ကျောက်တုံးများဖြင့်ပစ်သည့် ပါလက်စတိုင်းများကို ပြင်းထန် ပြစ်ဒဏ်ပေးမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

ကျောက်တုံးများဖြင့်ပစ်သည့် ပါလက်စတိုင်းများကို ပြင်းထန် ပြစ်ဒဏ်ပေးမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

ဂျေရုစလင်၊ စက်တင်ဘာ-၁၆ ။                 ။ ဂျေရုစလင်၏ ပြဿဿနာနေရာအယ်လ်အက်ဆာဗလီဝင်းတစ်ဝိုက်တွင် ဒုတိယမြောက်နေ့အဖြစ် ရင်ဆိုင်အချင်းများမှုများ ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၁၆ရက်နေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကျောက်တုံးဖြင့် ပစ်ခတ်သူများကို ပိုမိုပြင်းထန်သော ပြစ်ဒဏ်များပေးမည်ဟု ကြေညာလိုက်သည်။

နိုင်ငံတကာက ငြိမ်းချမ်းစွာဖြေရှင်းရန် တောင်းဆိုထားသော်လည်း အသစ်ထပ်မံဖြစ်ပွားလာသည့် ပဋိပက္ခများအတွင်း လူငယ်ပါလက်စတိုင်း ဆန္ဒပြသူများက ဗလီဝင်းအတွင်း ဝင်ရောက်လာသည့် အစ္စရေးရဲများကို ကျောက်တုံးအမြောက်အများဖြင့် ပစ်ခတ်ကြသောကြောင့် အစ္စရေးရဲများကလည်း မေ့ဆေးဗုံးများဖြင့် တုန့်ပြန်ပစ်ခတ်ခဲ့ရသည်ဟု ဆိုသည်။

စက်တင်ဘာလ ၁၃ရက်နေ့က အစ္စရေးယာဉ်မောင်းတစ်ယောက် ကျောက်တုံးများဖြင့် ပစ်ခတ်ခံရပုံရရျ် ကားကိုမထိန်းနိုင်ဘဲ တိုက်မိသေဆုံးသွားခဲ့ပြီးနောက် ဝန်ကြီးများနှင့် လုံခြုံရေးအရာရှိများကို အရေးပေါ်အစည်းအဝေးခေါ်ပြီး နေတန်ယာဟုက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။

နေရာအတော်များများမှာ အရေးယူမှုတွေကို ပိုပြီးတင်းကျပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ စေ့စပ်တဲ့နည်းကို စမ်းသပ်သွားမှာဖြစ်သလို၊ ကျောက်တုံးနဲ့ပစ်တဲ့သူတွေအတွက် အနည်းဆုံးအပြစ်ဒဏ်ကိုလည်း ချမှတ်သွားမှာဖြစ်တယ်ဟု အစ္စရေးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဒီလိုပြစ်မှုမျိုးကို ကျူးလွန်တဲ့ ကလေးတွေကိုရော မိဘတွေကိုပါ ထိထိရောက်ရောက် ဒဏ်ပေးသွားမယ်ဟုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ဂျူးနှစ်သစ်မတိုင်မီ တစ်ရက်မှာ ကျောက်တုံးတွေဟာ လူသတ်နိုင်ကြောင်းကို သက်သေပြလိုက်တာပါဟုလည်း နေတန်ယာဟုက အစ္စရေးယာဉ်မောင်းသေဆုံးမှုကို ရည်ညွှန်းပြောကြားခဲ့သည်။

အယ်လ်အာဆာမှာ အစ္စလာမ်ဘာသာဝင်တို့၏ တတိယမြောက် အမြင့်မြတ်ဆုံးနေရာဖြစ်သကဲ့သို့ ဂျူးလူမျိုးများကလည်း တောင်ဘုရားကျောင်း (Temple Mount)အဖြစ် အထွတ်အမြတ်ထားရာ နေရာဖြစ်သည်။

မွတ်စလင်ဆန္ဒပြသူများက ၎င်းတို့၏ မြင့်မြတ်သောနေရာကို စိုးမိုးသည့် ထုံးဓလေ့များကို အစ္စရေးက ပြောင်းလဲရန် ကြိုးစားလာမည်ကို စိုးရိမ်နေကြသကဲ့သို့ ဂျူးအုပ်စုများကလည်း နေရာနှင့် ပိုမိုနီးစပ်ရန် တွန်းအားပေးနေကြရာ အစွန်းရောက် ဂျူးအဖွဲ့အစည်းတစ်ချို့ကဆိုလျှင် ဘုရားကျောင်းအသစ်ပင် တည်ရန် ကြိုးစားနေကြသည်ဟုဆိုသည်။  

ဂျူးလူမျိုးများအား သတ်မှတ်ထားသည့် အချိန်များတွင် အထွတ်အမြတ်နေရာသို့ လာရောက်လည်ပတ်ရန် ခွင့်ပြုထားသော်လည်း ဘုရားဝပ်ပြုခြင်းကိုမူ မွတ်စလင်ဘုရားဖူးများနှင့် ပဋိပက္ခဖြစ်မည်စိုးသောကြောင့် ပိတ်ပင်ထားသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required