၀ံသာနုဒီမိုကရက်တစ်ပါတီ၏ မူဝါဒ သဘောထား

၀ံသာနုဒီမိုကရက်တစ်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၄ ။          ။ ဝံသာနုဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာ  ၎င်းတို့ပါတီ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ချစ်ခင်လေးစားအားထားရပါသော မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ရှင့်

ဝံသာနုဒီမိုကရက်တစ်ပါတီဟာ  ပစ္စက္ခကာလ မြန်မာ့နိုင်ငံရေးသမိုင်းဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများအပေါ် အခြေခံပြီးတော့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ အမျိုးသားသင့်မြတ်ပေါင်းစည်းရေး မှစစ်မှန်သော ဒီမိုကရေစီနိုင်တည်ဆောက်ရေးဟူသော အခြေခံနိုင်ငံရေး ရည်မှန်းချက်များအပေါ်အခြေုပြုဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီဖြစ်ပါတယ်။

ဝံသာနုဒီမိုကရက်တစ်ပါတီဟာ ပြည်သူတစ်ရပ်လုံး မျှော်မှန်းခဲ့ကြတဲ့''လူ့အခွင့်အရေး''၊ ''ဒီမိုကရေစီအရေး''၊ ''အမျိုးသား ပြန်လည်သင့်မြတ်ရေး''၊''ငြိမ်းချမ်းရေး''၊ ''ညီညွတ်ရေး'' မှတစ်ဆင့် စီးပွားရေး တိုးတက်မှုနှင့် နိုင်ငံရေးဝန်းကျင်သစ်ကို တည်ဆောက်ရေးအတွက် ရည်မှန်းဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီလည်းဖြစ်ပါတယ်။

အထက်ပါ ရည်မှန်းချက် ဦးတည်ချက်များ အောင်မြင်ရေးနှင့်အမိနိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးစီးပွားကို လက်တွေ့ကျစွာ မှန်ကန် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ''လုပ်ပိုင်ခွင့်ရယူလိုသောရည်မှန်းချက်" ဖြင့ ်ဤ ၂၀၁၅ ရွေး ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် မှာဖြစ်ပါတယ်။ မဲဆန္ဒရှင်များ၏ အဆုံးအဖြတ်ကိုခံယူလိုခြင်းလည်းဖြစ်ပါတယ်ရှင်။

ဘာကြောင့်လဲဆိုလျှင် နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွားမှန်သမျှကို ဖန်တီးနိုင်မည့် စွမ်းအားသည်မဲဆန္ဒရှင်ပြည်သူများ၌သာရသည်ဆိုသော အချက်ကို ကျွန်မတို့ဝံသာနုဒီမိုကရက်တစ်ပါတီမှ ယုံကြည်သောကြောင့် ဖြစ်ပါတယ်။

ထို့ကြောင့် အထက်ပါရည်မှန်းချက်၊ ဦးတည်ချက်များအပေါ် အခြေပြုဖွဲ့စည်းထားတဲ့ ကျွန်မတို့ဝံသာနုဒီမိုကရက်တစ်ပါတီဟာ မဲဆန္ဒရှင်ပြည်သူများမှ တိကျပြတ်သားစွာ ပိုင်းခြားသတ်မှတ် သတိချုပ်နိုင်ရေး အပေါ်ရည်မှန်းလျက် ကျွန်မတို့ ဝံသာနုဒီမိုကရက်တစ်ပါတီ၏ အမှတ်သင်္ကေတရွေးကောက်ပွဲဝင် ဤအမှတ်တံဆိပ်နှင့်အတူ အဓိပ္ပာယ်ဖွင့်ဆိုမှုများကိုလည်း တင်ပြလိုပါတယ်။

  • ပါတီရဲ့အမှတ်သင်္ကေတမှာ ''အောက်ခံအနီရောင်'' ဟာ ရဲရင့်တည်ကြည်ပြတ်သားမှုကိုပြပါတယ်။
  • လက်ယာဘက်ထိပ်ရှိ ကြယ်ဖြူကြီးတစ်လုံးထားရှိခြင်းမှာ ပါတီ၏ကိုယ်ပိုင်အလင်းရောင်ရှိခြင်းရဲ့အဓိပ္ပာယ်ကိုဖော်ပြချက် ဖြစ်ပါတယ်။
  • အလယ်တည့်တည့်မှာ အဖြူရောင်အဝိုင်းအတွင်းမှာ အစိမ်းရောင်''က'' ဒေါင်းကိုအဝါ၊ အနီများနှင့်ခြယ်မှုန်းထားခြင်းဖြင့် ''ဖြူစင်ခြင်း၊ ရဲရင့်ခြင်း၊ လွတ်လပ်ခြင်း၊ ညီညွတ်ခြင်း၊ တရားမျှတခြင်း'' ဟူသောလောကပါလတရားကို အခြေခံအဖြစ် ဖွင့်ဆိုထားခြင်းများဖြစ်ပြီး အစိမ်းရောင် ''က'' ဒေါင်းရဲ့အမြီးဖျားပိုင်းအား (၁၄) ခုပါဝင်တဲ့ ပြည်ထောင်စုကြီး၏ခိုင်မာမှု အမျိုးသားစည်းလုံး ညီညွတ်မှုများအား ရည်ညွှန်းဖော်ဆောင်ထားခြင်းများ ဖြစ်ပါတယ်ရှင်။

ဝံသာနုဒီမိုကရက်တစ်ပါတီ၏ အခြေခံသဘောထားများ

ကျွန်မတို့ ဝံသာနုဒီမိုကရက်တစ်ပါတီ၏ မူဝါဒသဘောထားများကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ချစ်ကြည်သွေးစည်းရေးနှင့် စစ်မှန်သော ပါတီစုံဒီမိုကရေစီဖော်ဆောင်ရေးအပေါ်  အခြေခံသောတိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးနှင့်လူမှုရေးဘဝများ တန်းတူရေး၊ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအပေါ် အလေးထားဆောင်ရွက်ရေးပဲဖြစ်ပါတယ်။

အထက်ပါ ရည်မှန်းချက်၊ ဦးတည်ချက်များအပေါ် အမှန်တကယ်လိုအပ်တဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ခောတ်မီဇွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် မရမနေဆောင်ရွက်ရန် ရည်မှန်းပါ တယ်ရှင့်။

ပြည်တွင်း အမျိုးသားအကျိုးစီးပွားအပေါ် အမြင်သဘောထားများ

- ဒီမိုကရေစီပိုင်ခွင့်များအရ တစ်မျိုးသားလုံး၏ စီပွားရေးဘဝ၊ လူမှုရေးဘ၀ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေးအပေါ် အဓိက ရည်မှန်းပါတယ်။

- အထက်ပါရည်မှန်းချက်များအောင်မြင်ရေးအတွက် လက်တွေ့ကျင့်သုံး မယ့်နိုင်ငံရေး၊ စီးပွားရေး မူဝါဒများကတော့-

- လွတ်လပ်တရားမျှတပြီး ဂုဏ်သိက္ခာရှိတဲ့ပါတီစုံဒီမိုကရေစီပုံဖော်နိုင် ရေးလွတ်လပ်မျှတသော ဈေးကွက်စီးပွားရေးကို လက်ခံထားပြီးလုပ်ငန်း ရှင်များ၊ လူလတ်တန်းစား၊ အခြေခံလူတန်းစားဟူသည့် လူတန်းစား(၃) ရပ်ကို ပိုမိုတိုးတက်စေမည့် စီးပွားရေးစနစ်ကို အခြေခံသည်။

- ကုန်ထုတ်လုပ်မှု၊ကုန်သွယ်မှု၊ဝန်ဆောင်မှု၊ ဘဏ်လုပ်ငန်းများစတဲ့ အဓိကစီးပွားရေးလုပ်ငန်းများအား လွတ်လပ်သည်နှင့်အမျှ ပွင့်လင်းတိုးတက် စေမှုများနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များအား တန်းတူညီမျှရယူနိုင်ခွင့်ရစေမှာဖြစ်ပါတယ်။

- တစ်ချိန်တည်းမှာပင် အသေးစားအလတ်စား စီပွားရေးလုပ်ငန်းရှင်များအားရှင်သန်ဖြစ်ထွန်းတိုးတက်စေရေးအပေါ် အလေးထား ဆောင်ရွက်မှာဖြစ်ပါတယ်။

ဝံသာနုဒီမိုကရက်တစ်ပါတီရဲ့အလုပ်သမားလူတန်းစားအရေး

  • ဥပဒေပါရသင့်ရထိုက်သောအလုပ်သမားအခွင့်အရေးများခံစားပိုင်ခွင့်များ ရရှိစေရေး တာဝန်ယူဆောင်ရွက်မည်။
  • လာဘ်ပေးလာဘ်ယူ ပပျောက်ရေးနှင့်မှ အခွင့်အထူးခံ အရာရှိဆိုးစနစ် ပပျောက်ရေး ဦးစားပေးဆောင်ရွက်မည်။
  • အလုပ်သမားများ၏လုပ်ခလစာ၊အခွင့်အရေး၊ရပိုင်ခွင့်များ တိုးတက်စေရမည်။
  • အလုပ်သမားလူတန်းစားအကျိုးရှေးရှုတာဝန်ယူဆောင်ရွက်မည်။
  • အလုပ်လက်မဲ့လျှော့ချရေး၊ လုပ်ငန်းရွေးချယ်နိုင်ရေး၊ လုပ်ငန်းသစ်များတးို ချဲ့ပေးမြည်ဖစ်ပြီးလုပ်ငန်းရှင်အလုပ်သမား ပြိုင်တူတိုးတက်ရေး၊ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးသွားမည်။

လယ်သမားများအပေါ် သဘောထား

  • လယ်ယာလုပ်ကိုင်သူတိုင်း လယ်ယာပိုင်ဆိုင်ခွင့်များရရှိစေရေး၊ ဥပဒေနှင့် အညီ အမွေဆက်ခံပိုင်ခွင့်၊ လွှဲပြောင်းပိုင်ခွင့်ရှိစေရမည်။
  • လယ်ယာများအား မည်သည့်အကြောင်းပြချက်နှင့်မျှ ဥပဒေမဲ့သိမ်းယူခွင့် မရှိစေရန် တာဝန်ယူဆောင်ရွက်မည်။
  • မိမိတို့နှစ်သက်သည့်သီးနှံကို လွတ်လပ်စွာစိုက်ပျိုးခွင့် ရောင်းချခွင့်ရှိစေရမည်။
  • လယ်/ယာလုပ်သားများ၏ အကျိုးစီးပွားအပေါ် ခုခံကာကွယ် တာဝန်ယူဆောင်ရွက်မည့် လယ်/ယာ အလုပ်သမားအစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်ရှိစေရမည်။

လူငယ်မျိုးဆက်သစ်များအပေါ်သဘောထား

- အနာဂတ်မျိုးဆက်သစ်လူငယ်များအား နိုင်ငံခေါင်းဆောင်ကောင်းများ အသိ ပညာရှင် အတတ်ပညာရှင်များဖြစ်ပေါ်စေရန် ပြုစုပျိုးထောင်ပေးပါမည်။

- လူငယ်များအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် နိုင်ငံတကာရေးရာများအပေါ် အမြင်ကျယ်စေရေး မလေးထားပြုစုပျိုးထောင်ပေးမည်။

- လူငယ်များအရေးကိစ္စအပေါ် တာဝန်ယူဆောင်ရွက်နိုင်မယ့် လူငယ်အစည်းအရုံးများ၊ သမဂ္ဂအဖွဲ့အစည်းများ ဖွဲ့စည်းထူထောင်ခွင့်ရှိစေရမည်။

