နောက်ထပ် ကိုပါကြီးလို အဖြစ်မျိုး မရောက်အောင် ကာကွယ်ပေးပါ

နောက်ထပ် ကိုပါကြီးလို အဖြစ်မျိုး မရောက်အောင် ကာကွယ်ပေးပါ

အခုတစ်ပါတ် စက်တင်ဘာ ၁၄ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ်မှာ လက်နက်ကိုင် တိုက်ပွဲ ပြဿနာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ပုဒ် ဖော်ပြပါရှိပါတယ်။ သတင်း ကတော့ တပ်မတော် လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့ဟာ ဒေသခံရွာသား ၃ ယောက်ကို အတင်းအားဓမ္မ ခေါ်ဆောင်ပြီး လက်နက်ကိုင် သူပုန်စခန်းရှိတဲ့နေရာကို လိုက်ပြခိုင်းတဲ့ ဖြစ်စဉ်ပါ။ ဖြစ်စဉ်အတွင်း လမ်းပြခိုင်းခံရတဲ့ ရွာသားတွေ ထိခိုက်သေဆုံးမှု မရှိပေမယ့် ခွဲထွက် ဒီကေဘီအေ နားမကြားအဖွဲ့က ထောင်ထားတဲ့ ဝါးညှောင့်နင်းမိပြီး ရွာသားတစ်ယောက် ညာဘက်ခြေထောက် မှာ ဒါဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ် သတင်းကြောင့် တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွား တုန်း ထွက်ပြေးလို့ဆိုပြီး ပစ်သတ်ခံရတဲ့ ကိုပါကြီးရဲ့ ဖြစ်ရပ်ကို ပြန်သတိရစေပါတယ်။ လက်နက် ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှု ပြဿနာအကြောင်း ဒီကနေ့ ဆွေးနွေး ကြည့်ကြရ အောင်ပါ။

ဖြစ်စဉ်အကျဉ်းကတော့ စက်တင်ဘာ ၁၀ ရက်နေ့က တပ်မတော် လက်အောက်ခံ နယ်ခြား စောင့် တပ်အမှတ် ၁၀၁၇ က တပ်ဖွဲ့ဝင် သုံးယောက် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တစ်တန်ကူးကျေးရွာက စိုးနိုင်နဲ့ အခြားရွာသား ၂ ယောက်ကို ခဏလိုက်ခဲ့ဖို့ဆိုပြီး ခေါ်သွားပါ တယ်။ အဲလို ခေါ်သွားပြီး ပျားပင်ကုန်းကျေးရွာ အလွန်မှာ သူတို့ကို ဒေါနတောင်ကြောမှာ အခြေပြု တဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့ နားမကြားစခန်းကို လိုက်ပြပေးဖို့ အတင်းအကြပ် ခေါ်ပါတယ်။ ရွာသားတွေက သူတို့အနေနဲ့ အဲဒီစခန်းကို မသိတာကြောင့် လိုက်မပြပဲ ပြန်ခွင့်ပြုဖို့ တောင်းပန်ပေ မယ့် ပြန်ခွင့် မပြုခဲ့ပါဘူး။ နောက်ပိုင်း အတင်းအကြပ် ခိုင်းစေတဲ့အပြင် ငွေသား ကျပ် တစ်သိန်းစီနဲ့ သေနတ်တစ်လက်စီ ပေးပြီး လိုက်ပြခိုင်းတဲ့အတွက် အဲဒီ တပ်ဖွဲ့ကို နှစ်ရက်တိတိ နေ့ရောညပါ လမ်းပြ လုပ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ဆုံး စက်တင်ဘာ ၁၂ ရက်နေ့မှာ ခွဲထွက် ဒီကေဘီအေ နားမကြားစခန်းကို တွေ့ပြီး နောက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားကြပါတယ်။ တိုက်ပွဲအတွင်း နားမကြားအဖွဲ့က တစ်ယောက် သေ၊ နယ်ခြားစောင့်တပ်က နှစ်ယောက် ဒါဏ်ရာရခဲ့ပေမယ့် လိုက်ပြတဲ့ ရွာသား ၃ ယောက်က တော့ ဒါဏ်ရာ မရခဲ့ပါဘူး။ ဒါပေမယ့် ဖြစ်စဉ်အတွင်း ရွာသား ကိုစိုးနိုင်ဟာ နားမကြားအဖွဲ့က ထောင်ထားတဲ့ ဝါးညှောင့်နင်းမိပြီး ညာဘက်ခြေထောက် ဒါဏ်ရာ ရသွားခဲ့ပါတယ်။ နောက်ပိုင်း ကော့ကရိတ်မှာ ဆေးရုံတက် ကုသနေရပေမယ့် ကူညီသူမရှိတဲ့အပြင် ခြေထောက်မကောင်း လုပ်ကိုင်စားသောက်လို့ မရတာကြောင့် သူ့ဇနီးနဲ့ ကလေးလည်း ဒုက္ခရောက်နေတယ်လို့ သတင်း က ဆိုပါတယ်။

ဖြစ်စဉ်ကို ပြန်သုံးသပ်ကြည့်ရင် လမ်းပြလိုက်သွားခဲ့ရတဲ့ ရွာသားတွေ ကြောက်လန့်ပြီး ထွက်မပြေးတာကြောင့် ပြဿနာအထူး မပေါ်ခဲ့ပါဘူး။ ထွက်ပြေးရင် ကိုပါကြီးလို အဖြစ်မျိုး မဖြစ် ဘူးလို့ မပြောနိုင်ပါဘူး။ ဒါ့အပြင် ကိုယ်က သူများစခန်းကို ဦးပြီးတွေ့တာကြောင့် အသေအပျောက် နည်းတာပါ။ အဲလိုမဟုတ်ပဲ စခန်းကို လှည့်လည်ရှာဖွေရင်း တစ်ဖက် အဖွဲ့အစည်းက ခြုံခို တိုက်ခိုက်ခံရရင် ရွာသားတွေပါ သေဆုံးဒါဏ်ရာ ရနိုင်ခြေ ရှိပါတယ်။ တကယ်တော့ အခုလို ဖြစ်စဉ်မျိုးဟာ အရင် စစ်အာဏာရှင်ခေတ် တပ်မတော်ရဲ့ လုပ်ပုံကိုင်ပုံမျိုးပါ။ အားလုံးသိတဲ့အတိုင်း အရင်ခေတ်တုန်းကဆို အရပ်သားတွေကို အထမ်းသမားတွေအဖြစ် ပေါ်တာဆွဲတာ၊ အခုလိုပဲ လမ်းပြအဖြစ် အတင်းအကြပ်ခေါ်တာ၊ လူသားမိုင်းရှင်း ကရိယာအဖြစ် စစ်ကြောင်းရှေ့ကနေ သွားခိုင်းတာမျိုးတွေ လုပ်ခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖေါက်မှုအဖြစ် နိုင်ငံတကာက ဝေဖန်ပြစ် တင်ခဲ့တဲ့ လုပ်ရပ်မျိုးတွေပါ။

မီဒီယာတွေနဲ့ နိုင်ငံတကာမှာ ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့ ကိုပါကြီးကိစ္စဆိုရင်လည်း လမ်းပြ ခိုင်းရာကနေ စတဲ့ ပြဿနာပါ။ ပြီးခဲ့တဲ့ ၂၀၁၄ စက်တင်ဘာ ၂၆ ရက်နေ့က မွန်ပြည်နယ် ကျိုက်မ ရောမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ဒီကေဘီအေ တပ်ဖွဲ့ဝင်တစ်ချို့ဟာ အစိုးရပိုင်နက် နယ်မြေအတွင်း လက်နက်ကိုင်ဆောင် ဝင်ရောက်လာတာကို နယ်မြေ တာဝန်ရှိ အာဏာပိုင် အဖွဲ့ အစည်းတွေက တားဆီးရာကနေ တိုက်ပွဲတွေ စပြီး ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဒီကေဘီအေ တပ်ဖွဲ့တွေ အခင်းဖြစ်နေရာကနေ ဆုတ်ခွာ ထွက်ပြေးသွားကြပါတယ်။ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းမှာတော့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မြို့မရဲစခန်း အနီးမှာ ဘာလက်နက် မှ ကိုင်ဆောင်ထားခြင်းမရှိတဲ့ ကိုပါကြီးကို ရဲတပ်ဖွဲ့က မသင်ကာလို့ဆိုပြီး ဖမ်းဆီးလိုက်တာပါ။ ကျိုက်မရော မြို့မရဲစခန်းနေရာဟာ စစ်မြေပြင် မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေး ဥပဒေလည်း ပြဌာန်း ထားခြင်း မရှိပါဘူး။ တရားဥပဒေစိုးမိုးတဲ့ အဖြူရောင်နယ်မြေသာ ဖြစ်ပါတယ်။ တကယ်တော့ ကိုပါကြီးဟာ တောတွင်းလက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ရင်တောင် လက်နက်မဲ့ ဖမ်းမိ တဲ့ စစ်သုံ့ပန်း ဖြစ်ပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို ဖမ်းဆီးရမိသူတစ်ယောက်ကို သက်ဆိုင်ရာ ရဲစခန်း၊ အဲဒီကနေတဆင့် တရားရုံးတင်ပို့ပြီး ဥပဒေအတိုင်း စစ်ဆေး ဆောင်ရွက်ဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် ဖမ်းဆီးရမိတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဥပဒေအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုပဲ ပထမ ဦးဆုံး ခမရ ၂၀၄ နောက် ခမရ ၂၀၈ နောက်ဆုံး အောက်တိုဘာ ၄ ရက်နေ့မှာ လှုပ်ရှားစစ်ကြောင်း ဆီ အဆင့်ဆင့် လွဲှပြောင်းပေးအပ်ခဲ့ရာကနေ ရှေ့တန်းစခန်းမှာ ကိုပါကြီးက အစောင့်ရဲဘော် ဆီကနေ လက်နက်လုလို့ အသေပစ်ခတ် ဖမ်းဆီးလိုက်ရတယ်ဆိုတဲ့ ဇာတ်လမ်း ဖြစ်လာတာပါ။

ကိုပါကြီး ဖြစ်ရပ်မှာရော၊ ရွာသားသုံးယောက်ကို အတင်းအကြပ် ခေါ်သွားတဲ့ ကိစ္စမှာပါ တူညီတာက သာမန်ပြည်သူတွေကို လက်နက်ကိုင် တပ်ဖွဲ့က လမ်းပြခိုင်းဖို့ အတင်းအကြပ် ခေါ်ဆောင်သွားခဲ့တာပါ။ ဒါဟာ ဥပဒေနဲ့ မညီညွတ်သလို လူ့အခွင့်အရေး ချိုးဖေါက်မှုလည်း ဖြစ်ပါတယ်။ ဒီလို အတင်းအကြပ် ဥပဒေမဲ့ ခေါ်ဆောင်သွားခံရပြီဆို နောက်ဆက်တွဲ ပြဿနာ အများကြီး ပေါ်နိုင်တယ်ဆိုတာ ကိုပါကြီး ပြဿနာက သက်သေပြပြီး ဖြစ်ပါတယ်။ ကိုစိုးနိုင်က ဝါးညှောင့်ထိရုံလောက်မို့ တော်ပါသေးတယ်။ ဒါကြောင့် ကိုပါကြီးလို နောက်ထပ် ဇာတ်လမ်းမျိုး တွေ မပေါ်ပေါက်ရလေအောင် တပ်မတော်အနေနဲ့ လက်အောက်ခံ တပ်ဖွဲ့တွေကို ဥပဒေ လိုက်နာ လာအောင်၊ လူ့အခွင့်အရေး ချိုးဖေါက်မှု မပြုလုပ်အောင်၊ ရွာသားတွေကို အတင်းအကြပ် ခေါ်ဆောင်ခိုင်းစေတာမျိုး မလုပ်ရလေအောင် တာဝန်ယူ ကြပ်မတ်သင့်ပါကြောင်း သုံးသပ် တင်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly