို လေဆိပ်တက္ကစီတွေက ကျပ် ၈,၀၀၀- ၉,၀၀၀ မထင်ရင် မထင်သလို ၁၀,၀၀၀ လောက် တောင်းတာမျိုးအထိ ရှိပါတယ်။ ကဲ ခရီးသည်တွေ ဘာလုပ်ကြ မလဲ။ အများစုကတော့ ငှားချင်ချင် မငှားချင်ချင် အဲဒီ တက္ကစီကားတွေကိုပဲ စိတ်အညစ်ခံ ဈေးနည်းနည်း ဆစ်ပြီး ငှားစီးကြရပါတယ်။

တချို့ကတော့ နိုင်ငံတကာ ထွက်ခွာအဆောင်ဘက် ကူးပြီး ခရီးသည်လာပို့တဲ့ တက္ကစီ ကား အပြန် ငှားကြပါတယ်။ အဲဒီမှာ ပြဿနာက လေဆိပ် တာဝန်ရှိသူတွေဟာ ခရီးသည် လာပို့ တဲ့ တက္ကစီတွေကို လုံးဝ ခဏလေးတောင် ရပ်ခွင့် မပေးတာပါ။ နည်းနည်းလေး ရပ်ပြီး ငှားမယ့်သူ နဲ့ ဈေးကစားပြောမယ် ကြံခါရှိသေး၊ မောင်းထုတ် ခံရပါတယ်။ အရပ်စကား ပြောရရင် ညစ်တာပါ။

ခရီးသည်နဲ့ လေဆိပ်ကိုရောက်ပြီး လူမပါဘဲ ပြန်ရမယ့် တက္ကစီဆရာ ညှိပြီးစီးရင် ဈေးသက်သက် သာသာနဲ့ စီးနိုင်တာကို သိလျက်နဲ့ မောင်းထုတ်တာပါ။ တချို့ နိုင်ငံခြားသား ခရီးသည်တွေ ကတော့ အထုပ်အပိုးတွေကို မနိုင်ရင်ကာ ထမ်းပြီး လေဆိပ်အပြင် ကားလမ်းမပေါ် ထွက်ပြီး တက္ကစီ ရှာကြ၊ တားဆီးကြ လုပ်ကြပါတယ်။ အထုပ်တွေ အပိုးတွေနဲ့မို့လို့ အဆင်မပြေသလို မိုးရွာ နေပူဆိုရင်လည်း ခရီးသည်အတွက် အဆင်မပြေပါဘူး။

ပြောရရင် ဒီပြဿနာ အဓိကဖြစ်ရတဲ့ အရင်းခံ အကြောင်းအရာကတော့ လေဆိပ်ကို ရောက်လာတဲ့ ပြည်သူတွေဟာ လေဆိပ်က အာဏာပိုင်တွေ ခွင့်ပြုထားတဲ့ တက္ကစီတွေရဲ့ မတန်တဆတောင်း သလောက် ငွေမပေးနိုင်လို့ ဖြစ်လာရတဲ့ ပြဿနာပါ။ အားမနာတမ်း ပြောရရင် အာဏာပိုင်တွေ ခွင့်ပြုထားတဲ့ တက္ကစီ ဒရိုင်ဘာတချို့ ရိုင်းလည်း ရိုင်းစိုင်းပါတယ်။ သူတို့ မတန်တ ဆ ပြောတဲ့ဈေးကို ဆစ်ရင် ပျက်ရယ်ပြုတာတွေ၊ လှောင်တာတွေ လုပ်ပါတယ်။