အမျိုးသမီးများ၏အရေးအပေါ်သဘောထား

  • နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း အမျိုးသမီးများသည် အမျိုး သားများနှင့် တန်းတူအခွင့်အရေး ရရှိစေရမည်။
  • ထူချွန်ထက်မြက်သော အမျိုးသမီးခေါင်းဆောင်များပေါ်ထွက်ရေးအားပေး ဆောင်ရွက်မည်။
  • မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး အမျိုးသားယဉ်ကျေးမှုအစဉ်အလာများအားထိန်းသိမ်းကြမည့် အမျိုးသမီးအင်အားစုကြီးအဖြစ် ပုံဖော်နိုင်ရေး အပေါ်အမျိုးသားရေး အမြင်ဖြင့် ဆောင်ရွက်မည်။
  • အထူးသဖြင့် အမျိုးသမီးများ လူကုန်ကူးမှုခံကြရသည့် သားကောင်များမဖြစ်စေရေးအတွက် အမျိုးသမီးများ၏ဘဝများရပ်တည်ရှင်သန်နိုင်စေရေး အထောက်အကူပြုမည့် ပြည်တွင်းစီးပွားရေး၊ စက်မှုကုန်ထုတ်
  • လုပ်မှုဌာနများတိုးချဲ့ရေး ကြိုးပမ်းသွားမည်။
  • အထက်ပါ အမျိုးသမီးထုတစ်ရပ်လုံး ဘဝအာမခံချက်ရရှိရေးအပေါ်အလေးထားဆောင်ရွက်မည့် အမျိုးသမီးအသင်းအဖွဲ့များ ဖြစ်တည်လာစေရေး  အလေးထားဆောင်ရွက်မည်။

မြို့နေလူလတ်တန်းစားများ၊အသိပညာရှင်၊ အတတ်ပညာရှင်များအရေး

  • နိုင်ငံတော်တွင် ''စွန့်ဦးတီထွင်'' အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းရေး အားပေးဆောင်ရွက်မည်။
  • အသိပညာရှင်အတတ်ပညာရှင်များ၏ တီထွင်မှုများအပေါ် ''မူပိုင်ခွင့်'' များအတွက် အာမခံချက်ရရှိစေရမည်။
  • နိုင်ငံတော်၏ လုပ်ငန်းနယ်ပယ်အသီးသီးတို့တွင် အသိပညာရှင်နှင့်အတတ်ပညာရှင်များအတွက် ထိုက်တန်သော ''အလုပ်ခွင်''များ ဖြစ်ပေါ်ရေး အလေးထားဆောင်ရွက်မည်။
  • အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူလတ်တန်းစားများ အကျိုးစီးပွားအပေါ် တာဝန်ယူဆောင်ရွက်မည့် အဖွဲ့အစည်းများဖွဲ့စည်းရေး အားပေးကူညီမည်။

တပ်မတော်

မြန်မာတပ်မတော်သည် အစဉ်အားကြီးမားခဲ့သော မျိုးချစ်တပ်မတော် အဖြစ်ရပ်တည်လျက် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးအပေါ် အဓိကတာဝန်ယူ ဆောင်ရွက်မည့် တစ်ခု တည်းသော တပ်မတော်အဖြစ် ရပ်တည်ခွင့်ရှိစေရမည်။

နိုင်ငံဝန်ထမ်းများအရေး

+ ဝန်ထမ်းရေးရာဥပဒေပါအခွင့်အရေးများအား ရရှိခံစားပိုင်ခွင့်ရရှိစေရမည်။

+ ဝန်ထမ်းများ၏ လုပ်ခ/လစာနှင့်အငြိမ်းစားလစာများသည် ပစ္စက္ခကာလကြုံတွေ့နေကြသည့် နေထိုင်စားသောက်စရိတ်များနှင့်လိုက်လျောညီထွေ ဖြစ်စေရေးဆောင်ရွက်မည်။

ပြည်သူ့ရေးရာများအပေါ် သဘောထားများ

  • ပြည်သူလူထု တစ်ရပ်လုံးသည် အခြေခံဥပဒေနှင့် အခြားအခြားသော တည်ဆဲဥပဒေများပါ နိုင်ငံသားအခွင့်အရေးများ ခံစားပိုင်ခွင့်များရရှိစေရမည်။
  • ပြည်ထောင်စုတစ်ရပ်လုံး၏ စားဝတ်နေရေးနှင့် လူမှုဘဝလုံခြုံဖူလုံရေး အတွက် ကုန်ဈေးနှုန်းများ တည်ငြိမ် ကျဆင်းရေးအပါဝင် သက်ကြီးရွယ်အိုများ မသန်စွမ်းသူများ ခိုကိုးရာမဲ့များအပေါ် ထိန်းသိမ်းစောင့်ရှောက်မှုများအား စနစ်တကျ စီမံကိန်းချ ဆောင်ရွက်ပေးရေး အလေးထားမည်။
  • ဆယ်စုနှစ်များစွာ ပြည်သူတစ်ရပ်လုံး ခါးသီးစွာ ခံစားနေကြရသော အကျင့်ပျက် လာဘ်စားမှုတိုက်ဖျက်ရေး အလေးထားဆောင်ရွက် မည်ဖြစ်သကဲ့သို့ ထိုသို့ဆောင်ရွက်ရာ၌" ဥပဒေအထက်တွင် မည်သူမျှမရှိစေရ" NOMAN ABOVE THE LAW  ဟူသော ဆောင်ပုဒ်အပေါ် ဝံသာနုဒီမိုကရက်တစ်ပါတီမှ အထူးအလေးထားဦးစားပေးဆောင်ရွက်မည်။

ပညာရေး

၁။ ပညာရေးကို အနည်းဆုံး အာဆီယံအဆင့်ထိ မြှင့်တင်သွားမည်။ ကျောင်း သား အခြေပြုပညာရေးဖြစ်စေရန် နိုင်ငံတကာပညာရေးအတွေ့အကြုံရရန် ဆရာဆရာမများ၏ အရည်အချင်း သင်ရိုးညွှန်းတမ်းမြှင့်တင်ခြင်း၊ သင်ကြားထောက်ကူပြည့်စုံစေခြင်း၊ ဒေသတိုင်း လူတိုင်းပညာရေးကို လက်လှမ်းမီစေနိုင်ခြင်းများ ဖြစ်စေရန်ဆောင်ရွက်မည်။

၂။ အထူးသဖြင့်ဆရာဆရာမများ၏ အရည်ချင်း၊ ဂုဏ်သိက္ခာအဆင့် အတန်းများမြင့်မားစေရေး အခြေခံပုံဖော်မှုမှ ကျောင်းသားကျောင်းသူ များ၏ ပညာရည်မြင့်မားလာစေမှုအား စနစ်တကျစီမံကိန်းများချလျက် အလေးထားဆောင်ရွက်မည်။

ကျန်းမာရေး

  • ပြည်သူ့ကျန်းမာရေးအပေါ်ဦးစားပေးအလေးထားမည်။
  • နိုင်ငံတစ်ဝန်းကျေးလက်ဒေသများအပါအဝင် အခမဲ့ဆေးဝါးကုသခွင့်ရရှိ စေရေး အလေးထားဆောင်ရွက်မည်။
  • ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးလုံလောက်မှုရရှိစေရေး။
  • ခေတ်မီဆေးဝါးကုသမှုကိရိယာများ ပြည့်စုံရေးအလေးထားဆောင်ရွက်မည်။

 

အားကစား

- ပြည်သူ့ကျန်းမာရေးအစ စာသင်ကျောင်းမှဟူသော ဆောင်ပုဒ်နှင့်အညီ အားကစားနှင့် ကာယပညာများ ခေတ်မီတိုးတက်စွာသိနားလည်စေရေး ပညာပေးဆောင်ရွက်သွားပါမည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရေး

လမ်းပန်းဆက်သွယ်မှုပိုမိုတိုးတက်စေရမည်။ ကျေးလက်ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးမြင့်မားစေရေးနှင့်အတူ ကျေးလက်ပြည်သူများ၏ စီးပွားရေးဘ၀ မြှင့်တင်စေရေးအတွက် လယ်ယာလုပ်ငန်းခွင်များနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေး၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးများအား အားပေးကူညီ သွားမည်။

ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ပါတီ၏သဘောထား

မိဘပြည်သူများရှင့် ကျွန်မတို့ပါတီရဲ့ပြည်တွင်းငြိမ်းချမ်းရေးအပေါ်ထားရှိတဲ့သဘောထားကို တင်ပြရမယ်ဆိုရင်- (၁)တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)  အမြန်ဆုံးလက်မှတ်ရေးထိုးရန်။(၂) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်ရန်။(၃) အားလုံးမပါဝင်နိုင်သေးပါက အစိုးရနှင့်ပဏာမအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၅ဖွဲ့နှင့် ကနဦးလက်မှတ်ရေးထိုးရန်။ (၄) ယခုအစိုးရလက်ထက်မှာပင်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (CAN)  လက်မှတ် ရေးထိုးရေးကိစ္စ မဖြစ်မနေဆောင်ရွက်သွားကြပါရန် ကျွန်မတို့ဝံသာနုဒီမို ကရက်တစ်ပါတီ၏ သဘောထားအား တင်ပြလိုပါတယ်။

ဝံသာနုဒီမိုကရက်တစ်ပါတီမှ ရပ်တည်ကျင့်သုံးသွားမည့်နိုင်ငံရေးအမြင် သဘောထား

၁။ မြန်မာနိုင်ငံတွင် ဂုဏ်သိက္ခာရှိသော နိုင်ငံရေးစနစ်ဖြစ်ပေါ်လာရေး အလေးထားရပ်တည်ဆောင်ရွက်မည်။

၂။ မိမိတို့ပါတီ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ သဘောထားများအားမဲဆန္ဒရှင်ပြည်သူလူထုသို့  ပွင့်လင်းစွာ ထင်သာမြင်သာရှိအောင် ချပြလျက် ပြည်သူလူထု၏ ထောက်ခံအားပေးမှုရရှိနိုင်ရေး ကြိုးစား ဆောင်ရွက်သွားပါမည်။

၃။ ပွင့်လင်းစဒီမိုကရေစီကျင့်စဉ်များအား ညှိုးနွမ်းမှုမဖြစ်စေရေးအတွက် ပွင့်လင်းမှုအပေါ် အခြေခံသောချဉ်းကပ်တင်ပြမှုများဖြင့် စစ်မှန်သော လူထုထောက်ခံမှုရရှိနိုင်ရေး အလေးထားဆောင်ရွက်သွားပါ မည်။

ဝံသာနုဒီမိုကရက်တစ်ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲအပေါ် အထက်ပါသဘောထားခံယူချက်များဖြင့် ပြည်သူ့အကျိုးစီးပွားမြင့်မားတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ခွင့်ရရှိနိုင်ရေး ဦးတည်ချက်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင်ပါဝင်ရှင်ပြိုင်လျက်မဲဆန္ဒရှင်ပြည်သူများ၏ အဆုံးအဖြတ်ကိုခံယူသွားပါမယ်ရှင်။

မဲဆန္ဒရှင်ပြည်သူပြည်သားအပေါင်းနှလုံးစိတ်ဝမ်း ရွှင်လန်းချမ်းမြေ့ကြပါစေ လို့ ကျွန်မနန်းရွှေကြာမှ ဂါရဝပြုဆုတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်ရှင် - အားလုံးကို ကျေးဇူးတင်ပါတယ်။

ဝံသာနုဒီမိုကရက်တစ်ပါတီ

 ၁။  ပါတီအမည်  -  ဝံသာနုဒီမိုကရက်တစ်ပါတီ
 ၂။  ပါတီအမည်(English)  -  Wun Thar Nu Democratic Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၉.၄.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၂၁ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးထွန်းရင်(ကွယ်လွန်)၊ ဒေါ်နန်းရွှေကြာ
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၃.၄.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၉.၅.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၇.၅-၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၂၂)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးရဲမင်း၊ ဒေါ်နန်းရွှေကြာ (ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  

 နန်းဦးလွင်ကျေးရွာအုပ်စု၊ ပုသိမ်ကြီးမြို့နယ်၊မန္တလေးတိုင်းဒေသကြီး။

 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၉-၆၈၀၆၅၇၂

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly