ပြန်ကြားရေးလူမှုကွန်ယက် အတုပေါ်နေသည်ဟု ပြန်ကြားရေးအသိပေး

ပြန်ကြားရေးလူမှုကွန်ယက် အတုပေါ်နေသည်ဟု ပြန်ကြားရေးအသိပေး

ရန်ကုန်၊ စက်တင်ဘာ ၁၆။ ။ ပြန်ကြားရေးဝန်ကြီးဌာန၏ Facebook လူမှုကွန်ယက်စာမျက်နှာအား တုပထားသည့် Facebook စာမျက်နှာအတု ပေါ်နေ၍ Facebook ထံသို့ အစီရင်ခံသွားမည်ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရဲတင့်က မဇ္ဈိမကို စက်တင်ဘာ ၁၆ရက်တွင် အတည်ပြုပြောကြားသည်။

"အကောင့်အတုပေါ်နေတာကို ပြည်သူသိအောင်လို့တော့ ကျွန်တော်တို့ ဝက်ဆိုဒ်စာမျက်နှာမှာ တင်ထားပါတယ်။ အခုပဲ အဲဒီအကောင့်အတုကို ဖေ့ဘုတ်ဆီကိုအသိပေး (Report) မှာပါ။ အဲဒါကို ဖွင့်တဲ့သူကိုတော့ စုံစမ်းတာဘာညာတော့ လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖေ့စ်ဘုတ်နဲ့ပေါင်းပြီးတော့ စုံစမ်းတာလုပ်လို့ရရင်လုပ်မယ်။" ဟု ၎င်းကဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ Facebook Account သည် MOI Webportal Myanmar ဖြစ်ပြီး Facebook မှ တရားဝင် အသိအမှတ်ပြုထားသည့် Blue Tip ပါရှိသော တရားဝင် Public Figure Account ဖြစ်သည်ဟု MOI ကဖော်ပြထားသည်။

Webportal နှင့် Myanmar ကြားတွင် (-) မပါရှိပါ။ Account အတုတွင် Webportal နှင့် Myanmar ကြားတွင် (-) ပါရှိကြောင်း ဦးရဲတင့်ကပြောသည်။

ယင်းအပြင် ပြန်ကြားရေးဝန်ကြီးဌာနကဖွင့်လှစ်ထားသည့် မူရင်းစာမျက်နှာတွင် LIKE သုံးသိန်းခန့်ထိရှိပြီး တုပ ဖွင့်လှစ် ထားသည့်စာမျက်နှာတွင်မူ LIKE ၂ထောင်ကျော်သာရရှိထားပြီး ပြန်ကြားရေးဝန်ကြီးဌာနက သြဂုတ် ၃၁ရက်တွင် ထုတ်ပြန်ထားသည့် သတင်းတစ်ပုဒ်နှင့် ပြန်ကြားရေးကထုတ်ပြန်ထားခြင်းမရှိသည့် တိုင်းရင်းသားရေးရာ ထုတ်ပြန်ချက် တစ်ခုကို တင်ထားသည်ဟု ၎င်းကဆိုသည်။

တုပဖွင့်လှစ်ထားသည့်ဖေ့ဘုတ်စာမျက်နှာ၏လိပ်စာမှာ

https://www.facebook.com/MOIWebportalMyanma?fref=ts

ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ဖွင့်လှစ်ထားသည့် လိပ်စာမှာ https://www.facebook.com/MOIWebportalMyanmar?fref=ts

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required