အားလုံးကို ခြုံငုံ သုံးသပ်လိုက်ရင် ပြည်သူတွေဟာ လေဆိပ်ကို အဆင်ပြေပြေ မသွားနိုင်တာ၊ နိုင်ငံတကာက ဖြစ်စေ၊ ပြည်တွင်း တစ်မြို့တစ်ရွာကဖြစ်စေ လေဆိပ်ရောက်ပြီးနောက် လေဆိပ်ကနေ ကိုယ်နေ ထိုင်ရာကို အဆင်ပြေပြေ မပြန်နိုင်ကြတဲ့ ပြဿနာ ဖြစ်ပါတယ်။ စိတ်ညစ်ရ၊ စိတ်ကသိကအောက် ဖြစ်ကြရပါတယ်။ အားလုံးအတွက် တာဝန်ရှိသူကတော့ လေဆိပ်ကို စီမံခန့်ခွဲခွင့် ရသူတွေပါ။ နောက်ဆုံး ရန်ကုန်တိုင်း အစိုးရလည်း တာဝန်ရှိပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ လေဆိပ်ကို စီမံခန့်ခွဲခွင့် ရတဲ့သူတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံ လောက် သွားလည်ပတ်ဖူးတယ် ဆိုရင်ပဲ လေဆိပ်ရောက်လာတဲ့ လူတွေကို ဘယ်လို ဝန်ဆောင်မှု ပေးရမယ်၊ မြို့ထဲကနေ လေဆိပ်ကို လာဖို့ ဘယ်လို ဝန်ဆောင်မှု ပေးသင့်တယ်ဆိုတာ နားလည် မှာပါ။ စေတနာရှိရင် စီမံခန့်ခွဲတတ်ရင် အလွယ်လေးပါ။ ဥပမာ ရန်ကုန်လေဆိပ်ကနေ မြို့ထဲ ဆူးလေလို နေရာအထိ ပြည်လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းအတိုင်း ပြေးဆွဲမယ့် အထူး ဘတ်စ် ကားမျိုး၊ ခရီးသည်တစ်ဦးမက စုစီးတဲ့ စုပေါင်းတက္ကစီမျိုး ပြေးဆွဲခွင့် ပြုသင့်ပါတယ်။

ဈေးနှုန်းက လည်း သင့်တင့်ရပါမယ်။ လူ ၄ ယောက်စီးဖို့ သတ်မှတ်တဲ့ တက္ကစီ ဆူးလေအထိ တစ်ယောက် နှစ်ထောင်၊ တစ်ခေါက် ရှစ်ထောင်လောက်ဆို ခရီးသည်တွေအတွက် အဆင်ပြေမှာ ဖြစ်သလို၊ အဲဒီလိုင်းမှာ ပြေးမယ့် တက္ကစီဆိုတာလည်း အများကြီး ပေါ်လာမှာပါပဲ။ ဘတ်စ်ကားဆို ဒီထက် ဈေးနှုန်းချလို့ ရပါသေးတယ်။ အလားတူ မြို့ထဲဆူးလေလို နေရာကနေ လေဆိပ်လာတဲ့ ကားလိုင်း လေးတွေ ပြေးဆွဲခိုင်းလို့လည်း ရပါတယ်။ ဒါတင်မက မြို့ထဲကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ခရီး သည်တင်လာတဲ့ တက္ကစီတွေကိုလည်း ကားနံပတ်မှတ်၊ အခွန်ကောက်ပြီး အပြန်ခရီးသည် တင်တာကို ခွင့်ပြုနိုင်ပါတယ်။ ဒါတွေက နမူနာလောက်ပါ။ ပြောရရင် ရန်ကုန်တိုင်း အစိုးရနဲ့ လေဆိပ် စီမံခန့်ခွဲသူတွေ လုပ်နိုင်တာ အများကြီး ရှိပါတယ်။

ဒါပေမယ့် ခေတ်စနစ်တွေသာ ပြောင်းသွားတယ်၊ အစိုးရသစ် တက်လာတဲ့ သက်တမ်း ၅ နှစ်နီးပါးအတွင်း ရန်ကုန်တိုင်း အစိုးရနဲ့ လေဆိပ် စီမံခန့်ခွဲသူတွေဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ကိုရောက်လာတဲ့ နိုင်ငံခြားသားတွေကိုရော၊ ကိုယ့်နိုင်ငံသားတွေကိုပါ အဆင်ပြေအောင် စီမံခန့်ခွဲမှု လုပ်မပေးနိုင်ခဲ့ပါဘူး။ စိတ်ချမ်းသာအောင် လုပ်ပေးဖို့ ဆိုတာကတော့ ဝေလာဝေးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို လွန်လွန်ကျူးကျူး ဖြစ်လာတဲ့ ပြဿနာကို ဖြေရှင်းပေးတာ ကောင်းပါ တယ်။ ဒါပေမယ့် ပြဿနာဟာ ဒီလောက် မကပါဘူး။ လေဆိပ်ရောက်လာတဲ့ ပြည်သူတွေ ကိုယ်လိုရာကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ စိတ်ချမ်းချမ်းသာသာ သွားရောက်နိုင်တဲ့ အဆင့်ရောက် သည်အထိ စီမံခန့်ခွဲပေးနိုင်မှသာ ပြဿနာ ပြေလည်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရ ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required