အများပြည်သူ လေးစားချစ်ခင်သည့် တပ်မတော် ဖြစ်စေလိုတယ်လို့ သူရ ဦးရွှေမန်း သဘောထားပေး

အများပြည်သူ လေးစားချစ်ခင်သည့် တပ်မတော် ဖြစ်စေလိုတယ်လို့ သူရ ဦးရွှေမန်း သဘောထားပေး
ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်း မဲဆွယ်စည်းရုံးနေသည့် တပ်မတော်အပေါ် သံယောဇဉ်ရှိသူဟု ဆိုသူ သူရဦးရွှေမန်းကို စက်တင်ဘာ ဒုတိယပတ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးလွင်)

ရန်ကုန်၊ စက်တင်ဘာ ၁၆။ ။ တပ်မတော်မှ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် အနားယူခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် တပ်မတော်သား ဘဝဖြင့်နေခဲ့သူ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သူသည် တပ်မတော်ကို သံယောဇဉ်ကြီးမားပြီး အများပြည်သူ လေးစားချစ်ခင်သည့် တပ်မတော် ဖြစ်စေလိုသည်ဟု လူမှုကွန်ယက် အင်တာနက် စာမျက်နှာမှတစ်ဆင့် သူ၏သဘောထားကို ဖေါ်ပြလိုက်သည်။

သူရဦးရွှေမန်းရုံးအဖွဲ့ တည်ထောင်ထားသည့် လူမှုကွန်ယက် ဖေ့ဘုတ်တွင် ဖေါ်ပြချက်ကို သူရဦးရွှေမန်းက သူ၏ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွင် ထပ်ဆင့် ဖေါ်ပြခြင်းဖြင့် တပ်မတော်အပေါ်ထားရှိသည့် သူ၏ သဘောထားကို ပြသလိုက်ခြင်းဖြစ်သည်။

"သူရဦးရွှေမန်းသည် တပ်မတော်အပေါ် သံယောဇဉ်ကြီးမားကာ သစ္စာရှိသူ တစ်ဦးဖြစ်ပြီး၊ တပ်မတော်ကို အများပြည်သူမှ အမှန်တကယ် လေးစားချစ်ခင်စေလိုသည့် ဆန္ဒရှိသူတစ်ဦးသာ ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်" ဟူသည့် သူရဦးရွှေမန်း ရုံးအဖွဲ့၏ ဖေါ်ပြချက်ကို ဦးရွှေမန်းက ထပ်ဆင့် ဖေါ်ပြသည်။

စက်တင်ဘာလ ၁၅ ရက်ထုတ် ကုမုဒြာ ဂျာနယ်တွင် ပါရှိသည့် "တပ်မတော်သားတွေ နေရာယူဦးမယ်ဆိုရင် နိုင်ငံ ဖွံ့ဖြိုးမှာ မဟုတ်ဘူးဟု ဦးရွှေမန်ဆို" ဟူသည့် ရေးသားချက်ကို ဦးရွှေမန်းက တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

"ခေါင်းစီးစာသားမှာ တပ်မတော်နှင့် သူရဦးရွှေမန်းအကြား အထင်အမြင် လွဲမှားစေနိုင်သကဲ့သို့ ပြည်သူများကြားတွင်လည်း တပ်မတော်အပေါ် နားလည်မှုလွဲမှားစေနိုင်ပါသည်" ဟု ဦးရွှေမန်းရုံး အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်မတော်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဇေယျာသီရိမြို့နယ်မှ ဝင်ရောက်အရွေးချယ်ခံခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်းသည် ရွေးကောက်ပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စု လွှတ်တော် အလှည့်ကျ နာယက ဖြစ်လာခဲ့သည်။

သူသည် ပြည်ထောင်စု လွှတ်တော် နာယကအဖြစ်တာဝန် ထမ်းဆောင်စဉ် ၂၀၁၅ ခုနှစ် ဇူလိုင်လ အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာ ကိုယ်တိုင်ဝင်ရောက်မဲပေးခြင်းကြောင့် ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် တပ်မတော်သား မိသားစုဝင်များနှင့် မဲဆန္ဒရှင်အချို့၏ တိုင်ကြားခြင်း ခံခဲ့ရသူဖြစ်သည်။

ယင်းဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ပြီးနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ထိုစဉ်က အစိုးရ၏ တတိယ အာဏာအရှိဆုံးဖြစ်ခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်ကြီးသည် လက်ရှိ အစိုးရ လက်ထက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပူးတွဲ ဥက္ကဋ္ဌ အဖြစ်မှသည် ပါတီဝင် တစ်ဦးအဖြစ်သို့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်ညတွင် ရောက်ရှိသွားခဲ့သည်။

တပ်မတော်အပေါ် သစ္စာရှိကာ ပါတီ၏ မူဝါဒကို ယုံကြည်သည်ဟု ထုတ်ဖေါ်ပြောဆိုထားသည့် သူရဦးရွှေမန်းသည် သမ္မတ တာဝန်ထမ်းဆောင်လိုကြောင်းလည်း ပြောဆိုထားသည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်မူ ဇာတိမြို့ ဖြူးမြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အရွေးချယ်ခံရန် ပြင်ဆင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required