Channel 0 ဇာတ်လမ်းတွဲကို MRTV Entertainment Channelတွင် စက်တင်ဘာလကုန် ပြသမည်

Channel 0 ဇာတ်လမ်းတွဲကို MRTV Entertainment Channelတွင် စက်တင်ဘာလကုန် ပြသမည်

ရန်ကုန်၊ စက်တင်ဘာ ၁၅။ ။ မြန်မာ့ရုပ်မြင်သံကြား နှင့် Home Media တို့ ပူးပေါင်းပြီး ရိုက်ကူးထုတ်လွှင့်မည့် Channel 0 ဇာတ်လမ်းတွဲသည် လက်ရှိတွင် အပိုင်း ၆ပိုင်း ရိုက်ကူး ပြီးစီးသွားပြီ ဖြစ်ပြီး စက်တင်ဘာလကုန်တွင် MRTV Entertainment Channel ၌ ထုတ်လွှင့် ပြသနိုင်ရန် စီစဉ် ထားကြောင်း ဦးဇာဂနာက မဇ္ဈိမကို ပြောသည်။

မြန်မာ့ရုပ်မြင်သံကြား နှင့် Home Media တို့ ပူးပေါင်းပြီး မြန်မာ့အငြိမ့်သဘင် ရေစီးကြောင်း၊ တမ်းတမ်း တတ ဖြစ်ခဲ့ရသော ရုပ်ရှင်သီချင်းများ၊ ရင်တွင်းရေး ပြဿနာ၊ Channel 0 ဇာတ်လမ်းတွဲ စသည့် အစီအစဉ်များကို ရိုက်ကူး တင်ဆက်ကာ ပြသရန် စီစဉ်ထားသည်။

ဦးဇာဂနာက "အခု ၆ပိုင်းတော့ ရိုက်ပြီးသွားပြီ။ နောက်ထပ် ၆ပိုင်း ဆက်ရိုက်နေတုန်းပဲ ၁၂ပိုင်းလုံး ပြီးရင်တော့ ပြမယ်။ အငြိမ့်ကတော့ စပြနေပြီ။ ရေဘေး ဝင်သွားတော့ လူတွေက မအားမလပ် ဖြစ်သွားတာနဲ့ လူတွေ ပြန်စုနေ ရတယ်" ဟု ပြောသည်။

ရုပ်သံဌာန တစ်ခု၏ အတွင်းရေးကို ဟာသ အနေဖြင့် တင်ဆက်မည့် Channel 0 ဇာတ်လမ်းတွဲ အစီအစဉ်တွင် အပိုင်း ၁၂ပိုင်း ပါဝင်မည် ဖြစ်သည်။ ယင်းဇာတ်လမ်းတွဲကို ဒါရိုက်တာ ဟိန်းစိုး နှင့် မောင်သူရတို့က ရိုက်ကူးပြီး ဇာတ်လမ်း မောင်သူရ ၊ ဇာတ်ညွှန်း သူရဿဝါ ၊ ဆူးခတ်မင်းနှင့် ချမ်းထက်ဟန်တို့က ရေးသားထားသည်။ သရုပ်ဆောင်များ အဖြစ် ဦးအောင်လွင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ညောင်ညောင်၊ ရန်ပိုင်စိုး နှင့် Home Arts သင်တန်းကျောင်း မှ သင်တန်းသားများ ပါဝင်ထားသည်။

မြန်မာ့အငြိမ့်သဘင် ရေစီးကြောင်း အစီအစဉ်ကို ဇာဂနာ နှင့် အရိုင်းတို့မှ စီစဉ်ခြင်း ဖြစ်ပြီး နန်းခင်မွှေး၊ ချောစုမျိုး ၊ ရွှေရည်ဝင်း ၊ စန်းနီလာဝင်း ၊ ဝါဝါလှိုင်၊ မေသော်ချစ်၊ ဝင်းသပြေထွန်း၊ ဝမ်းကေဇင်၊ ဟိန်းသန္တာစိုး၊ ဆောင်းဝတီ ၊ ဝင်းမော်ဦး နှင့် လူရွှင်တော်များစွာ ပါဝင်ထားပြီး လက်ရှိတွင် MRTV ရုပ်သံလိုင်း၌ ပြသလျက်ရှိသည်။

တမ်းတမ်း တတ ဖြစ်ခဲ့ရသော ရုပ်ရှင်သီချင်းများ အစီအစဉ်ကို ဦးအောင်လွင်မှ စီစဉ်ပြီး ဒါရိုက်တာ အောင်မြင့်မြတ် မှ ယခင် ခေတ်အဆက်ဆက်မှ အောင်မြင် ကျော်ကြားခဲ့သည့် ရုပ်ရှင် တေးသီချင်းများကို ပြန်လည် ရိုက်ကူး တင်ဆက်မည် ဖြစ်သည်။

ရင်တွင်းရေး ပြဿနာ ရုပ်သံ ဇာတ်လမ်းတွဲကို ဒါရိုက်တာ ဟိန်းစိုးမှ ရိုက်ကူး ပုံဖော်မည် ဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း မယ်မင်းဘုံ ဖြစ်သည်။ သရုပ်ဆောင်များ အဖြစ် နိုင်နိုင်း၊ သဉ္ဇာဝင့်ကျော်၊ ဦးအောင်လွင်၊ ရဲမွန် နှင့် Home Arts သင်တန်းကျောင်းမှ သင်တန်းသားများ ပါဝင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly