မက္ကာ မဟာဗလီ ကရိန်းပြိုကျသေဆုံးမှုများတွင် ဘင်လာဒင်ကုမ္ပဏီတွင် တာဝန်ရှိဟုဆို

မက္ကာ မဟာဗလီ ကရိန်းပြိုကျသေဆုံးမှုများတွင် ဘင်လာဒင်ကုမ္ပဏီတွင် တာဝန်ရှိဟုဆို

ရီယာ့ဒ်၊ စက်တင်ဘာ - ၁၆ ။          ။ ဆော်ဒီအာရေဗျဘုရင် ဆယ်မန်က ဟာ့ဂျ်ဘုရားပွဲမတိုင်မီ ရက်များအတွင်း လူပေါင်း ၁၀၀ကျော် သေဆုံးခဲ့ရသည့် မက္ကာ၏ မဟာဗလီ (Grand Mosque) တွင်ဆောက်လုပ်ရေးဝန်ချီစက် ကရိန်းပြိုကျမှုနှင့် ပတ်သက်ရျ် သြဇာကြီးမားသည့် ဆော်ဒီဘင်လာဒင်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။

လေပြင်းနှင့်အတူ မိုးကြိုးမုန်တိုင်းများ ကျရောက်စဉ်အတွင်း အနည်းဆုံး လူ ၁၀၇ ဦးသေဆုံးခဲ့ရကာ ၄၀၀နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စက်တင်ဘာ ၁၁ရက်နေ့က ကရိန်းပြိုကျမှုတွင် ဆော်ဒီဘင်လာဒင် ကုမ္ပဏီမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိသည်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင်က ကောက်ချက်ချခဲ့သည်။ ကုမ္ပဏီမှာ လုပ်ငန်းခွင်တွင် လုံခြုံရေးစံချိန်စံညွှန်းများကို လေးစားလိုက်နာခြင်း မရှိခဲ့ဟုနိုင်ငံပိုင် ဆော်ဒီပရပ်စ်သတင်းအေဂျင်စီ (SPA)က ပြောကြားခဲ့သည်။

ကုမ္ပဏီအား ဥပဒေကြောင်းအရ အရေးယူမှုကို ဆိုင်းငံ့ထားစဉ်အတွင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိများကို ဘုရင့်နိုင်ငံအတွင်းမှ ထွက်ခွာသွားခွင့် ပိတ်ပင်ထားသည်ဟု SPA က ပြောကြားခဲ့သည်။ ဆိုင်းငံ့ထားသည့် ကာလအတောအတွင်းတွင် ဘင်လာဒင်ကုမ္ပဏီကို နိုင်ငံပိုင် စီမံကိန်းများ လုပ်ကိုင်ခွင့်မှ ချန်လှပ်ထားမည် ဖြစ်သည်။    

ကွယ်လွန်သွားသည့် အယ်ခိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်၏ မိသားစု ပိုင်ဆိုင်သည့် ဆော်ဒီဘင်လာဒင် ဆောက်လုပ်ရေးကုမ္ပဏီမှာ ဆော်ဒီအာရေဗျတွင် အကြီးဆုံးဖြစ်သည်။

တိုးတက်များပြားလာသည့် ဘုရားဖူးအရေအတွက်ကို နေရာထိုင်ခင်းပေးနိုင်ရန်အတွက် မဟာဗလီ (Grand Mosque)အားစတုရန်းမီတာ ၄၀၀၀၀၀ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို ဆော်ဒီဘင်လာဒင် အုပ်စုက လေးနှစ်တိုင်တိုင် လုပ်ကိုင်လာနေခဲ့သည်။

နေရာအကျယ်အဝန်းမှာ ဘောလုံးကွင်း ၅၀စာနှင့်ညီမျှပြီး တစ်ပြိုင်နက်တည်းတွင် ဘုရားဖူး ၂သန်းကို နေရာထိုင်ခင်းပေးနိုင်မည့် အစ္စလာမ်ဘာသာ၏ အထွတ်အမြတ်နေရာတစ်ခုဖြစ်သည်။

အခင်းဖြစ်ပွားသည့်နေရာကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့သည့် ဆော်ဒီဘုရင် ဆယ်မန်က ဖြစ်ရပ်မှန်ကို ဖော်ထုတ်ကြေညာသွားမည်ဟု ကတိပြုခဲ့သည်။

အဆိုပါ ကရိန်းပြိုကျမှုမှာ ကမ္ဘာအရပ်ရပ်မှာ အစ္စလာမ်ဘာသာရေး ကိုင်းရှိုင်းသူ ၂သန်းနီးပါးကို ဆွဲဆောင်နေသည့် ဟာ့ဂျ်နှင့် ပတ်သက်သည့် ၁၀နှစ်တာအတွင်း အဆိုးရွားဆုံးဖြစ်ရပ်ပင် ဖြစ်သည်။

လုပ်ငန်းခွင်ကို စီးမိုးနေသည့် အနီနှင့်အဖြူ ကရိန်းကြီးက ဗလီဝင်းအတွင်းသို့ ပြိုကျစဉ်တွင် သိန်းနှင့်ချီသည့် ဘုရားဖူးများမှာ မဟာဗလီဝင်းအတွင်း စုရုံးနေကြချိန်ပင်ဖြစ်သည်။ သေဆုံးသူများထဲတွင် ဆော်ဒီ၊ အီရန်၊ နိုင်ဂျီးရီးယား၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံသားများ ပါဝင်သည်ဟု ဆိုသည်။

ဤရင်နင့်ဖွယ်အဖြစ်ဆိုးက ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲလမ်းတစ်ခုဖြစ်သော ဟာ့ဂျ်ပွဲတော် ပြင်ဆင်ရေးအပေါ်တွင် သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဆော်ဒီဘင်လာဒင်အုပ်စုမှ အင်ဂျင်နီယာတစ်ဦးကမူ ဖြစ်ပျက်သမျှမှာ ဘုရားသခင်၏ လုပ်ရပ်သာဖြစ်ပြီး နည်းပညာပိုင်းမှားယွင်းမှုကြောင့် မဟုတ်ဟု ပြောကြားခဲ့သည်။ အခြားအရာဝတ္တုများနည်းတူ ကရိန်းမှာ ထိုနေရာတွင် မည်သည့်ပြဿနာမှမရှိဘဲ နှစ်ပေါင်းများစွာ ရှိနေခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ဖြစ်ပျက်သမျှက လူ့အစွမ်းထက် ကျော်လွန်နေပါတယ်။ ဒါက ဘုရားသခင်ရဲ့ လုပ်ရပ်ပါ။ ဒီဖြစ်ရပ်မှာ လူ့ပယောဂ မပါဝင်ပါဘူးဟု အမည်မဖော်လိုသည့် အဆိုပါအင်ဂျင်နီယာက ထပ်လောင်းပြောကြားခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required